ကမ္ဘောဒီးယားကြောင့် နိုးကြားခဲ့တဲ့ အိန်ဂျလီနာ ဂျိုလီ

ကမ္ဘောဒီးယား နိုင်ငံမှာ ဖြစ်ပျက် ခဲ့တဲ့ ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု သမိုင်း က သူ့ကို နိုးကြား မှုတွေ ပေးခဲ့တယ်လို့ သူ ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့တဲ့ ရုပ်ရှင် အထူး ပွဲကို တက်ရောက် ခဲ့တဲ့ ဟောလီးဝုဒ် အကျော်အမော် အိန်ဂျလီနာ ဂျိုလီ က ပြောပါတယ်။

ဂျိုလီ ဒါရိုက်တာ လုပ် ရိုက်ကူး တဲ့ First They Killed My Father 'အဖေကို သူတို့ ပထမဆုံး သတ်လိုက်တယ်' ဆိုတဲ့ ရုပ်ရှင်ကား ကို ကမ္ဘောဒီးယား နိုင်ငံမှာ အထူးပွဲ ပြသဖို့ ရောက်နေစဉ်မှာ ဘီဘီစီ က တွေ့ဆုံ မေးမြန်းခဲ့ တာပါ။

အဲဒီ ရုပ်ရှင် ဇာတ်လမ်း က ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု အတွင်း က ကလေးငယ် အများ အပြား သေဆုံး ခဲ့ရမှု တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အခြေခံပြီး ရိုက်ကူး ထားတာပါ။

ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု ကြောင့် ဝေဒနာတွေ ခံစား ခဲ့ရတဲ့ သူတွေဟာ သူတို့ အကြောင်း ကို ပိုမို ဖွင့်ပြောလာကြဖို့ သူ ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့တဲ့ ရုပ်ရှင် က အကူအညီ ပေး နိုင်မှာ ဖြစ်တယ်လို့ ဂျိုလီ က ဆိုပါတယ်။

Angelina Jolie and her son, Maddox
ဓာတ်ပုံ ပုံစာ, အိန်ဂျလီနာ ဂျိုလီ နဲ့ သားအကြီး မက်ဒ်ဒေါ့စ်

၁၉၇၅ ခုနှစ် ကနေ ၁၉၇၉ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့တဲ့ ခမာနီ လူမျိုးတုန်း သတ်ဖြတ်မှု အတွင်းမှာ ကမ္ဘောဒီးယား ၂ သန်း သေဆုံး ခဲ့ရပါတယ်။

၂၀၁၁ မှာ Tomb Rider ရုပ်ရှင် ဇာတ်ကောင် Lara Croft (လာရာ ခရော့ဖ်) အဖြစ် သရုပ်ဆောင် ဖို့ အတွက် ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အထူး သံတမန် ဂျိုလီ ဟာ ကမ္ဘောဒီယား နိုင်ငံ ကို ရောက်ခဲ့တာပါ။

အဲဒီမှာ ရုပ်ရှင် ရိုက်ကူး ပြီးတော့ ကမ္ဘောဒီယား မှာ သား အကြီးဆုံး Maddox မက်ဒေါ့ ကို မွေးစား ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနိုင်ငံက လူတွေဟာ ဖော်ရွေပြီး ချစ်စရာ ကောင်းပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား ရဲ့ သမိုင်း ကိုလည်း လေ့လာမိတယ်။ အဲဒီတော့မှ ကမ္ဘောဒီယား နဲ့ ပတ်သက်လို့ ကျမ သိထားတာ နည်းနည်းလေးပဲ ရှိပါလား ဆိုတာ သိခဲ့ရ တယ်လို့ ဂျိုလီ က ဘီဘီစီ သတင်းထောက် ယယ်ဒါ ဟာကင် ကို ပြောပြ ပါတယ်။

ကမ္ဘောဒီးယား က ကျမကို နိုးကြား စေခဲ့ပါတယ်။ ဒီအတွက် ကမ္ဘောဒီးယား နိုင်ငံ ကို အမြဲပဲ ကျေးဇူး တင်မိပါတယ်။ ကျမကို ကမ္ဘောဒီးယား နိုင်ငံက ပေးဆပ် ခဲ့သလောက် ပြန်ပေးဆပ် နိုင်မယ်လို့ ကျမ မယူဆ မိပါဘူး။

'အဖေ့ကို သူတို့ ပထမဆုံး သတ်လိုက်တယ်' ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်း က ကမ္ဘောဒီးယား လူမျိုး စာရေးဆရာမ လောင်းအန်း ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အခြေခံပြီး ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

