အိုလေးဂန်နာ ဆိုးလ်ရှား - မန်ယူမှာ သူချန်ခဲ့မယ့်သမိုင်း

    • ရေးသားသူ, ဆိုင်မွန်စတုန်း
    • ရာထူးတာဝန်, BBC ဘောလုံးသတင်းထောက်

မန်ချက်စတာယူနိုက်တက်က မန်နေဂျာဆိုးလ်ရှားကို ထုတ်လိုက်ကြောင်း နိုဝင်ဘာ ၂၁ တနင်္ဂနွေနေ့ မနက်မှာပဲ ကြေညာလိုက်ပါတယ်။ ရလဒ်ဆိုးတွေ ဆက်တိုက်ဖြစ်နေခဲ့လို့ ဆိုးလ်ရှားထွက်ရတာ အံ့အားတသင့် ဘယ်သူမှ မဖြစ်ခဲ့ပါဘူး။ မန်ယူအုပ်ချုပ်ရေးဘုတ်အဖွဲ့က တော့ ကလပ်ရဲ့ ဂန္တဝင်ကစားသမားဟောင်း ဆိုးလ်ရှားအပေါ် စာနာဂရုဏာသက်စွာ စဉ်းစားပေးနေခဲ့ပုံရပါတယ်။ ဒါပေမဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝပ်ဖို့ဒ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးလိုက်ရတာဟာ ဆိုးလ်ရှားနဲ့ မန်ယူတို့ မဖြစ်မနေလမ်းခွဲဖို့အထိ ဖြစ်သွားစေခဲ့ပါတယ်။

ပြန်ကြည့်ရင်တော့ သိပ်မကြာခင်ကာလကအထိ အားလုံးဟာ ဝမ်းသာစရာ၊ ပျော်ရွှင်စရာ၊ မျှော်လင့်စရာတွေနဲ့ပါ။ သြဂုတ်လ ၂၇ ရက်နေ့မှာ မန်ယူရဲ့ ကစားသမားဟောင်းလည်းဖြစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်လည်း ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုက မန်ယူရဲ့ ပြိုင်ဘက် မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပြီး မန်ယူကို ရောက်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့အဖွင့်ကစားပွဲမှာပဲ ၂ ဂိုးသွင်းခဲ့ပါတယ်။ နယူးကတ်ဆယ်ကို ၄-၁ နဲ့ နိုင်တဲ့ပွဲပါ။ ရော်နယ်ဒိုရောက်လာတာရယ်၊ သူ့ ခြေစွမ်းတွေက ထက်ဆဲ ဆိုတာရယ်ကို တွေ့ခဲ့ကြတဲ့ ပရိသတ်တွေက အဲဒီနေ့က ပွဲအပြီးမှာ ကွင်းထဲမှာ ဆက်နေနေကြပြီး ရော်နယ်ဒိုကို အားပေးကြောင်း ဟစ်ကြွေးနေခဲ့ကြပါတယ်။ ရော်နယ်ဒိုကို ပြန်ခေါ်နိုင်ခဲ့တဲ့ ဆိုးလ်ရှားအတွက်လည်း ပျော်တပြုံးပြုံးအချိန်ပါ။ အဲဒီနေ့ကနေ ၁၀ ပတ်အကြာ အခုအချိန်မှာ ဆိုးလ်ရှားတစ်ယောက် ကလပ်က ခွာရတော့မယ်ဆိုတာ အဲဒီအချိန်မှာ ဘယ်သူကမှ တွေးမိထား ယုံကြည်ထားကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ရလဒ်တွေက အဲဒီနောက်ပိုင်း အတော်ကြီးဆိုးခဲ့ပါတယ်။ အိမ်ကွင်းမှာပဲ ထာဝရပြိုင်ဘက် လစ်ဗာပူးလ်ကို ၅-၀ နဲ့ အောက်တိုဘာ ၂၄ က မရှုမလှရှုံးခဲ့ရသလို တစ်မြို့ထဲသားပြိုင်ဘက် မန်စီးတီးကိုလည်း နိုဝင်ဘာ ၆ ရက်နေ့မှာ ၂-၀ နဲ့ ရှုံးခဲ့ရပြန်ပါတယ်။

