အောက်တိုဘာလ ၂၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားစစ်ရေယာဉ်လေးစီးရောက်နေ
ဒုတိယအကြိမ် ရုရှား - မြန်မာရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မယ့်အကြောင်းအပါအဝင် အောက်တိုဘာ ၂၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ဥက္ကံရွာ အလယ်ပိုင်းကို လေကြောင်းနဲ့ ဗုံးကြဲလို့ သေဆုံးသူတွေရှိ
- စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဘုတလင်မြို့နယ်ထဲကိုစစ်အင်အားဖြည့်နေ
- တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက ပင်လယ်အတွင်းမှာရှိတဲ့ကျွန်းရွာ ကျောက္ကာကနေ မြိတ်မြို့ကို သွားတဲ့ စက်လှေ တစ်စီး တိမ်းမှောက်
- လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေးရက်အတွင်း ကချင်နဲ့ ရှမ်းပြည်နယ်ကလွဲလို့ နိုင်ငံတဝန်းက နေရာအများစုမှာ မိုးကြီးလေပြင်းတိုက်နိုင်
- စစ်ကောင်စီ ရေတပ်ဟာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ကျည်အစစ်ပစ်ခတ်မှုတွေပါပါဝင်တဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေ
- ရုရှား-မြန်မာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားရဲ့ ပစိဖိတ်ဆိုင်ရာ ရေတပ်စစ်သင်္ဘောအုပ်စုက စစ်ရေယာဉ် (၃) စီးနဲ့ ထောက်ပံ့ရေးရေယာဉ် (၁) စီး တို့ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်နေ
တိုက်ရိုက် ထုတ်လွှင့်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတွေထဲက တစ်ဦးဖြစ်သူ လင်းကျန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကို သွားရောက်မယ်ဆိုတဲ့ သတင်းထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုက ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ အတည်မပြုနိုင်သေးတဲ့အချိန်မှာပဲ မြန်မာစစ်တပ်ဘက်ကရော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘက်ကပါ ဒီတိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချတဲ့စာတွေ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီအပြောအရ အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကို ကောင်စစ်ဝန်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းစုံစမ်းနေပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
NUG ဘက်ကလည်း သဘောထားမတူညီမှုတွေကို သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှာဖြစ်ပြီး တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံရိပ်ကိုထိခိုက်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်တယ်လို့ ကြေညာထားပါတယ်။
မန္တလေးက တရုတ် ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တရုတ်ဘက်က စစ်ကောင်စီကို ဘာတွေ တောင်းဆိုထားပါသလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
တအာင်းတပ်သိမ်းပိုက်ထားတဲ့ မြို့တွေဆက်တိုက် လေကြောင်းဗုံးကြဲခံရ

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ် (TNLA) က သိမ်းထားတဲ့ နမ့်ဆန်နဲ့ နောင်ချိုမြို့တွေကို စစ်ကောင်စီတပ်က ဒီနေ့မနက်အစော ၁ နာရီခန့်မှာ လေကြောင်းနဲ့ ပေါင် ၃၀၀ ဗုံးတွေကြဲချခဲ့တယ်လို့ TNLA က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLA တပ်က သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ပေါ်က သပြေရပ်ကွက်ကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံးခြောက်လုံးကြဲချခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ခဲ့သလို နေအိမ်နဲ့ ဈေးဆိုင်ခန်းတချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
