ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကနေဒီ လုပ်ကြံခံရမှု မှတ်တမ်းတချို့ ထုတ်ပြန်ဖို့ ထရမ့် သဘောတူ
သမ္မတ ဂျေအပ်ဖ် ကနေဒီ လုပ်ကြံခံရမှု ဆက်စပ် လျှို့ဝှက်မှတ်တမ်း ၂,၈၀၀ ကို ထုတ်ပြန်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူလိုက်ပါတယ်။
ဒါပေမယ့် ဖိုင်တချို့ကိုတော့ နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်နဲ့ ဆက်လက် သိမ်းဆည်းထားပါမယ်။ အမျိုးသားမော်ကွန်းတိုက်ကနေ ကြာသပတေးနေ့က ရရှိခဲ့တဲ့ အဲဒီမှတ်တမ်းတွေမှာ ဘာတွေ ပါဝင်သလဲ ဆိုတာတော့ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတွေက ထုတ်မပြောပါဘူး။
အမေရိကန် ပြည်ထောင်စုရဲ့ ၃၅ ယောက် မြောက် သမ္မတ ဖြစ်ခဲ့သူ ဂျွန်အက်ဖ် ကနေဒီကို လွန်ခဲ့တဲ့ ၅၄ နှစ်က တက္ကဆက် ပြည်နယ် ဒါးလတ်စ်မှာ အမေရိကန် ကမ်းတက် တပ်သားဟောင်း လီဟာဗေအော့စဝေါလ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ အဲဒီလုပ်ကြံမှုကို နောက်ပိုင်းမှာ လျှို့ဝှက်ပူးပေါင်းကြံစည်မှု အဖြစ် တွေးဆတာတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ် ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမှာ စာမျက်နှာ ၅ သန်း ဝန်းကျင် ရှိတဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ၂၅ နှစ် အတွင်း အပြည့်အဝ အများပြည်သူကို ချပြရမယ် ဆိုပြီး ပါရှိပါတယ်။ အဲဒီ ဥပဒေအရ နောက်ဆုံး ထုတ်ပြန်ရမယ့် ရက်စွဲက ကြာသပတေးနေ့ပါ။
အဲဒီ ဖိုင်တွဲတွေထဲက ၉၀% ကျော်ကတော့ အများပြည်သူ ကြည့်ရှုနိုင်ပြီး ဖြစ်ပါတယ်။
ကနေဒီ အမှုနဲ့ ပတ်သက်ပြီး ချန်လှပ်ထားသေးတဲ့ မှတ်တမ်းတချို့ကိုတော့ ရှေ့နှစ် ဧပြီလ ၂၆ ရက်နေ့ အထိ နောက်ထပ် ၆ လ ကြာ ပြန်လည် သုံးသပ်ဦးမှာပါ။ ဒါပေမယ့် အဲဒီရက် နောက်ပိုင်းမှာလည်း မထုတ်ပြန်ရသေးတဲ့ မှတ်တမ်းတွေဟာ လျှို့ဝှက်အနေအထား ဆက်လက်ရှိနေဖို့ များတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ထောက်လှမ်းရေး အေဂျင်စီက တောင်းဆိုလို့ ဖိုင်တချို့ကို လောလောဆယ် မထုတ်ပြန်သေးဖို့ နောက်ဆုံးမှာ သမ္မတ ထရမ့် အနေနဲ့ သဘောတူခဲ့ရတယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။
အခု သမ္မတထရမ့်ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပြန်လိုက်တဲ့ မှတ်တမ်းတွေကိုတော့ အမျိုးသားမော်ကွန်းတိုက်ရဲ့ အွန်လိုင်းကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သမ္မတ ကနေဒီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ တရားဝင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ မှာတော့ သေနတ်သမားရဲ့ နောက်ကွယ်မှာ ပြည်တွင်း၊ ပြည်ပ တခုခုက ပူးပေါင်း ကြံစည်တာမျိုး မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပေမယ့် ဒီအမှုနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောဆို သုံးသပ်တာတွေ လက်ရှိ အချိန်အထိ ရှိနေပါတယ်။