ကိန်းဂဏန်းတွေကို ကြည့်ရင် မန်ယူအခြေအနေဆိုးနေတာ မြင်သာလှပါတယ်။ နယူးကတ်ဆယ်ကိုနိုင်ပြီးတဲ့နောက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၃ ပွဲကစားတာ ၄ ပွဲပဲ အနိုင်ရှိပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲကနေ ၇ မှတ်ပဲ ရပြီး တစ်ပွဲမှာပဲ ပေးဂိုးမရှိခဲ့ပါဘူး။ ၇ ပွဲမှာ ၁၉ ဂိုး အသွင်းခံခဲ့ရပါတယ်။ ကာရာဘောင်းဖလားပြိုင်ပွဲကလည်း ထွက်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်မှာ ရှိနေတုန်းဆိုပေမဲ့လည်း အလူးလူးအလိမ့်လိမ့်လို့တောင်ဆိုရမလိုပါပဲ။ ရော်နယ်ဒိုရဲ့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းလေးတွေမှာ သွင်းပေးခဲ့တဲ့ ဂိုးတွေကြောင့်သာ ဗယ်လာရီးယယ်နဲ့ အတ်တာလန်တာတို့ကို ကပ်နိုင်ခဲ့ပြီး အီတလီမှာ သွားကစားရတဲ့ နောက်ဆုံးပွဲမှာ အတ်တာလန်တာနဲ့ သရေကျ တစ်မှတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား - ကောင်းကွက်များ

တချို့အတွက်တော့ ဆိုးလ်ရှားကို ထုတ်သင့်တာကြာနေပြီလို့ ယူဆကြပါတယ်။ သူတို့ကတော့ ဆိုးလ်ရှားဟာ မူလကတည်းက မန်ယူရဲ့ မန်နေဂျာဖြစ်သင့်သူမဟုတ်လို့ သတ်မှတ်ထားကြပြီး သူ့ကို ၂၀၁၉ မတ်လမှာ အတည်ပြုခန့်လိုက်ချိန်ကတည်းက သူ့ကြောင့် အသင်းအောင်မြင်မှုနဲ့ ဝေးပါပြီလို့ ဆုံးဖြတ်ထားကြသူတွေဖြစ်ပါတယ်။

အဲဒီလို သတ်မှတ်ထားတာကတော့ ပြင်းထန်လွန်းတယ် ဆိုရပါမယ်။

သူ့အရင် ဂျိုဆေးမော်ရင်ညို ကိုင်ခဲ့တုန်းက ဖရိုဖရဲဖြစ်သွားတဲ့ မန်ယူရဲ့ ဂုဏ်နဲ့မာနကို ဆိုးလ်ရှားရောက်လာပြီး ပြန် အဖတ်ဆည်အသက်သွင်းခဲ့နိုင်တယ်လို့ ပြောရပါမယ်။ မန်ယူဟာ သူကိုယ်တိုင် ကစားသမားအဖြစ်နဲ့ အောင်မြင်မှုတွေရခဲ့တဲ့နေရာ ဖြစ်လို့ ဆိုးလ်ရှားဟာ မန်ယူအတွက်ကြည့်ပြီး မန်ယူအကျိုးအတွက်ပဲ လုပ်ဆောင်ခဲ့ ဆုံးဖြတ်ချက်တွေချခဲ့ပါတယ်။

သူ ကိုင်ခဲ့တဲ့ မန်ယူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာရခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ မှာ ဆာအဲလက်စ် ဖာဂူဆန်အနားယူသွားခဲ့ပြီးတဲ့နောက်မှာ မန်ယူ အမြင့်ဆုံးရောက်ခဲ့တာပါ။ ၁၉ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်မှာ နေရာယူထားနိုငခဲ့တာဟာ ဆာအဲလက်စ် ထွက်ခွာခဲ့ချိန်ကစလို့ မရခဲ့ဖူးတဲ့ နေရာပါ၊ အောင်မြင်မှုပါ။

ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မှန်းထားသလို ဗယ်လာရီယယ်ကို နိုင်ပြီး ဗိုလ်စွဲခဲ့ရင်တော့ ဆိုးလ်ရှားဟာ သူ့မှာရင်ဆိုင်နေရတဲ အခက်အခဲတွေ ပြဿနာတွေကနေ အခုထက်ပိုပြီး အကာအကွယ်ရခဲ့၊ အပြောခံရ မေးခွန်းအထုတ်ခံရတာတွေ ခုထက် နည်းသွားခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ဂိုးသမား ဒဟဲယား အဲဒီဖိုင်နယ်မှာ ပင်နယ်တီ လွဲချော်ခဲ့တာက အဖြေကိုပြောင်းသွားစေခဲ့ပြီး နော်ဝေနိုင်ငံသား ဆိုးလ်ရှားရဲ့ မန်နေဂျာအရည်အချင်းတွေကိုလည်း မေးခွန်းထုတ်တာတွေ ပိုကျယ်လောင်လာစေ ခဲ့ပါတယ်။