ပထမလှိုင်းတုန်းက သိမ်းပိုက်ခဲ့တဲ့ နမ့်ဆန်မြို့နယ်ထဲက ကျောက်ဖြူလေးကျေးရွာမှာလည်း စစ်ကောင်စီတပ်ရဲ့ ဒီနေ့မနက် လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း ပေါက်ကွဲပြီး ကျောင်းဆောင်တချို့ ပျက်စီးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ TNLA တပ်ထိန်းချုပ်ထားတဲ့ မြို့တွေကို ဆက်တိုက် လေကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး နောင်ချိုမြို့မှာဆိုရင် အောက်တိုဘာ ၁၈ ရက်ကစလို့ ဒီနေ့အထိ လေးရက်ဆက်တိုက် ဗုံးကြဲချခဲ့တာကို ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
ဒီလို နေ့စဉ်လိုလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် လူဦးရေ တစ်ဒါဇင်ကျော် ထိခိုက်သေဆုံးထားတာကို TNLA စာရင်းအရ သိရပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအချိန်အထိ တစုံတရာထုတ်ဖော်ပြောလာတာ မရှိသေးပါဘူး။
သတင်းထူး, အင်ဒိုနီးရှားမှာ စစ်ဗိုလ်ချုပ်ကြီးဟောင်းက မဲနိုင်ပြီး သမ္မတအဖြစ် ကျမ်းကျိန်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားနိုင်ငံမှာတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုဟာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းကတည်းကဆိုရင် နိုင်ငံ့သမိုင်းမှာ ဝန်ကြီးအများဆုံးပါတဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။
ဆယ်စုနှစ်တွေနဲ့ကြာအောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဟာ မြို့တော် ဂျာကာတာမှာ သမ္မတအဖြစ် ဒီနေ့ ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာတော့ အသက် ၇၃ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
သူဟာ အင်ဒိုနီးရှားအတွက် ၈ ယောက်မြောက် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။
သူ ကျမ်းကျိန်ဆိုလိုက်ပြီဖြစ်တာကြောင့် ဂျိုကိုဝီ လို့ အများသိကြပြီး နိုင်ငံ့စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတိုးတက်ရေးကို ဆယ်စုနှစ်တစ်ခုကျော် လုပ်ဆောင်ခဲ့တဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ခေတ်လည်း အဆုံးသတ်ပြီဖြစ်ပါတယ်။
ပရာဘိုဝိုဟာ သမ္မတဖြစ်ဖို့ ကြိုးပမ်းတာ ၂ ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ပေမဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲ ၅၈ ရာခိုင်နှုန်းကို အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာပါတယ်။
ရွေးကောက်ကာလမှာ စစ်ဗိုလ်ချုပ်ကြီးအကြောင်း ဘီဘီစီက ဖော်ပြခဲ့တဲ့ အထူးဆောင်းပါးကိုလည်း ဒီလင့်ခ် ကို နှိပ်ပြီး ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ကောလင်းမြို့နယ်က ဥက္ကံရွာကို စစ်တပ်ဗုံးကြဲလို့ ဒေသခံ ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ရဲ့လေကြောင်း လေ့ကျင့်ပစ်ခတ်မှု (ပုံဟောင်း) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ဥက္ကံရွာ အလယ်ပိုင်းကို ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက် ၁၀ နာရီခွဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာရှိတဲ့ ဥက္ကံရွာဟာ ကောလင်းမြို့ပေါ်က စစ်ရှောင်အများအပြားခိုလှုံနေတဲ့ရွာကြီးဖြစ်ပြီး ရွာလယ်ခေါင်မှာဈေးဆိုင်တွေ ဖွင့်လှစ်ထားတာလို့ သိရပါတယ်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘူး၊ တစ်ကြိမ်တည်းမှာပဲ ရွာလယ်ခေါင်က သုံးနေရာကို ကြဲသွားတာပါ” လို့ ကောလင်းဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကောလင်းမြို့နယ်ကို ဖုန်းလိုင်းရော လျှပ်စစ်မီးပါဖြတ်တောက်ခံထားရတာကြောင့် ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေကို အသေးစိတ်မေးမြန်းနိုင်ဖို့ ဘီဘီစီက ကြိုးစားနေဆဲပါ။
