ဘက်ခမ်ရဲ့ ကလပ်မှာ ဇီးဒန်း နည်းပြဖွယ်ရှိ

မေဂျာလိဂ်ကလပ် အသင်းသစ်ဖြစ်တဲ့ အင်တာ မိုင်ယာမီရဲ့ အသင်းပိုင်ရှင် ဒေးဗစ် ဘက်ခမ်ဟာ တစ်ချိန်က အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ရီးယဲယ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အလိုရှိနေပါတယ်။ ဇီဒန်းဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲယ်မက်ဒရစ်ကို ချန်ပီယံလိဂ် ဖလား ၃နှစ်ဆက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ရာထူးကနေ ရုတ်တရက် နှုတ်ထွက်ခဲ့သူဖြစ်ပြီး ဘက်ခမ်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ဗြိတိန်ထုတ် Mirror သတင်းစာက ဖော်ပြထားပါတယ်။

ဘက်ခမ်ရဲ့ အင်တာ မိုင်ယာမီအသင်းဟာ ၂၀၂၀ မေဂျာလိဂ် ရာသီမှာ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်ပက နာမည်ကျော် ကစားသမားတွေနဲ့ နာမည်ကျော် နည်းပြကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ ဇီဒန်းဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်နည်းပြ ဂျိုဇေ မော်ရင်ညို နေရာမှာ အစားထိုးခန့်အပ်ခံရဖို့ ရေပန်းစားနေသူ ဖြစ်ပါတယ်။ ဘက်ခမ်ကတော့ ဇီဒန်းနဲ့ အကြို ဆွေးနွေးမှု လုပ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူရဖို့ရှိနေပါတယ်။ ဇီဒန်းကို ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ ကာတာနိုင်ငံကလည်း သူတို့ရဲ့ လက်ရွေးစင် နည်းပြအဖြစ် တစ်နှစ်လုပ်ခ ပေါင် သန်း ၄၀အထိ ပေးပြီး ကြိုးပမ်းနေပါတယ်။ အင်တာ မိုင်ယာမီ အသင်းဟာ စူပါစတား ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်လ်ဒို၊ ရူနီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အက်သလက်တီကိုရဲ့ တိုက်စစ်မှူး ဂရီးဇ်မန်းကိုယ်တိုင်ကလည်း ဘက်ခမ်ရဲ့ အသင်းမှာ ကစားဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ဆိုတော့ ဘက်ခမ်ရဲ့ အသင်းမှာ ဘယ်သူက နည်းပြလုပ်ပြီး ဘယ်ကစားသမားတွေရောက်လာမလဲ စိတ်၀င်စားနေကြပါတယ်

ဇီဒန်းရဲ့ နည်းပြဘဝ အောင်မြင်မှု

ချန်ပီယံလိဂ် - ၃ကြိမ်

လာလီဂါ - ၁ကြိမ်

ဥရောပ စူပါဖလား - ၂ကြိမ်

ကမ္ဘာ့ကလပ် - ၂ကြိမ်

စပိန် စူပါဖလား - ၁ကြိမ်