ကိုရီးယားက အပြင်းထန်ဆုံး ကောလိပ်ဝင်ခွင့်စာမေးပွဲ

korea

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE

ဓာတ်ပုံ ပုံစာ, စာဖြေသူတွေကို အားပေးနေတဲ့ ကျောင်းသူအငယ်တွေ

နှစ်တိုင်း နှစ်တိုင်း တောင်ကိုရီးယားမှာ အသွားအလာတွေ ကျပ်ပြီး စတော့စျေးကွက် ဖွင့်ချိန်ပါ နောက်ကျတဲ့ နေ့ တနေ့ ရှိပါတယ်။ အဲဒီနေ့မှာ လေယာဉ်တောင် ဆင်းခွင့်တက်ခွင့် မပေးပါဘူး။ အဲဒီလို တတိုင်းပြည်လုံး ငြိမ်သွားတဲ့ နေ့ကတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲနေ့ပါပဲ။

နိုဝင်ဘာ ၁၆ မှာ ဒီနှစ် ကျင်းပဖို့ ရှိပေမယ့် နိုင်ငံ အရှေ့တောင် ကမ်းရိုးတန်းက ပိုဟန်မြို့မှာ ရစ်ချ်စတာ စကေး ၅.၄ ရှိတဲ့ ငလျင်လှုပ်လို့ တပတ် နောက်ဆုတ် လိုက်ပါတယ်။ ဒါဟာ စာမေးပွဲ သမိုင်းမှာ ပထမဆုံး အကြိမ် သဘာဝ ဘေးကြောင့် ရက်ပြောင်းရတာပါပဲ။

korea

ဓာတ်ပုံ ရင်းမြစ်, YONHAP

ဓာတ်ပုံ ပုံစာ, ငလျင် ကာကွယ်ရေးအတွက် ပြင်ဆင်ပေး

ဒါပေမဲ့လည်း ကိုရီးယား အစိုးရက စာမေးပွဲကို ချောချောမွေ့မွေ့ ကျင်းပနိုင်အောင် အမြဲ ပြင်ဆင်ပေးပါတယ်။

ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကနေ တရားရေး ဌာန၊ ပြည်ထဲရေးနဲ့ လုံခြုံရေး ဌာနတွေထိ ဝန်ကြီး ဌာနစုံ ပူးပေါင်း ပါဝင်တာပါ။ ဒီထဲမှာ ကိုရီးယား စတော့ အိပ်ချိန်းနဲ့ ကိုရီးယား ဘဏ်အဖွဲ့ချုပ်လို ပုဂ္ဂလိကပိုင်းကလည်း ပါပါတယ်။

ဘာကြောင့် ဒီစာမေးပွဲကို ဒီလောက် ဂရုစိုက်ကြတာလဲ။

ဒါဟာ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်မှု အကြီးဆုံး စာမေးပွဲ တခုဖြစ်ပြီး ကိုရီးယား ထိပ်တန်း တက္ကသိုလ်တွေမှာ စာသင်ပြီး အလုပ်ကောင်းကောင်းတွေ ရနိုင်ဖို့ အတွက် ကျောင်းသားတွေက ကြိုးစားကြတာ ဖြစ်ပါတယ်။ ဒါကို ဘဝ အဆုံးအဖြတ် ပေးတဲ့ စာမေးပွဲ အဖြစ် ယူဆကြပါတယ။

နိုဝင်ဘာ ၂၃ ရက် မှာ ကျောင်းသား ခြောက်သောင်းလောက် စာဖြေဌာန ၁၂ဝဝ လောက်မှာ ဝင်ဖြေကြမှာ ဖြစ်ပါတယ်။

korea

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE

ဓာတ်ပုံ ပုံစာ, ရဲကားနဲ့ စာဖြေဌာနလာသူ

လေယာဉ်တွေ အားလုံးရပ်

စာမေးပွဲ ဖြေချိန် အင်္ဂလိပ်စကား နားထောင်တာကို စစ်ဆေးချိန်မှာ ၃၅ မိနစ် လေယာဉ်တွေ အတက်အဆင်း ရပ်ရပါတယ်။ ကျောင်းသားတွေ အင်္ဂလိပ်စကား နားထောင်တာ မှားမှာ စိုးလို့ပါပဲ။

ကောင်းကင်မှာ ပျံနေတဲ့ လေယာဉ်တွေကိုတော့ နှစ်မိုင်အောက် နှိမ့်ပြီး ပျံခွင့်မပေးပါဘူး။

စာစစ်သူတွေကို တံခါးပိတ်

နှစ်တိုင်း နှစ်တိုင်း ရာနဲ့ချီတဲ့ မေးခွန်းထုတ်သူ၊ စာစစ်သူတွေနဲ့ စာစစ်အဖွဲ့ ဝန်ထမ်းတွေကို အမည်မသိ နေရာတခုမှာ ပို့ထားပါတယ်။

မေးခွန်းမပေါက်ကြားရအောင်ပါ။ အပြင်နဲ့ လုံးဝ ဆက်သွယ်ခွင့် မပေးသလို မိသားစုထဲက နာရေး ကိစ္စမျိုးမှ အပ အပြင်သွားခွင့်မရပါဘူး။ ထွက်ခွင့်ရရင်တောင်မှ အချိန်နဲ့ ကန့်သတ်ထားသလို လုံခြုံရေး အစောင့်တွေနဲ့ ထွက်ရတာပါ။

