ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလက်ပို အရှေ့ပိုင်း တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံး
ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်တဲ့ နယ်မြေတွေကို အစိုးရ တပ်တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ အရပ်သားတွေ အများအပြား သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
Jubb al-Qubbeh အရပ်မှာ အစိုးရ တပ်တွေရဲ့ အမြောက်ဆန် ထိမှန်လို့ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။
အစိုးရ တပ်တွေ ထိန်းချုပ်တဲ့ ဧရိယာဘက်မှာလည်း ရော့ကတ် ဒုံးကျည်တွေ ထိမှန်လို့ နောက် ၈ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က စပြီး အလက်ပို အရှေ့ပိုင်းက သူပုန် နယ်မြေတွေရဲ့ သုံးပုံတစ်ပုံ ကျော်ကို ဆီးရီးယား အစိုးရ တပ်တွေနဲ့ ပြည်သူ့စစ်တွေက ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ အရပ်သား အရေအတွက်ဟာ ခုချိန်အထိ နှစ်သောင်းနီးပါး ရှိလာပြီး ပိတ်မိနေသေးတဲ့ အရပ်သားတွေအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ကုလ သမဂ္ဂက ပြောပါတယ်။