ဥက္ကံရွာကို စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့တုန်းကလည်း လေကြောင်းသုံး ဗုံးကြဲခဲ့ရတာကြောင့် သေဆုံးသူ ၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။
စစ်ရေးတင်းမာနေတဲ့ ဘုတလင်ကို စစ်ကောင်စီအင်အားဖြည့်တင်း

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, အာဏာသိမ်း အစောပိုင်းကာလတုန်းက မြင်တွေ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဘုတလင်မြို့နယ်ထဲကို တပ်ဖွဲ့ဝင် ဆယ်နဲ့ချီပါဝင်တဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ အင်အားဖြည့်တင်းနေသလို ဘုတလင်ထဲမှာ ရှိနှင့်ပြီးသား စစ်ကြောင်းကလည်း စိုင်ပြင်လေးရွာမှာ စခန်းချနေတယ်လို့ မြေပြင်မှာရှိနေသူတွေဆီကနေ သိရပါတယ်။
“မုံရွာက မင်းတဲရွာမှာ (စစ်ကြောင်း) တစ်ကြောင်း၊ ဖန်းခါးကျင်းရွာမှာ တစ်ကြောင်း ရောက်နေတယ်။ စိုင်ပြင်လေးရွာက စစ်ကြောင်းကတော့ အထဲမှာ ကင်းပုန်း ဝပ်နေတုန်းပဲ”လို့ ဘုတလင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ဘုတလင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စိုင်ပြင်လေးရွာကို မနေ့ကလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သလို မီးဝင်ငြှိမ်းတဲ့သူ ၁၀ ဦးလည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“(စစ်ကြောင်း) က ဘုတလင် မြောက်ပိုင်းကနေ ၁၉ ရက်နေ့က ပြန်ထွက်ပြီး တောင်ပိုင်းသွားတာလေ။ ကျွန်တော်တို့က နေရပ်ပြန်ကြပြီ” လို့ အစောပိုင်းမှာ စစ်ကြောင်းထိုးခံရတဲ့ ဘုတလင်မြောက်ပိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။
ဘုတလင်မြို့နယ်ထဲကို စစ်တပ် စစ်ကြောင်းထိုးနေတဲ့ သီတင်း သုံးပတ်ကျော်အတွင်း သတ်ဖြတ်ခံရတဲ့ဒေသခံ ၂၀ကျော်အထိ ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ဒုတိယအပတ်တုန်းက စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ခရီးစဥ်အတွင်း နယ်မြေလုံခြုံရေးပိုအားကောင်းဖို့ ပြောဆိုမှုအပြီး အခုလို နမခအနီးက ဘုတလင်မှာ စစ်ရေးအရ ဖိအားပေးလာတာလို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်နေကြပါတယ်။
ဒီခရီးစဉ်မတိုင်ခင် စက်တင်ဘာ ၃၀ ရက်တုန်းကတော့ ဘုတလင်မြို့နယ်ထဲမှာ သွားလာနေတဲ့ အင်အား ၈၀ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းကို PDF ပူပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ဆယ်ချီသေဆုံးခဲ့ပြီးနောက်ထပ် အယောက် (၄၀) ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဘုတလင်မြို့နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တပ်က မြေပြင်မှာ စစ်ကြောင်းထိုးနေပြီး ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ ဘုတလင်မြို့နယ်ထဲက အခြေအနေကို ဒီလင့်ခ် မှာလည်း ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
တနင်္သာရီ၊ ပုလောကနေ မြိတ်မြို့သွားတဲ့စက်လှေမှောက်လို့ အမျိုးသမီးနဲ့ ကလေး ၈ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, မြိတ်သတင်းစုံ/The Tanintharyi Times
ဓာတ်ပုံ ပုံစာ, စစ်လှေတိမ်းမှောက်မှုမှာ သေဆုံးသူအချို့ရဲ့ စျာပနကို ဒီနေ့ မနက်ပိုင်းမှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက ပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းရွာ ကျောက္ကာကနေ မြိတ်မြို့ကို သွားတဲ့ စက်လှေ တစ်စီး မနေ့ညပိုင်းတုန်းက နစ်မြုပ်ခဲ့တာကြောင့် အမျိုးသမီး ၇ ဦးနဲ့ ကလေး ၁ ဦးရဲ့ အလောင်းတွေကို ဒီနေ့မနက်ပိုင်းမှာ ပြန်တွေ့ထားတယ်လို့ ဒေသခံတွေဆီကနေ ကနဦးသိရပါတယ်။
စက်လှေဟာ မနေ့ည ၉ နာရီခန့်မှာ ကျောက္ကာကျေးရွာကနေအထွက် ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး စက်လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးသူ ဆယ်ချီရှိနေတယ်လို့လည်း သိရပါတယ်။