ဆိုးလ်ရှား - ဆိုးကွက်များ

အပေါ်မှာပြောခဲ့တဲ့ သူ့ကောင်းကွက်တွေက အခု မန်ယူရောက်နေတဲ့ နေရာ၊ မန်ယူရဲ့ ဖရိုဖရဲဖြစ်နေမှုတွေမှာ သူ တာဝန်လုံးဝမရှိဘူးလို့ ဆိုလိုရာတော့ မရောက်ပါဘူး။

ကစားသမားတွေထဲမှာ ဘယ်သူ့ကို သူယုံကြည်အားကိုးလဲ၊ ဘယ်သူ့ကိုတော့ မယုံဘူးလဲဆိုတာကလည်း သိသာထင်ရှားတာကြာပါပြီ။ ဥပမာ Donny van de Beek ဆိုရင် သူ အားမကိုးတဲ့ ကစားသမားဆိုတာ သိသာပါတယ်။

Donny van de Beek ကို Ajax ကနေ ပေါင် ၃၅သန်းနဲ့ ၂၀၂၀ စက်တင်ဘာမှာ ခေါ်လိုက်တုန်းက ဆိုးလ်ရှားရဲ့ ဆန္ဒနဲ့ သဘောထား ဘယ်လောက်ပါခဲ့သလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီ နယ်သာလန် အလယ်တန်းလူဟာ မန်ယူအသင်းမှာ အဓိက ကစားသမားအဖြစ်ပါလာမယ်ဆိုတဲ့ သဘောမျိုးပြောတာ ဆိုးလ်ရှားဆီက တစ်ခါမှ မကြားခဲ့ရဖူးပါဘူး။

ဘီဘီစီအနေနဲ့လည်း သတင်းရင်းမြစ်တစ်ခုမကဆီက ကြားထားရတာကတော့ Donny van de Beek နဲ့ ပတ်သက်လို့ ဆိုးလ်ရှားက အများကြီးထင်မထားခဲ့ဘူး၊ မန်ယူလိုချင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါ့မလားလို့ သံသယတွေ ရှိနေခဲ့တယ်ဆိုတာမျိုးပါ။

အခုဘောလုံးရာသီမှာ Donny van de Beek ဟာ မန်ယူမှာ ရှိနေတဲ့ တခြား ဘောလုံးသမား တချို့လိုပဲ အတွင်းစည်းထဲမဝင်နိုင်ပဲ အစွန်အဖျားမှာ ရှိနေခဲ့ရသူပါ။

ဂိုးသမားနေရာဆိုရင်လည်း လက်ရှိ ပထမဂိုးသမား ဒါဗစ် ဒဟဲယားရဲ့ နေရာကိုရဖို့ ကြိုးစားနေတဲ့ ဒင်း ဟန်ဒါဆင်ရဲ့ မျှော်လင့်ချက်တွေကလည်း မနီးစပ်နိုင်သေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် ဒဟဲယားဟာ မန်ယူကစားသမားတွေထဲမှာ လောလောဆယ် အကောင်းဆုံးအစွမ်းပြနေသူ တစ်ယောက်တော့ ဖြစ်နေပါသေးတယ်။

ဆိုတော့ ဂိုးသမားနေရာမှာ ဒဟဲယားနဲ့ ဟန်ဒါဆင်တို့က ပထမအသင်းသားတွေ ဖြစ်နေတော့ တွမ်ဟိတန်က တတိယနေရာကို ရောက်သွားပါတယ်။ ဟိတန်ဟာ အသက် ၃၅ နှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့နှစ်နှစ်က ဒဏ်ရာရမသွားခင်အထိ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါနေခဲ့သူပါ။ ဒီတော့ သူ့အတွက်လည်း ဝင်ကစားခွင့်မရတဲ့ နေရာမှာ နေရတာ အဆင်ပြေမယ့်ပုံမရှိပါဘူး။

