ဇာရာက ဒေါ်လာတရာတန် လုံချည်ကို အာရှမှာ လှောင်ပြောင်

ဓာတ်ပုံ ရင်းမြစ်, Zara/AFP
ဖက်ရှင်ဆိုတာ စက်ဝိုင်းလိုပဲ ပေါ်လိုက် ပျောက်လိုက်ပါ။
လုံချည်လည်း ဒီအတိုင်းပဲ၊ အရင်က ဗြိတိန်မှာ လုံချည်ဝတ်တဲ့ မြန်မာ အမျိုးသားတွေကို ကလေး လူကြီးတွေက ဝိုင်းလှောင်ခဲ့ကြ ဖူးပေမယ့် ခုတော့ ဖက်ရှင် ဖြစ်လာပြန်ပြီ။
ကိုယ့်မိဘ ဘိုးဘွားတွေ ဝတ်တဲ့ လုံချည်၊ ဘုရားသွားကျောင်းတက်ရင် တည်ငြိမ်စေတဲ့ လုံချည်ကို ဗြိတိန်က စျေးဝယ်တဲ့ လမ်းတွေမှာ ခု ရောင်းနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာရှ တောင်ပိုင်းနဲ့ အရှေ့တောင် အာရှ၊ အာဖရိက အရှေ့ပိုင်းနဲ့ အာရပ် ကမ္ဘာမှာ လုံချည်ကို မျိုးဆက်နဲ့ချီပြီး အမျိုးသားတွေ ဝတ်ခဲ့တာပါ။
ပူအိုက်တဲ့ ဒေသတွေမှာ လုံချည်ကို လူကို သက်သက်သာသာ ရှိစေပါတယ်။
ပုဆိုး ဆင် အကွက်ကြီးတွေနဲ့ လုံချည် တွေကို ချည်အမျိုးမျိုးနဲ့ ရက်လေ့ ရှိပါတယ်။
စျေးနှုန်းကတော့ ဒေါ်လာ နည်းနည်းလောက်ပဲ အများဆုံး ကျသင့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု ကမ္ဘာနဲ့ချီပြီး အဝတ်အထည်တွေ ရောင်းတဲ့ ဇာရာက ဗြိတိန်မှာ လုံချည်ကို တထည် ဒေါ်လာတရာလောက် စျေးနဲ့ ရောင်းနေပါပြီ။
အကွက်ဆင်နဲ့ မီနီစကတ်ကို ရှေ့မှာ ခါးပုံစချပြီး တီထွင် ထုတ်လုပ်ထားကြောင်း ဇာရာက ထုတ်ပြန်ပါတယ်။
ရှေ့မှာ ရှေ့ကွဲ၊ နောက်မှာတော့ ချုပ်ရိုးတလျောက် ဇစ်ကို မြှုပ်တပ် ထားပါတယ်။
ပိုလီယက်စတာနဲ့ ရက်လုပ်ထားပြီး အခြောက်လျှော်ပဲ လျှော်လို့ ရပါတယ်။
ဇစ်တပ်ထားတာက လွဲရင် ဒါဟာ လုံချည်နဲ့ အတူတူပါပဲ။
ယဉ်ကျေးမှု ပေါင်းကူးလား
အင်တာနက်မှာ ရေးကြတဲ့ မှတ်ချက်တွေကတော့ ဇာရာ ကတ်တလောက်မှာ လုံချည်ကို တွေ့ရလို့ အံ့သြကြတာ များပါတယ်။
အဘိုးတွေ အဖေတွေနဲ့ တွဲသိထားတဲ့ အဝတ်အားကို အမျိုးသမီး ဖက်ရှင်စျေးကွက်မှာ တွေ့ရလို့ သဘောကျကြတာရယ်၊ နောက်စျေးနှုန်းက တော်တော်လေး မြင့်နေတာရယ်ကိုလည်း ပြောကြပါတယ်။
တချို့ကတော့ လုံချည်ရဲ့ မူလဇာစ်မြစ်ကို မဖော်ပြတာကို စိတ်မကောင်းဖြစ်ကြပါတယ်။
ဆင်းရဲတဲ့ အာရှ နိုင်ငံတွေမှာ စျေးချိုချိုနဲ့ ရတဲ့ အဝတ်အစား တွေကို ကမ္ဘာ့စျေးကွက်မှာ ဒီဇိုင်းပါယူပြီး အမြတ်တင် ရောင်းတယ်လို့ စွပ်စွဲကြပါတယ်။
တခြားယဉ်ကျေးမှုက လာတဲ့ ပစ္စည်းတွေကို စျေးတင်ရောင်းတာ လုပ်သင့်သလား မလုပ်သင့်သလား လုံချည် လုံဂီ ကိစ္စက ပြောစရာ ဆွပေးလိုက်သလို ရှိပါတယ်။