‘‘အလောင်းတချို့ကိုတော့ သင်္ဂြိုဟ်တာ၊ မြှုပ်တာ လုပ်နေပြီ။ သေဆုံးသူ ပျောက်ဆုံးသူ အများစုက ဒေသခံတွေထက် ဧည့်သည်တွေများတယ်လို့ ကျွန်တော်တို့ ကနဦး သိထားရပါတယ်’’ လို့ မြိတ်မြို့ နာရေးကူညီမှုအသင်းတစ်သင်းက တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့စက်လှေဟာ ကင်းမွန်ငါးဖမ်းတဲ့ မီးထွန်းလှေဖြစ်ပြီး ပုလော- မြိတ် ပြည်ထောင်စု လမ်းပေါ်မှာ တိုက်ပွဲဖြစ်နေတာကြောင့် စက်လှေနဲ့ လူကြုံလိုက်ပြီး မြိတ်မြို့ကို သွားကြသူတွေလို့ ဒေသအခြေစိုက်သတင်းတွေကို ဖော်ပြနေတဲ့ Dawei Watch သတင်းက ဖော်ပြပါတယ်။
ကျောက္ကာကျေးရွာဟာ ပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းပေါ်မှာ တည်ထားတဲ့ ကျေးရွာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့က စကာ တိုက်ပွဲပြင်းထန်နေတဲ့ မီးလောင်ချောင်းရွာအနီးမှာ ရှိပါတယ်။
၂၀၂၄ သန်းခေါင်စာရင်း - အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, Zalen
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ချင်းပြည်နယ်မြို့တော် ဟားခါးမှာ လုံခြုံရေးအပြည့်နဲ့ သန်းခေါင်စာရင်းကောက်ယူခဲ့ပေမဲ့ ချင်းကာကွယ်ရေးတပ်(CDF) ဟားခါးက တိုက်ခိုက်ခဲ့ပါတယ် စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက် ရွေးကောက်ပွဲကို ဦးတည်စေတဲ့လုပ်ရပ်လို့ တော်လှန်ရေး အင်အားစုတွေက ဝေဖန်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှု ၁၅ ရက်အတွင်း အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတာကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
ရန်ကုန်မှာတင် သန်းခေါင်စာရင်းနဲ့ ဆက်စပ်ပြီး အဖမ်းခံရသူ လူငယ် ၃၀ နဲ့ ၄၀ ကြားရှိခဲ့ပါတယ်။
သန်းခေါင်စာရင်း ကောက်တဲ့ ၁၅ ရက်အတွင်း ဘယ်နေရာတွေမှာ ဘာတွေဖြစ်ခဲ့လဲ၊ သန်းခေါင်စာရင်းဆက်ကောက်ဖို့ရှိနေတဲ့ စစ်ကောင်စီရဲ့ အစီအစဥ်ကြောင့် ဘယ်လို စိုးရိမ်ချက်တွေ ရှိနေကြလဲ ... စတာတွေကို ဒီလင့်ခ် ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေးရက်အတွင်း မိုးကြီးလေပြင်းတိုက်နိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ပုံဟောင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေးရက်အတွင်း ကချင်နဲ့ ရှမ်းပြည်နယ်ကလွဲလို့ နိုင်ငံတဝန်းက နေရာအများစုမှာ မိုးကြီးလေပြင်းတိုက်နိုင်တဲ့အကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ အထူးမိုးလေဝသသတင်းအဖြစ် ထုတ်ပြန်လာပါတယ်။
ဒီလေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းအားကောင်းလာနိုင်ပြီး ၂၂ ရက်နေ့မှာ မုန်တိုင်းငယ် အဆင့်၊ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာအပြင် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေကို သတိထားသင့်တယ်လို့လည်း အသိပေးထားပါတယ်။
ရန်ကုန်ဒေသခံတွေရဲ့အပြောအရတော့ မနေ့ညကနေ ဒီနေ့မနက်အထိ မိုးသည်းထန်တာကြောင့် မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်အပြင် မြို့နယ်အချို့မှာ ရေကြီးရေလျှံတာဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာရေတပ် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု ဘယ်နေရာမှာ ပြုလုပ်နေတာလဲ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ရေတပ်ရဲ့ ၂၀၂၄ စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် နေရာတွေပြသထားတဲ့မြေပုံ စစ်ကောင်စီ ရေတပ်ဟာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ကျည်အစစ်ပစ်ခတ်မှုတွေပါ ပါဝင်တဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၂၀ ရက်က စလို့ စတင်ပြုလုပ်နေပါတယ်။