ဂျက်ဆီလင်းဂတ်ဆိုလည်း သောကြာနေ့က ဝက်စဟမ်းဝတ်စုံဝတ်ပြီး ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံတင်ခဲ့ပါတယ်။ သူနဲ့ မန်ယူစာချုပ်ကိစ္စတွေ ဆွေးနွေးတာ အဆင်မပြေဘူးလို့လည်း ဘီဘီစီနဲ့ တခြား အားကစားသတင်းဌာနတွေက သိထားပါတယ်။

လင်းဂတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ဒုတိယပိုင်းမှာ ဝက်စဟမ်းမှာ အငှားစာချူပ်နဲ့ သွားကစားခဲ့ပြီး အဲဒီမှာ ခြေစွမ်းပြခဲ့လို့ အင်္ဂလန်လက်ရွေးစင်အဖြစ်တောင် ပြန်ခေါ်ခံခဲ့ရပါတယ်။ သူ ဝက်စဟမ်းကို အပြီးပြောင်းရွှေ့လို့ရပေမဲ့ လန်ဒန်မှာ မနေဘဲ မန်ယူဆီပြန်လာခဲ့ပါတယ်။ ဆိုးလ်ရှားက သူ့ကို ပုံမှန်ထည့်ကစားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ၊ ဒါလည်း ဖြစ်မလာခဲ့ပါဘူး။

ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ ကစားသမားတွေ

နိုဝင်ဘာ ၁၂ ရက်နေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် အင်္ဂလန်နဲ့ အယ်လဘေးနီးယားကစားတဲ့ပွဲမှာ ဂိုးသွင်းပြီးချိန် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက သူ့နားနောက်မှာ လက်ကိုကပ်ပြပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါကလည်း မန်ယူမှာ ကစားနေတုန်း သူ့ခြေစွမ်းကို ဝေဖန်နေကြသူတွေကို ပြန်တုံ့ပြန်လိုက်တဲ့ သဘောလို့ ယူဆကြပါတယ်။ အဲဒီကနေ ရှစ်ရက်ပဲအကြာ ဝပ်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ မန်ယူ ကပ္ပတိန် မက်ဂွိုင်းယားဟာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

ဒီပွဲနှစ်ပွဲကို နှိုင်းယဉ်ကြည့်ရင် မက်ဂွိုင်းယားရဲ့ လက်ရှိဖြစ်နေတဲ့ ခြေစွမ်းကို ဖော်ပြနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အင်္ဂလန်အသင်းအတွက်တော့ အစွမ်းပြပြီး မန်ယူအတွက်ကတော့ ခြေပျက်နေတယ်လို့ တွေ့ရပါတယ်။

အဲဒါကိုလည်း သူ့ ကလပ်ဟောင်း လက်စတာကို အောက်တိုဘာမှာ ၄-၂ နဲ့ ရှုံးတဲ့ပွဲမှာ တွေ့ရပြန်ပါတယ်။ မန်ယူ ၂ ဂိုးပြတ်နဲ့နိုင်နေချိန်မှာ မက်ဂွိုင်းယားရဲ့ အမှားကနေ လက်စတာက ဂိုးရသွားပြီး ဆက်လို့ နိုင်ပွဲဆင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ နိုဝင်ဘာလဆန်းက မန်စီးတီးနဲ့ ကစားတဲ့ပွဲမှာလည်း သူနဲ့ လုခ်ရှောတို့က မြန်မြန်ဆန်ဆန် မပိတ်ဆို့နိုင်ပဲ တုံ့ဆိုင်းနေလိုက်လို့ စီးတီးဘက်က ဘာနာဒို ဆင်လ်ဗာက ဂိုးသွင်းယူသွားနိုင်တာပါ။

မက်ဂွိုင်းယားရော ရှောပါ ဘောလုံးကို မလိုက်ကြပဲ ဂိုးစည်းကျော်သွားမှာကို စောင့်ပြီးနေခဲ့ကြပါတယ်။ သူတို့နဲ ကွာတာကတော့ ဘာနာဒိုပါ၊ သူက အဲဒီဘောလုံးကို အဆုံးမခံဘဲ လိုက်ဆယ်ပြီး ဂိုးရအောင်ဖန်တီးယူသွားခဲ့ပါတယ်။ မန်ယူ စိတ်ဓာတ်ဘယ်မှာလဲလို့ မေးခွန်းထုတ်ခံခဲ့ကြရတဲ့အချိန်ပါ။ မှားမှာ ကြောက်နေ တွန့်ဆုတ်နေတာတွေဟာ မန်ယူအသင်းသားတွေအထဲ ပျံ့နေပြီလားလို့ ယူဆစရာတွေ ဖြစ်လာပါတယ်။

