ရိုဟင်ဂျာ လှေအစီး ၂၀ ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက် ပြန်ပို့

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တစ်ရာ့ငါးဆယ်လောက်ကို လှေအစီး ၂၀ နဲ့ တင်ပြီး မြန်မာဘက်ကို ပြန်ပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးဝင်လာတဲ့ ရိုဟင်ဂျာ အရေအတွက်က အခု ပြန်ပို့တဲ့ အရေအတွက်ထက် ရာနဲ့ချီ ပိုများတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် အခုလို ထွက်ပြေးကြတာလို့ သတင်းတွေက ဆိုပါတယ်။
မောင်တော မြို့နယ်ထဲမှာ နယ်ခြားစောင့် စခန်းတွေ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရပြီးနောက် အစိုးရ စစ်တပ်က နယ်မြေ လုံခြုံရေးအတွက် ရှင်းလင်း ဆောင်ရွက်နေရာမှာ ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ် စွန့်ခွာနေကြရတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတာပါ။
ကုလ သမဂ္ဂ ကတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို ထားပါတယ်။