၁၉၇၅ ကနေ ၁၉၇၉ အထိ ကမ္ဘောဒီးယား ကို အုပ်ချုပ် ခဲ့တဲ့ ခမာနီ ခေါင်းဆောင် ပိုပေါ့ ရဲ့ လက်ထက်မှာ ငါးနှစ် သမီး အရွယ် စာရေးဆရာမ လောင်းအန်း ဟာ မိသားစုနဲ့ အတူ မြို့တော် ဖနွမ်းပင် နေ အိမ်ကနေ စွန့်ခွာ ထွက်ပြေး ခဲ့ရတာပါ။

ခမာနီ အုပ်ချုပ်မှု အောက်မှာ လူ နှစ်သန်း ခန့် သေဆုံး ခဲ့ရပြီး ဒါဟာ နိုင်ငံ လူဦးရေ ရဲ့ လေးပုံ တစ်ပုံ အရေအတွက် ဖြစ်ပါတယ်။ သေဆုံး ခဲ့ရသူတွေဟာ ခမာနီ တွေရဲ့ သတ်ဖြတ်မှု ခံရတာ ကြောင့် ဖြစ်သလို၊ မတရား ခိုင်းစေ ခံခဲ့ရလို့ ငတ်ပြတ် သေဆုံး ခဲ့ကြ သူတွေလည် အများအပြားပါ။

လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ဖြစ်ပွား ခဲ့တဲ့ စစ်ပွဲ တစ်ခုလို့ပဲ ထင်ထား ခဲ့တာပါ။ သူတို့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ တိတိကျကျ နားမလည် ခဲ့ဘူးလို့ ဂျိုလီ က ပြန်ပြောင်း ပြောပြပါတယ်။

ခမာ စကားပြော ရုပ်ရှင် ဇာတ်လမ်း ကြောင့် အဲဒီ အချိန်က အုပ်ချုပ် သူတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကို တစ်ကမ္ဘာလုံးက သိရှိ နားလည်လာ ပြီးတော့ ကမ္ဘောဒီးယား ပြည်တွင်းမှာပါ ရုပ်ရှင် ရဲ့ အကျိုးသက်ရောက်မှု ရှိဖို့ သူ့ အနေနဲ့ မျှော်လင့် ထားကြောင်း ဂျိုလီ က ပြောပါတယ်။

ခမာနီ အုပ်ချုပ်မှု ကာလ အတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစား ခဲ့ရသူ တွေဟာ ဒီအကြောင်းတွေ ကို သူတို့ ရဲ့ မျိုးဆက်သစ်တွေကို ပြန်ပြောင်း ပြောပြ တာမျိုး မလုပ်ကြပါဘူး။ ဒါတွေကို ပိုမို ထုတ်ဖော် ပြောဆို ဖို့ သူ က မျှော်လင့် နေတာပါ။

line

ဓာတ်ပုံ ရင်းမြစ်, Not Specified

Read more about Cambodia:

From BBC Travel:

(These articles are not accessible in the UK)

line

ဓာတ်ပုံ ရင်းမြစ်, Not Specified

အခု ရုပ်ရှင် ကို အွန်လိုင်း ရုပ်ရှင် ပြသတဲ့ Netflix က စီစဉ်တာပါ။ ပထမဆုံး ရုပ်ရှင် ပြသမှု ကို Tomb Raider ရုပ်ရှင် ရိုက်ကူး ခဲ့တဲ့ စီယမ် ရိဗ် က အန်ကောဝတ် ဘုရား ကျောင်းမှာ ပြသ ခဲ့ပါတယ်။

ရုပ်ရှင် အထူး ပြသ ပွဲ ကို ဂျိုလီ နဲ့ သူ့ရဲ့ ကလေး ၆ ယောက် အပြင် ကမ္ဘောဒီယား ဘုရင် နိုရိုဒွန် စိုင်ဟာမိုနီလည်း တက်ရောက် ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတုန်း က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖောင်ဒေးရှင်း ကို စတင် လုပ်ဆောင် ခဲ့တဲ့ ဂျိုလီ ကို ကမ္ဘောဒီးယား နိုင်ငံသား အဖြစ် ဘုရင် နိုရိုဒွန် က ချီးမြှင့် ခဲ့တာ ပါ။

9 US director-actress Angelina Jolie (C) and her adopted children stand as they visit Cambodian King Norodon Sihamoni at the Royal Palace in Siem Reap province, Cambodia, 18 February 2017

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရုပ်ရှင် အထူးပွဲကို ဂျိုလီ နဲ့ အတူ ကလေး ခြောက်ယောက်လည်း တက်ရောက်ခဲ့

အခု ရုပ်ရှင် ပြပွဲ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ က ညှိနှိုင်း လို့ မရတဲ့ ကိစ္စ တွေ ကြောင့် ဘရတ်ပစ် နဲ့ လမ်းခွဲ ခဲ့ပြီးနောက်မှာ ပရိသတ် တွေရဲ့ ရှေ့မှောက် ကို ဂျိုလီ ပထမဦး ဆုံး ပြန်လည် ရောက်ရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျိုလီ နဲ့ ဘရတ်ပစ် တို့ ဟာ ၂၀၀၄ ခုနှစ်မှာကတည်း က စတင် လက်တွဲ ခဲ့တာ ဖြစ်ပေမယ့် ၂၀၁၄ ဩဂုတ် လ ကျမှ တရားဝင် လက်ထပ် ခဲ့ကြတာ ဖြစ်ပါတယ်။

