သမ္မတ ထရမ့် အဆိုပြုသူကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆီးနိတ် အတည်ပြု

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတ ထရမ့် အမည်တင်သွင်းခဲ့သူ Exxon Mobil ရေနံကုမ္ပဏီကြီးရဲ့ အမှုဆောင်ချုပ်ဟောင်း Rex Tillerson ကို ဆီးနိတ်လွှတ်တော်က မဲခွဲ အတည်ပြုလိုက်ကြပါတယ်။
သူနဲ့ ရုရှား သမ္မတ ပူတင်တို့ ရင်းနှီးမှု ရှိတာအပေါ် စိုးရိမ်မကင်း ဖြစ်မှုတွေ ပေါ်ထွက်နေခဲ့ပြီး သူ့ကို ကန့်ကွက်မဲပေးဖို့ စဉ်းစားနေတယ်လို့ ရီပတ်ဘလီကန် အမတ်တချို့က ပြောခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာ ရီပတ်ဘလီကန် အမတ်အားလုံးနဲ့အတူ ဒီမိုကရက်အမတ် သုံးဦးနဲ့ သီးခြားလွတ်လပ်တဲ့ အမတ်တဦးတို့က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
သမ္မတထရမ့်ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့ ကန့်သတ်မိန့်တွေကြောင့် နိုင်ငံအတော်များများနဲ့ အမေရိကန် ဆက်ဆံရေး ဗရုတ်သုက္ခ ဖြစ်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို မစ္စတာ Tillerson လွှဲပြောင်း ယူရမှာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ကန့်သတ်မိန့်တွေဟာ ကိုယ့်ဂိုး ကိုယ်ပြန်သွင်းနေတာ ဖြစ်တယ်လို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ် တဦးက ပြောခဲ့သလို နိုင်ငံခြားရေး ဌာနတွင်းမှာလည်း လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီ သစ်ကို မကြေနပ် ကန့်ကွက်တဲ့ စာတစောင်ကို အရာရှိ ၉၀၀ လောက်က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။





