နျူစမ်းသပ်စခန်းဖျက်ပွဲ သတင်းယူဖို့ မြောက်ကိုရီးယားခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားနယ်မြေထဲက နျူကလီးယား စမ်းသပ်စခန်းပိတ်သိမ်းပွဲကို သတင်းယူဖို့ တောင်ကိုရီးယား သတင်းထောက်တွေကို မြောက်ကိုရီးယားက ခွင့်ပြုလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံအတွင်းမှာရှိတဲ့ နျူကလီးယား စမ်းသပ်ရေးစခန်းတွေ ဖျက်သိမ်းမှုကို တောင်ကိုရီးယားသတင်းထောက်တွေ လာရောက်သတင်းရယူခွင့်ကို နောက်ဆုံးမှာတော့ ခွင့်ပြု လိုက်ပြီ ဖြစ်တယ်လို့ ယွန်ဟက်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပန်မွန်ဂျွန် မှာရှိတဲ့ မြောက်ကိုရီးယားရဲ့ ဆက်သွယ်ရေးလိုင်းကတဆင့် တောင်ကိုရီးယားက သတင်းယူမယ့် သတင်းသမားတွေ့ရဲ့စာရင်းကို ပို့လိုက်ပြီး အဲဒီသတင်းထောက်တွေကို မြောက်ကိုရီးယားအာဏာပိုင်က လက်ခံလိုက်ပါတယ်။ အဲဒီထဲမှာ သတင်းစာတိုက်က သတင်းထောက်လေးဦးနဲ့ ရုပ်သံသတင်းထောက် ၄ ဦးစီ ပါတယ်လို့ တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနကို ကိုးကားပြီး ယွန်ဟက်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ မြောက်ကိုရီးယားဟာ အစောပိုင်းက တောင်ကိုရီးယား သတင်းထောက်တွေ သတင်းလာယူခွင့်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PLANET LABS INC
ဒီတိုးတက်ပြောင်းလဲမှုကို တောင်ကိုရီးယားက လက်ခံကြိုဆိုပြီး ဒါဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေး အစီအစဉ်ကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝဖော်ဆောင်နိုင်မယ့် လမ်းကြောင်း ဘက်ကို ဦးတည်နေတယ်လို့ မျှော်လင့်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ ပန်ညီရီ နျူကလီးယားစမ်းသပ်ရေးစခန်းကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယား ခေါင်းဆောင်တွေက မေလ ၂၃ ရက်နဲ့ ၂၅ ရက်ကြားမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။




