ကမ္ဘောဒီးယားရွေးကောက်ပွဲနဲ့ ကြောက်ရွံ့ရခြင်း ဒီမိုကရေစီ

ကမ္ဘောဒီးယား

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty

ဓာတ်ပုံ ပုံစာ, အာဏာရ ပါတီ CPP ရဲ့ မဲဆွယ်လူထု စုဝေးပွဲ

ကမ္ဘောဒီးယား မှာ လာမယ့် ၂၉ ရက် ဇူလိုင် မှာ ကျင်းပမယ့် ရွေးကောက်ပွဲ နီးလာတာနဲ့အတူ နိုင်ငံ တဝန်း က အိမ်တွေ၊ ဆိုင်တွေ၊ ကုမ္ပဏီတွေ ရဲ့ ရှေ့မှာ ၊ ဓာတ်တိုင်တွေမှာ ကမ္ဘောဒီးယား ပြည်သူ့ ပါတီ CPP ရဲ့ အမှတ်အသား အလံတွေ၊ ပိုစတာ တွေ တလူလူ လွင့်လို့နေပါတယ်။

အဲဒီ နိုင်ငံရေး ပါတီ က လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန် နဲ့ လက်ရှိ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဟန်ဆမ်ရင် တို့ ရဲ့ ပါတီ ဖြစ်ပြီးတော့ သူတို့ ၂ ယောက်ရဲ့ ပုံကြီးတွေ ကလည်း လမ်းဘေး က ဆိုင်းဘုတ် ကြီးတွေမှာ အပြည့်ပါ။

သူတို့ပါတီ အပြင် တခြား နိုင်ငံရေးပါတီ ၁၉ ပါတီ က ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ ဝင်ယှဉ်မယ် ဆိုပေမယ့်လည်း အဓိက နိုင်ငံရေး ပါတီ ဖြစ်တဲ့ ကမ္ဘာဒီးယားနိုင်ငံ ပြန်လည်ကယ်တင်ရေး ပါတီ CNRP က တော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်း က တရားရုံးချုပ် က အမိန့်ထုတ် ကာ ဖျက်သိမ်းခံထားရပါတယ်။

CNRP ပါတီ ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ရွေးကောက်ပွဲတုန်းက လွှတ်တော်မှာ အမတ် ၅၅ နေရာ အနိုင်ရခဲ့ပါတယ်၊ CPP ကတော့ အမတ် ၆၈ နေရာ အဲဒီတုန်းက ရခဲ့တာပါ။

ကမ္ဘောဒီးယား

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty

ဓာတ်ပုံ ပုံစာ, ၃၃ နှစ်ကြာအာဏာရ နေတဲ့ ဟွန်ဆန် ရဲ့ ပါတီ ပဲ အနိုင်ရမယ် လို့ သုံးသပ်ကြ

ဖနွမ်းပင်မှာ လုပ်တဲ့ မဲဆွယ်စည်းရုံးပွဲနေ့ နောက်ဆုံးနေ့ လူထုစုဝေးပွဲမှာ လက်ရှိ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင် က ဥပဒေရဲ့ သံလက်သီးနဲ့ သူတို့ ကို မဖယ်ရှားခဲ့ရင် ကမ္ဘာဒီးယား မှာ အခု စစ်ဖြစ်နေလောက်ပြီ၊ ရွေးကောက်ပွဲကို ဆန့်ကျင်သူတွေ ဟာ နိုင်ငံ နဲ့ ဒီမိုကရေစီ ကို ဖျက်ဆီး သူတွေ ဖြစ်တယ်၊ သူတို့ ကို ခွင့်လွှတ်စရာ အကြောင်းမရှိဘူးလို့ မိန့်ခွန်းခြွေပါတယ်။

လွန်ခဲ့တဲ့ ၂ လ လောက်က စပြီး မစ္စတာ ဆမ်ရင်ဆီ ဦးဆောင်တဲ့ CNRP ပါတီ က ခေါင်းဆောင်တွေ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ သူတို့ ကို ထောက်ခံတဲ့ ပြည်သူတွေ ကို လှုံ့ဆော်ခဲ့ကြပါတယ်။