ညာ နောက်ခံလူ နေရာမှာ ကစားတဲ့ အာရွန် ဝမ်ဘီဆာကာဆိုလည်း အာရုံစူးစိုက်မှု အားသိပ်ကောင်းလှသူ တစ်ယောက်မဟုတ်တာ အများသိပါတယ်။ ဒါပေမဲ့ အောက်တိုဘာမှာ လစ်ဗာပူးလ်နဲ့ကစားခဲ့တဲ့ ပွဲတုန်းက သူ နေရာယူ အမှားမှားအယွင်းယွင်းဖြစ်နေတာကို တီဗီက အားကစားသုံးသပ်သူတွေက အတော်ကြီး ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ မန်စီးတီးနဲ့ ကစားတဲ့ပွဲမှာလည်း သူ့အမှားကနေပဲ စီးတီးက အဖွင့်ဂိုးရသွားတာပါ။

ဝပ်ဖို့ဒ်နဲ့ ကစားတဲ့ပွဲမှာ ချေပဂိုးသွင်းဖို့ ရတဲ့အခွင့်အရေးကို လွဲချော်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ လတ်တလောခြေစွမ်းကလည်း ဝေဖန်စရာဖြစ်နေပါတယ်။ စီးတီးနဲ့ပွဲတုန်းကလည်း သူ့ခြေက အတော်ညံ့ခဲ့ပါတယ်။ ဘောလုံးအပေးမှားတာ၊ သူ့ဆီကနေ တစ်ဖက်က ပြန်ယူသွားနိုင်တာတွေဟာ ရာသီ အစောပိုင်းမှာ ထက်မြက်ခဲ့တဲ့ ခြေစွမ်းနဲ့ ယှဉ်ပြောကြရရင် အတော်ကြီး ကွာလို့နေပါတယ်။

ယူနိုက်တက်ဟာ ဘရာဇီး အလယ်တန်းလူ ဖရက်ဒ်ကို ပေါင် ၄၇ သန်းပေးပြီး ဘာလို့ ခေါ်ခဲ့တာလဲဆိုတာကလည်း မရှင်းပါဘူး။ ပြင်သစ်လက်ရွေးစက် ပေါလ်ပေါ့ဂဘာဆိုလည်း ဒဏ်ရာနဲ့ မကစားနိုင်ပေမဲ့ သူဝင်ကစားလည်း အခုရနေတဲ့ ရလဒ်ထက် ဘာမှ ထူးမှာ မဟုတ်ပါဘူးလို့ အများက ယူဆထားကြပြီးသားပါ။ လစ်ဗာပူးလ်နဲ့ပွဲမှာလည်း သူ လူစားလည်းဝင်လာလို့ မကြာခင်မှာပဲ အနီကတ်ပြ အထုတ်ခံလိုက်ရပါတယ်။

ဆိုးလ်ရှားဟာ ပိုင်ရှင်တွေနဲ့ အတိုက်အခံပြောရဲသူ ဟုတ်ရဲ့လား။

ဆိုးလ်ရှားနဲ့ ပတ်သက်ရင် ဝေဖန်ထောက်ပြ အခံရဆုံးအချက်တွေထဲက တစ်ခုက သူ့မှာ ဘောလုံးကစားတဲ့ သီးခြားစတိုင်တစ်ခု သတ်သတ်မှတ်မှတ်ရှိမနေဘူးဆိုတာပါပဲ။ အဲဒီအချက်ကြောင့်ပဲ တခြား နာမည်ကြီးမန်နေဂျာတွေဖြစ်ကြတဲ့ မန်စီးတီးက ပက်ပ်ဂွာဒီယိုလာ၊ လစ်ဗာပူးလ်ရဲ့ ယွာဂန်ကလော့ပ်နဲ့ ချယ်လ်ဆီးကို ကိုင်နေတဲ့ တောမတ်စ်တူချယ်တို့နဲ့ ယှဉ်ရင် သူက မှေးနေမှိန်နေရတာပါ။