ဒီနှစ်မှာ ဝန်ထမ်း ၇ဝဝ လောက်ကို အောက်တိုဘာ ၁၃ ရက်ကတည်းက စပိတ်ထားပါတယ်။

သူတို့ကို နိုဝင်ဘာ ၁၆ ရက် စာမေးပွဲ စစ်ချိန်မှာ ပြန်ထွက်ခွင့် ပေးဖို့ လုပ်ထားပေမယ့် ရက်နောက်ဆုတ်လိုက်လို့ တပတ်ဆက်နေကြရပါတယ်။

korea

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE

ဓာတ်ပုံ ပုံစာ, စိတ်ပူပြီး ဆုတောင်းပေးနေတဲ့ မိဘတွေ

ကျောင်းသားတွေ ပို့ဆောင်ရေး၊ ရဲ၊ မီးသတ်နဲ့ တက္ကစီ

ကျောင်းသားတွေကို စာမေးပွဲ တနှစ်မှာ တခါပဲ ဖြေခွင့်ပြုတာမို့ အခန်းတံခါး မပိတ်ခင် အချိန်မီ ရောက်ဖို့ လိုပါတယ်။

ဒီလို အချိန်မမီတာတွေ မဖြစ်ရအောင် နှစ်တိုင်း သောင်းချီတဲ့ ရဲနဲ့ မီးသတ်သမားတွေ ချထားပါတယ်။

နောက်ကျတာ အပြင် စာမေးပွဲ ဖြေတဲ့ကတ် ပျောက်တာတွေက အစ သူတို့ ကူညီရပါတယ်။

စာဖြေမယ့် မနက်မှာ ယာဉ်ထိန်းတွေက လမ်းပျောက်တဲ့ ကျောင်းသားတွေ အချိန်မီ လာနိုင်အောင် ကူရပါတယ်။

kora

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE

ဓာတ်ပုံ ပုံစာ, ခုံနံပတ် ရှာတဲ့ ကျောင်းသူ

ဒီနှစ်မှာတော့ တောင်ကိုရီးယား တနိုင်ငံလုံး ရဲ တသောင်းရှစ်ထောင် ချထားပြီး စာဖြေဌာနတွေနဲ့ စာစစ်ဌာနတွေမှာ ချထားပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေရော အရေးပေါ် ဆက်သွယ်ရေး စနစ်တွေကိုပါ ရဲအဖွဲ့က တပ်လှန့်ထားတာပါ။

ငလျင် လှုပ်တဲ့ နေရာမှာတော့ နောက်ထပ်ရဲတွေ ပိုချပြီး ထပ်လှုပ်တာတွေ ဖြစ်အောင် ကူနိုင်အောင် ထားပေးပါတယ်။

မီးသတ်တွေကိုတော့ ရာနဲ့ချီတဲ့ မီးသတ်ကားတွေ၊ အရေးပေါ် ယာဉ်တွေနဲ့ ကျောင်းသားတွေ ပို့ဆောင်ရေးနဲ့ လုံခြုံရေးအတွက် ထားရှိပါတယ်။

korea

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE

ဓာတ်ပုံ ပုံစာ, အပင်ပန်းဆုံး စာမေးပွဲ ဖြေချိန်

အများပြည်သူ ပို့ဆောင်ရေးကိုလည်း ပိုတိုးချဲ့ စီစဉ်ထားသလို ဆိုးလ် မြို့တော် ခန်းမမှာလည်း စာဖြေဌာန အချိန်မီ ရောက်ဖို့ ဘတ်စ်ကားနဲ့ ရထားတွေ တိုးချဲ့ လွှတ်ပေးနေကြောင်း ကြေညာနေပါတယ်။

တက္ကစီ အငှားကားတွေကို ပိုပြေးဆွဲစေပြီး အရေးကြီးတဲ့ လမ်းဆုံ ဘူတာတွေ ကားဂိတ်တွေမှာ အစိုးရနဲ့ ပုဂ္ဂလိက ယာဉ်တွေ ရာနဲ့ချီ ချထားပါတယ်။

စတော့ စျေးကွက်၊ ဘဏ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ရပ်ဆိုင်း

တစက္ကန့်လောက် ကွာဟတာနဲ့ ဒေါ်လာ သန်းချီ ကွာသွားနိုင်တဲ့ စတော့စျေးကွက်မှာ တောင်မှ ကျောင်းသားတွေ အတွက် ရပ်ထားပေးပါတယ်။

ဒေါ်လာ တစ် ထရီလျံ ခွဲလောက် တန်တဲ့ ကိုရီးယား စတော့စျေးကွက်ကို တနာရီ နောက်ကျပြီး မနက် ၁ဝ နာရီမှ ဖွင့်ပေးပါတယ်။

ကျောင်းသားတွေ သွားလာရေးမှာ အနှောင့်အယှက် မဖြစ်အောင်ပါ။

ကိုရီးယား ဘဏ်တွေကိုလည်း အလားတူပဲ မနက် ၁ဝ နာရီမှ ဖွင့်ပေးပြီး ကျောင်းသားတွေ၊ စာစစ်သူနဲ့ မိဘတွေ သွားရေး လာရေး မခက်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေလည်း သူတို့ ရုံးတွေကို နောက်ကျ ဖွင့်ပါတယ်။

ဒီလို အချိန် လွှဲပေးဖို့ ကုန်သွယ်ရေး၊ စွမ်းအင် ဝန်ကြီးဌာနတွေနဲ့ တခြား ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကို ပညာရေး ဌာနက မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။