ငလျင်လှုပ်ခဲ့တဲ့ အင်ဒိုမှာ တောင်တက်သမား ၂၀ဝ ကျော် ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, AFP
လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ငလျင် လှုပ်ခတ်မှုအပြီး အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ကျွန်းတကျွန်းဖြစ်တဲ့ လွမ်ဘတ်ကျွန်းမှာ အရေအတွက် ၂၀ဝ ကျော်လောက်ရှိတဲ့ တောင်တက်သမားတွေဟာ ပိတ်မိနေခဲ့ကြပါတယ်။ ငလျင်ကြောင့် မြေပြိုမှုတွေလည်း ဖြစ်ခဲ့တဲ့အတွက် လမ်းတွေလည်း ပြတ်တောက်မှု ဖြစ်ခဲ့တာပါ။
ရာနဲ့ ချီတဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ တောင်တက်သမားတွေ လာရောက်လေ့ရှိတဲ့ ရင်ဂျာနီတောင်ကို သွားရောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၆ ဒဿမ ၄ မဂ္ဂနီကျူ့ရှိ ငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ နေရာဟာ အဲဒီ တောင်နဲ့ သိပ်မဝေးပါဘူး။
ငလျင်ကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ပြီး ၁၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ဟယ်လီကော်ပတာတွေကတော့ တောင်နံဘေး နံရံတွေကနေ ပျံသန်းပြီး ရှာဖွေမှုတွေ လုပ်နေပါတယ်။
ငလျင်ကြောင့် လွမ်ဘတ်နဲ့ ဘာလီကျွန်းမှာ ထောင်နဲ့ ချီတဲ့ နေအိမ်တွေဟာ ပျက်စီးခဲ့ရပြီး ရာပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
အဲဒီ ရင်ဂျာနီတောင်ကို သွားတက်ခဲ့တဲ့ မလေးရှား နိုင်ငံသား ခရီးသည်ဟာလည်း သေဆုံးခဲ့ရပါတယ်။ အခြား အင်ဒိုနီးရှားလူငယ်တဦးကတော့ ကျောက်တုံးတွေ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြင်သစ် ၊ ထိုင်း ၊ နယ်သာလန် နဲ့ မလေးရှားနိုင်ငံသားတွေဟာ ငလျင်လှုပ်မဲ့နေ့မှာ အဲဒီတောင်ကို သွားတက်ခဲ့တာဖြစ်ပြီး သူတို့ကို လာကယ်ဆယ်မယ့်သူတွေကို စောင့်ဆိုင်းနေကြတာပါ။
အာဏာပိုင်တွေကတော့ နိုင်ငံခြားသား ခရီးသည်တွေ အများစုပါတဲ့ လူ ၅၀ဝ လောက်ဟာ အဲဒီတောင်ကနေ ဆင်းလာနိုင်ခဲ့ပြီး အခုထိ တောင်ပေါ်မှာ ပိတ်မိသောင်တင်နေသူ ၂၆၆ ဦးရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။