ဒါပေမဲ့ ဆိုးလ်ရှားဟာ အဲဒီ သုံးယောက်ကိုင်တဲ့ အသင်းတွေကို အနိုင်ကစားခဲ့ဖူးတယ် ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။ တခြားဝါရင့် မန်နေဂျာတွေကိုင်နေတဲ့ အသင်းတွေကိုလည်း သူ့ မန်ယူက နိုင်ခဲ့ဖူးပါတယ်။

အစပိုင်းမှာတော့ သူ့အသင်းဟာ သူလိုချင်တဲ့ ကစားပုံ၊ ဘောလုံးကို ရှေ့တန်းမှာပဲ ထိန်းထားပြီး တစ်ဘက်အသင်းနောက်တန်းကို ဖိအားပေးကားပုံမျိုး လိုက်ကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှုမျိုး မရှိဘူးလို့ ဆိုးလ်ရှားက ယူဆခဲ့ပါတယ်။ ဒါကြောင့်ပဲ သူရောက်လာအပြီးမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ရိုမဲလို လူကာကူ နဲ့ အလက်ဆီ ဆန်ချေ့စ်တို့ကို ထုတ်ရောင်းခဲ့ပါတယ်။ ပြီးတော့ တစ်ဘက်အသင်းနောက်တန်းကို မွှေနှောက်ပြီး သူတို့အမှားတွေလုပ်မိပြီး ဂိုးသွင်းနိုင်အောင် စွမ်းဆောင်နိုင်မယ့် လူငယ်တိုက်စစ်မှူးတွေနဲ့ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

အလယ်တန်းမှာတော့ ဆိုးလ်ရှားရဲ့ မန်ယူဟာ အားနည်းနေတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သူ လူခေါ်ပုံကို ကြည့်ရင်တော့ တစ်သမတ်တည်းပုံစံမျိုး တွေ့ရပါတယ်။ ဂျေဒင်ဆန်ချိုကို ရာသီအစနားလေးမှာ ခေါ်ခဲ့ပြီး အသင်းကခွာဖို့ ပြင်နေပုံရတဲ့ အက်ဒီဆင်ကဗာနီကိုလည်း တစ်နှစ်ဆက်နေဖို့ သူ ဆွဲဆောင်စည်းရုံးခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုရောက်လာတာဟာ မူလအစီအစဉ်တွေကို ပြောင်းရဖို့ ဖြစ်လာပါတယ်။

ရှေ့တန်းက နံပတ်ကိုး နေရာကို တစ်လှည့်စီယူကြဖို့ မျှော်လင့်ထားတဲ့ ကဗာနီနဲ့ မေဆင်ဂရင်းဝုဒ်တို့ မရကြတော့ပဲ ရော်နယ်ဒိုကို ပေးလိုက်ကြရပါတယ်။ ဒီလိုဖြစ်လာတော့ ကဗာနီက မကစားရတော့သလောက်ဖြစ်သွားပြီး ဂရင်းဝုဒ်က တောင်ပံအစွန်ဘက်ထွက်ကစားရပါတယ်။ အဲဒီပုံစံကြောင့် ဂျော်ဒန်ဆန်ချိုရဲ့ ပွဲထွက်ကစားရတဲ့ အခွင့်အလမ်းကလည်း လျော့သွားပါတယ်။

ရော်နယ်ဒိုရဲ့ ခြေစွမ်းကတော့ ဘယ်သူကမှ မေးခွန်းထုတ်နိုင်စရာ မရှိပါဘူး၊ သူရောက်လာကတည်းက ဂိုးတွေသွင်းပေးနေပြီး မန်ယူကို ကယ်ပေးနေခဲ့တာလည်း အကြိမ်ကြိမ်ပါ။ ဒါပေမဲ့ တစ်ဘက်အသင်းနောက်ခံလူတွေကို ဆွဲထုတ် ခေါ်ထုတ်ပြီး ကွက်လပ်တွေ ဖြစ်သွားအောင်လုပ်တာ သူ့ကစားပုံမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ဆယ်နှစ်ကလည်း သူ အဲဒီလို မကစားခဲ့ပါဘူး။

