စူပါမိုဒယ် စစ်ရာဇဝတ်မှုခုံရုံးမှာ သက်သေထွက်ဆို

Naomi Campbell
ဓာတ်ပုံ ပုံစာ, တရားရုံးရောက် နာအိုမီကင့်ဘဲလ်

ကက်ဝေါ့တွေ ဖက်ရှင်ရှိုးတွေနဲ့ပဲ ရင်းနှီးနေခဲ့တဲ့ စူပါမိုဒယ် နာအိုမီ ကင့်ဘဲလ် အခုတရားရုံးတော်ပေါ် ရောက်လာတော့လဲ တကယ့်အမှုကြီးနဲ့ ကြုံရတာပါပဲ၊ လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ်တေလာ ကို သဟိဂ်မြို့က နိုင်ငံတကာခုံရုံးမှာ စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ စွဲဆိုထားတဲ့ အမှုမှာ နာအိုမီကင့်ဘဲလ်က သက်သေထွက်ချက်ပေးရတာပါ၊

၁၉၉၇ ခုနှစ်က တောင်အာဖရိက သမ္မတ နယ်လ်ဆင်မန်ဒဲလားရဲ့ ဧည့်ခံပွဲတစ်ခုမှာ ချားလ်တေလာက နာအိုမီကို စိန်တွေ လက်ဆောင်ပေးခဲ့တယ်၊ အဲဒီစိန်တွေဟာ blood diamond လို့ ခေါ်တဲ့ ဆီယာရာ လီယွန်းက ပြည်တွင်းစစ်မှာ လက်နက်တွေဝယ်ရာမှာ သုံးခဲ့တယ်ဆိုတဲ့ စွဲချက်တွေကိုလဲ ချားလ်စ်တေလာ ရင်ဆိုင်နေရတာပါ။

နာအိုမီ ကင့်ဘဲလ်က တရားရုံးမှာ တော့ သူအဲဒီတုန်းက စိန်လို့ထင်ရတဲ့ အတုံးလေးတွေ ရခဲ့တယ် ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဘယ်သူကပေးတယ်ဆိုတာမသိခဲ့ပါဘူးလို့ ပြောပါတယ်။

ညဖက် ဟိုတယ်မှာ သူအိပ်နေတုန်း လူနှစ်ယောက်က တံခါးလာခေါက်ပြီး ဒီမှာ လက်ဆောင်ပါဆိုပြီး အထုပ်တစ်ထုပ် ပေးပါတယ်တဲ့၊ ဘာတွေပါတယ်၊ ဘယ်သူကပေးတယ်ဆိုတာတော့ သူမမေးလိုက်မိဘူး၊ မနက်ကျမှ ဖွင့်ကြည့်တော့ ခပ်ညစ်ညစ် အတုံးလေး၂ တုံး ၃ တုံးကို တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။

ဒါတွေဟာ ချားလ်တေလာဆီက ဟုတ်မဟုတ် ဆိုတာလည်းမသိခဲ့သလို သူလည်း သိမ်းမထားပါဘူး၊ မင်ဒဲလားရဲ့ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ကို ပေးလိုက်တယ်လို့ ပြောခဲ့ပါတယ်။

မင်ဒဲလားရဲ့ ကလေးသူငယ်ရံပုံငွေ အဖွဲ့ကတော့ သူတို့ ဘယ်တုန်းကမှ နာအိုမီ ကင့်ဘဲလ်ဆီက စိန်တစ်လုံးမှ မရခဲ့ပါဘူးလို့ တရားရုံးကို စာရေးသားထွက်ဆိုခဲ့ပါတယ်။

တရားစွဲအရာရှီတွေကတော့ ချားလ်စ်တေလာကို စစ်ရာဇဝတ်မှုတွေ၊ စိန်တွေနဲ့ ဆီယာရာလီယွန် ပြည်တွင်းစစ်ကို မီးမွှေးပေးခဲ့တဲ့ စွဲချက်တွေနဲ့ တရားစီရင်နိုင်ဖို့ မျှော်လင့်နေတာပါ၊ နာအိုမီ ကင့်ဘဲလ်ဆီကလည်း ဟုတ်ပါတယ်၊ ချားလ်စ်တေလာက သူ့ကို စိန်တွေ ပေးခဲ့ပါတယ်ဆိုတဲ့ ထွက်ချက်မျိုး ထွက်လာဖို့ မျှော်လင့်ထားတာပါ၊ အခု နာအိုမီရဲ့ ထွက်ချက်ကတော့ သူတို့လိုချင်တဲ့ အတိုင်း အတိအကျ ဖြစ်မလာခဲ့သေးပါဘူး။

လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ်တေလာကို ၂၀၀၆ ခုနှစ်က ဖမ်းဆီးခဲ့ပြီး စစ်ရာဇဝတ်မှု အပါအဝင် စွဲချက် ၁၁ ခုနဲ့ နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုထားပါတယ်။ မစ္စတာတေလာကတော့ ဒီစွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။