လမ်းခွဲ ခဲ့ရတာ က အင်မတန်မှ ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်တယ်လို့ ဂျိုလီက ပြောပါတယ်။ ဒီလို အိမ်ထောင်ရေး အခက်အခဲ တွေ လူ အတော်များများ ကြုံတွေ့ ခဲ့ဖူး တယ်လို့လည်း သူက ဆိုပါတယ်။ သူ့ နဲ့ ကလေးတွေ ဒီ အခြေအနေ တွေကို အတူ ဖြတ်ကျော် ခဲ့ကြပြီး အခုတော့ ကလေးတွေ ရဲ့ ရှေ့ရေး ကိုပဲ အာရုံစိုက် ထား တယ်လို့ သူက ပြောပါတယ်။

သူတို့က မိသားစု အနေနဲ့ အမြဲရှိနေမှာပါ ပြီးတော့ ဒါကိုပဲ သူ့ အနေနဲ့ နိုင်နိုင်နင်းနင်း ထိန်းသိမ်း နေပြီး မိသားစု ဝင်တွေ နွေးနွေးထွေးထွေး ရှိဖို့ အဓိက အရေးကြီး တယ်လို့လည်း သူက ပြောကြား ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ လူဝင်မှု ကြီးကြပ်ရေး အမိန့် နဲ့ ပတ်သက်ပြီး အကြောက်တရား ကို အခြေခံပြီး မဆုံးဖြတ်ကြဘဲ အဖြစ်မှန် အပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ဖို့ ကို နယူးယောက်ခ်တိုင်မ်း သတင်းစာမှာ ဂျိုလီ က တိုက်တွန်း ရေးသား ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် နဲ့ ပတ်သက်လို့ အသေးစိတ် မပြောကြား ခဲ့ပေမယ့် သမ္မတ တစ်ဦးထက် အမေရိကန် ပြည်သူ တွေ က ပိုအရေးကြီး ကြောင်း သူက ပြောပါတယ်။ ဒါ့ အပြင် အမေရိကန် တွေ ရဲ့ စံတန်ဖိုး တွေကို ပြည်သူတွေ လေးစား လိုက်နာ မယ်လို့ သူ့ အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည် ထားတယ်လို့ ဂျိုလီ က ဆိုပါတယ်။

Hollywood star Angelina Jolie pays respect to Cambodian former queen Monique as Cambodian King Norodom Sihamoni looks on during the premiere of Jolie"s new film First They Killed My Father

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယား ဘုရင် မယ်တော် နဲ့ အိန်ဂျလီနာ ဂျိုလီ တို့ တွေ့ဆုံစဉ်

ကျမတို့ နေ့စဉ် ကြားနေရတဲ့ ကိစ္စတွေ ဖြစ်တဲ့ အမုန်းတရားတွေ၊ ကြောက်လန့် မှုတွေ၊ ခွဲခြားမှုတွေ၊ လူမျိုးအပေါ် အခြေခံပြီး ဆုံးဖြတ် တာတွေ က အမေရိကန် မဆန် ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီအချိန်မှာ တစ်ကမ္ဘာလုံးက လူတွေဟာ သူတို့ရဲ့ ယုံကြည်မှု တွေကို ထုတ်ဖော် ပြောဆို တာတွေ၊ သူတို့ အခွင့်အရေး ကို တောင်းဆို တာတွေ နဲ့ သူတို့ ခံစား နေရတာ ကို ထုတ်ဖော် ပြောကြား နေတာကို တွေ့ရတာ အင်မတန်မှ ဝမ်းသာမိတယ်လို့ သူက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာလည်း သမ္မတ နဲ့ ပတ်သက်လို့ ဒါဟာ အမေရိကန် စံတန်ဖိုး တွေ မဟုတ်ဘူးလို့ ပြောနေတာတွေ၊ အခြေခံ ဥပဒေ နဲ့ မကိုက်ညီဘူးလို့ ပြောနေတာတွေကို ကြားရပါတယ်။ သူ့ အနေနဲ့ အမေရိကန် ရဲ့ စံတန်ဖိုးတွေကို ကျင့်သုံးတဲ့ လူတစ်ယောက်ပဲ ဖြစ်နေဦးမယ်လို့ ဂျိုလီ က ပြောကြား ခဲ့ပါတယ်။

  • First They Killed My Father ရုပ်ရှင်ကို ဒီနှစ်ကုန်ပိုင်းမှာ Netflix မှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။