မြိတ်မြို့ အနောက်ဘက် မိုင် ၈၀ ကျော်အကွာ ပင်လယ်ပြင်မှာ ဒီနေ့ အောက်တိုဘာလ ၂၀ ရက်က စတင်ပြီး နောက် ၅ ရက်ကြာပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုကို ကဘူဇာကျွန်း အနောက်ဘက် ရေမိုင် ၁၀ မိုင်၊ ရဲတံခွန် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ကနေ မြောက်ဘက် ၁၀ မိုင်အကွာ ရေမိုင် ၆၀ ပတ်ပတ်လည် အကွာအဝေးအတွင်းမှာ ပြုလုပ်မှာလို့ ဆိုပါတယ်။
ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်မှုလို့ဆိုပြီး စစ်ကောင်စီက ကြေညာထားတဲ့ အခုစစ်ရေးလေ့ကျင့်မှုမှာ ပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ ပစ်ခတ်တာတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် လေ့ကျင့်ရေး ဧရိယာ ၅ မိုင် ပတ်လည်မှာ သင်္ဘောကြီးငယ်နဲ့ ကုန်တင် စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့နဲ့ ဝေဟင်ကနေဆိုရင် လေယာဥ် ရဟတ်ယာဥ်တွေအနေနဲ့ အမြင့်ပေ ၁၅,၀၀၀ အောက် မပျံသန်းဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် မြေပြင်မှာ နယ်မြေတွေ လက်လွှတ်နေရချိန်မှာပဲ ရေပြင်မှာ အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ရေငုပ်သင်္ဘော ၂ စင်း ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ ပင်မကမ်းခြေကမ်းရိုးတန်းကနေ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်ရော ဝေဟင်မှာပါ ကာကွယ်ဖို့ ဆိုပြီး ကမ်းခြေစောင့်တပ်ကို ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
အခုလဆန်းပိုင်းတုန်းက သက်တမ်း ၃ နှစ်ပြည့်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်အခမ်းအနားမှာတော့ ကမ်းခြေစောင့်တပ်မှာ ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာတွေနဲ့ လူ့စွမ်းအား ပါ တိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
ဒုတိယအကြိမ် ရုရှား - မြန်မာရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, အခုနှစ် အောက်တိုဘာ ၂၀ ရက် မြင်ကွင်း အခုရက်ပိုင်းအတွင်း ရုရှား-မြန်မာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားရဲ့ ပစိဖိတ်ဆိုင်ရာ ရေတပ်စစ်သင်္ဘောအုပ်စုက စစ်ရေယာဉ် (၃) စီးနဲ့ ထောက်ပံ့ရေးရေယာဉ် (၁) စီး တို့ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို မနေ့ အောက်တိုဘာ (၂၀) ရက်က ရောက်ရှိလာတဲ့အကြောင်း ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။
ဒါဟာ ဒုတိယအကြိမ် လေ့ကျင့်မှာဖြစ်ပြီး မနှစ် နိုဝင်ဘာလတုန်းကလည်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ရေပြင်၊ ဝေဟင်၊ ရေအောက်နဲ့ လက်တွေ့ပစ်ခတ်တာတွေပါဝင်တဲ့ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းတွေပါ ပူးတွဲလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကလည်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ကျည်အစစ်ပစ်ခတ်မှုတွေပါဝင်တဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို မနေ့ကစလို့ နောက် ၅ ရက်ကြာ ပြုလုပ်မယ်လို့ ထုတ်ပြောထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် မြေပြင်မှာ နယ်မြေတွေ လက်လွှတ်နေရတဲ့စစ်ကောင်စီတပ်ဟာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ နှစ်စဉ်ပြုလုပ်နေပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကိုပါ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
ရုရှားနဲ့ စစ်ရေးလေ့ကျင့်မှုတွေလည်း ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး အခုနှစ်အတွင်း အကြိမ်ပေါင်း ၅၀ ကျော် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောပါတယ်။
