ထိုင်းကယ်ဆယ်ရေး အဖွဲ့ဝင် ၁ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, O2MAX TRIATHLON TEAM
ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလူငယ်ဘောလုံး အသင်းဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ ပြန်လည်ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေသူ ထိုင်းရေတပ်သားဟောင်း ရေငုပ်သမားတယောက် သေဆုံးခဲ့ပါတယ်။
ဆမန်ခူနမ် (အသက် ၃၈ နှစ်) ဟာ ထမ်လွန်နမ့်နွန် ဂူထဲကို ထောက်ပံ့ရေး ပစ္စည်းတွေပို့အပြီး အပြန်လမ်းမှာ သတိမေ့မျောသွားခဲ့တယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သူ့ကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြန်သတိလည်လာအောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
သူဟာ ထိုင်းဘုရင့်ရေတပ်မတော်က ထွက်ခဲ့ပြီးဖြစ်ပေမယ့် အခု ကယ်ဆယ်ရေးမှာ ပြန်လည် လုပ်အားပေး ပါဝင်နေသူ ဖြစ်ပါတယ်။
ဇူလိုင်လ ၆ ရက် နံနက် ၂ နာရီလောက်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ရေတပ်အထူးတပ်ဖွဲ့ တပ်သားဟောင်း သေဆုံးခဲ့တယ်လို့ ချင်းရိုင်ဒေသ အုပ်ချုပ်ရေးမှူးက ဂူရှေ့က ကယ်ဆယ်ရေးစခန်းရောက် သတင်းထောက်တွေကို အတည်ပြု ပြောဆိုပါတယ်။
သူဟာ ဂူထဲကို အောက်ဆီဂျင်ဓာတ်ဘူး သွားရောက်ထောက်ပံ့ပေးပြီး အပြန်လမ်းမှာတော့ သူ့အတွက် လုံလောက်တဲ့ အောက်ဆီဂျင် မကျန်တော့ဘဲ သေဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။