ရော်နယ်ဒိုကို အိုးထရက်ဖို့ကို ပြန်ခေါ်ခဲ့တဲ့အထဲမှာ ကွင်းထဲမှာ ရော်နယ်ဒိုပြမယ့် ခြေစွမ်းကို ဆိုးလ်ရှားက တကယ်ပဲ အားထားခဲ့သလား၊ ဒါမှမဟုတ် စူပါစတား ရော်နယ်ဒိုရောက်လာလို့ စျေးကွက်နဲ့ အကျိုးအမြတ်ရနိုင်စွမ်းတွေကို မန်ယူအုပ်ချုပ်ရေးအဖွဲ့ကပဲ ပိုအလေးထား စဉ်းစားနေခဲ့ကြသလား။

အဲဒီလို ဖြစ်ခဲ့တယ်ဆိုရင်ရော ဆိုးလ်ရှားအနေနဲ့ ပိုင်ရှင်တွေ အုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး ပြောဖို့ ဆန္ဒရှိခဲ့မှာလား။

အခုလို အခြေအနေတွေဆိုးနေချိန်မပြောနဲ့ မန်ယူနိုင်ပွဲတွေရ အမှတ်တွေယူနေခဲ့တဲ့ အချိန်မှာတောင် ဆိုးလ်ရှားဟာ သူမှန်တယ်ထင်တာကို ကလပ်အုပ်ချုပ်သူတွေ၊ ပိုင်ရှင် ဂလေဇာမိသားစုတို့ ကလပ်ကို စီမံခန့်ခွဲနေတဲ့ ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါ့ဒ်တို့ကို အတိုက်အခံပြန်ပြောနိုင်သူ ပြန်ပြောလိုသူ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ရှိတဲ့အကြောင်း မန်ယူကလပ်နဲ့ နီးစပ်၊ မန်ယူရဲ့ အစဉ်အလာသဘာဝတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေက ပြောပြကြပါတယ်။

အများယူဆမှတ်ယူကြတာကတော့ ဆိုးလ်ရှားဟာ မန်နေဂျာအတွေ့အကြုံ၊ အသင်းကြီး ကိုင်ခဲ့ဖူးတဲ့ အစဉ်အလာကြီးကြီးမားမားမရှိခဲ့ဘဲ မန်ယူလို ထိပ်တန်းအသင်းကြီးကို ကိုင်ရတာကိုပဲ ကံကောင်းလှပြီလို့ မှတ်ယူထားပုံရတယ်လို့ ဆိုကြပါတယ်။ သူ့သဘာဝအရလည်း သူဟာ ပေးလာတဲ့ အခြေအနေက အကောင်းဆုံးမဟုတ်ရင်တောင် အဲဒါကိုပဲ လက်ခံလုပ်သွားမယ့်လူမျိုး ဖြစ်တယ်၊ ဆူပူကန့်ကွက်အော်ဟစ်နေမယ့်လူမျိုး မဟုတ်ဘူးလို့ မြင်ထားကြပါတယ်။

ဒါကြောင့်ပဲ သူဟာ လစ်ဗာပူးလ်တို့ မန်စီးတီးတို့ကို အရှုံးကြီး ရှုံးခဲ့ရပေမဲ့ မန်နေဂျာအလုပ်မှာ ဆက်မြဲနေခဲ့တာလို့ ယူဆနိုင်ပါတယ်။ အဲဒါကြောင့်ပဲ နာမည်ကြီးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ အီတလီနိုင်ငံသား အန်တိုနီယိုကွန်တေ အလုပ်မရှိဖြစ်နေတုန်း ရအောင်မခေါ်ခဲ့ပဲ နေခဲ့လို့ အခုတော့ ကွန်တေက စပါးစ်ကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ကွန်တေဟာ သူမကြိုက်ရင်ပြောတတ်ပြီး တောင်းဆိုမှုတွေ လုပ်တတ်သူလို့ နာမည်ထွက်ပါတယ်။

အခုတော့ မန်ယူဟာ ဆာအဲလက်စ်ထွက်ခွာပြီးတဲ့နောက် နံပတ်ငါးယောက်မြောက် မန်နေဂျာတစ်ယောက်ကို ရှာရပါပြီ။

ပြီးခဲ့တဲ့ အတွေ့အကြုံတွေကို ကြည့်ရရင်တော့ ဒီတစ်ခေါက်မှာရော မန်ယူအတွက် အကောင်းဆုံးလို့ဆိုနိုင်မယ့် သူတစ်ဦးကို သူတို့ ရမှာလား၊ ရွေးချယ်မှုရော မှန်မှာလားဆိုတာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်အပြည့်နဲ့ ပြောနိုင်ဖို့ ခက်နေပါသေးတယ်။