တိုင်းပြည် ရန်သူ က ဆူပူမှု လုပ်တာလို့ အီရန် ခေါင်းဆောင်ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
အီရန်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း နောက်ထပ် လူ ၉ဦး သေဆုံးခဲ့ရပါတယ်။
တိုင်းပြည်ရဲ့ ရန်သူတွေက အခုလို ဆူပူအုံကြွမှုတွေ ဖြစ်အောင် လှုံ့ဆော် နေတာလို့ အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီ က ပြောပါတယ်။
အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီဇင်ဘာ ၂၈ ရက်နေ့ ပြီးခဲ့တဲ့ ကြာသပတေး နေ့က စလို့ ဆက်တိုက် ဖြစ်ခဲ့အပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ပြောကြား ချက် ထဲမှာ မစ္စတာ ခါမေနီက ဆန္ဒပြသူတွေကို အီရန်နိုင်ငံရဲ့ ရန်သူတွေက ငွေတွေ၊ လက်နက်တွေ ၊ သူလျှိုတွေ ထောက်ပံ့ပေးနေတယ်လို့ ပြောပါ တယ်။
သူ့ရဲ့ တရားဝင် ၀က်ဘ်ဆိုက်တ်ထဲမှာလည်း မစ္စတာ ခါမေနီက အချိန်အခွင့်အခါ သင့်တဲ့အခါ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ တိုင်းပြည်ကို ရှင်းလင်းပြောပြမယ်လို့ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၆ရက်တာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေဟာ ၂၀၀၉ခုနှစ်ကတည်းက စလို့ အီရန် အစိုးရ ဘာသာရေး ခေါင်းဆောင်ပိုင်း အထူးသဖြင့် ဘာသာရေး ခေါင်းဆောင် မစ္စတာ ခါမေနီအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။