သန့်ရှင်းတဲ့ လက်ချောင်း Clean-finger လို့ သူတို့ ရဲ့ လှုပ်ရှားမှု ကို အမည် ပေးပါတယ်။

CNRP ပါတီ ခေါင်းဆောင်အများစုဟာ နိုင်ငံအတွင်းမှာ မနေနိုင်ကြတော့ပဲ ဖိအားမျိုးစုံကြောင့် ပြည်ပကိုထွက်ပြီး နေနေကြရပါတယ်။

အတိုက်အခံ ကို ဖယ်ရှားပြီး လုပ်တဲ့ ရွေးကောက်ပွဲ က တရားမဝင်တဲ့အကြောင်း သူတို့ က ပြလို့တဲ့အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းကြတာပါ။

အစိုးရပြောခွင့်ရ ပုဂ္ဂိုလ် ဖေ ဆိုင်ဖန် ကတော့ ၂၀၁၃ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၈ ခုသာ ရွေးကောက်ပွဲဝင်ပြီး အခု ပါတီ ၂၀ ဝင်ပြိုင်တယ် လို့ ပြောပြီး ဒါဟာ ရွေးကောက်ပွဲ က လွတ်လပ်တယ် ဆိုတာ ပြဆိုတာပဲ လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးတဲ့သူတွေ မဲ ၂ ခါထပ်မပေးနိုင်အောင် တာဆီးတဲ့အနေနဲ့ လို့ ဆိုပြီး မဲပေးပြီးရင် ဖျက်ဖို့ ခက်ခဲတဲ့ မင် တွေ ကို မဲရုံ တာဝန်ရှိသူတွေ က မဲလာပေးသူတွေရဲ့ လက်ချောင်းမှာ မင်ဆိုး ပေးမှာပါ။

ဒီရွေးကောက်ပွဲအတွက် ဖျက်လို့ ခက်မယ့် မင်တွေ ကို ကမ္ဘောဒီးယား အစိုးရ က အိန္ဒိယ က နေ ဒေါ်လာ ၈ သိန်းဖိုး ဝယ်ထားပါတယ်။

အတိုက်အခံ ပါတီ ကြီး က ရွေးကောက်ပွဲ ကို သပိတ်မှောက်ဖို့ တိုက်တွန်းချိန်မှာ အာဏာရ ပါတီ က ရွေးကောက်ပွဲကို သပိတ်မှောက်သူတွေ ကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ကြေညာခဲ့ပါပြီ။

ကမ္ဘောဒီးယား

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty

ဓာတ်ပုံ ပုံစာ, နိုင်ငံရေး ပါတီ တခုဖြစ်တဲ့ LDP ပါတီ က မဲဆွယ်

နိုင်ငံတောင်ပိုင်း ကမ်ပွတ် ခရိုင်က အမျိုးသားတယောက်က မဲသွားပေးတာဟာ လက်ကို မင်စွန်းရုံ သွားတာပါပဲ၊ တကယ်လို့ မဲသွားမပေးလို့ သူတို့က ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ထင်ရင် ပြဿနာ အရှာခံရမှာစိုးတယ်၊ အဖမ်းခံရမှာ ကြောက်တယ်လို့ ပြောပါတယ်။

အတိုက်အခံ လုပ်ချင်တဲ့ ပြည်သူတွေအကြားတော့ ရွေးကောက်ပွဲနေ့ လက်မှာ မင်မစွန်းရင် ရွေးကောက်ပွဲကို သပိတ်မှောက်မှု နဲ့ ငြိစွန်းပြီး အရေးယူ ခံရတော့မယ် ဆိုတာ ကို စိုးရိမ်နေကြရပြီးတော့ ရွေးကောက်ပွဲ မှာ လက်ချောင်းမှာ မင်ဆိုးတာက မဲ ၂ ခါထပ်ပေးမှာစိုးလို့ လုပ်တာ မဟုတ်ဘဲ မဲလာမပေးတဲ့သူတွေ အပြစ်ပေးနိုင်အောင်လို့ ရည်ရွယ်လုပ်ထားတာလို့ ဝေဖန်နေကြပါတယ်။