အောက်တိုဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မွန်နဲ့ ကရင်ပူးပေါင်းတပ်တွေ ရေးတောင်ပိုင်းကို ထိုးစစ်ဆင်မယ်လို့ဆို

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)(NMSP-AD) တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, NMSP(AD)

ဓာတ်ပုံ ပုံစာ, မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)(NMSP-AD) တပ်ဖွဲ့ဝင်တွေ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ဘက်ပိုင်းဒေသတဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်သွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဘီဘီစီကို ပြောပါတယ်။

စစ်ရေးငြိမ်နေခဲ့တဲ့ ဒီနယ်တဝိုက်မှာ ပထမဆုံးစစ်ရေးပြန်လည်လှုပ်ရှားလာတာလည်းဖြစ်ပါတယ်။

“စစ်ကောင်စီက သံဖြူဇရပ်-ထားဝယ်ကားလမ်းမှာ အထိုင်ကုန်းတွေ၊ ဘန်ကာတွေနဲ့ စခန်းသစ်တွေ ချလာတယ်။ ဒီကားလမ်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အပေါ်မှာ ကျွန်တော်တို့ မဟာမိတ်တပ်တွေက သူတို့ စိုးမိုးလို့မရအောင် ပြန်လည်ထိုးစစ်ဆင်သွားမှာပါ” လို့ MSRF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်တုန်းကလည်း သံဖြူဇရပ်-ရေးကားလမ်းပေါ်က စံပြရွာအနီးမှာ မွန်မဟာ မိတ်တပ်တွေနဲ့ ခမရ ၅၈၈ စခန်းကုန်းကဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

“ဒီစခန်းငယ်ကို စသိမ်းဖို့တိုက်ခဲ့တာပါ။ စံပြရွာကသင်္ချိူင်းနားအရောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး သူတို့ကို အခု တပ်လှန့်သလိုတော့ဖြစ်သွားပါတယ်”လို့ MSRF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ၂ ဦး ကျဆုံးပြီး စစ်ကောင်စီဘက်ကလည်း အရာရှိတစ်ဦးအပါအ ဝင် ၅ ဦး ဒဏ်ရာရကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ဆင်ရေးမှာပါခဲ့တဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)(NMSP-AD) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၇ ရက် စစ်ဆင်ရေးကို NMSP (AD) မွန်ပြည်တော်လှန်ရေးတပ်(MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဒေါနတပ်ရင်း)၊ ရေးပြောက်ကျားတပ်(YGF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်ရင်း(၂၇)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း(၁)၊ YPDF တို့က ပူးပေါင်း တိုက်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု နောက်ပိုင်းနှစ်တွေမှာ မွန်ကာကွယ်ရေးတပ်တွေဟာ သံဖြူဇရပ်-ရေးကားလမ်း ပေါ်မှာရှိတဲ့ မော့ကနင် တံတား အနီးက စစ်‌ကောင်စီ စခန်းကို တိုက်ခိုက်တာရှိခဲ့ပေမဲ့ အင်အားအလုံးအရင်းနဲ့ ပြန်လည် တိုက်ခိုက်ခံရတာကြောင့် အလုံးစုံသိမ်း နိုင်တာမရှိခဲ့ပါဘူး။

မြန်မာရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်

တပ်မတော်(ရေ)က ရေငုပ်သင်္ဘောစစ်ရေယာဉ်နှစ်စင်းအပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း (Sea Shield-2022)

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, မြန်မာရေတပ်ရဲ့ ၂၀၂၂ ခုနှစ်တုန်းက စစ်ရေးလေ့ကျင့်မှု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ကျည်အစစ်ပစ်ခတ်မှုတွေပါပါဝင်တဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို စစ်ကောင်စီတပ်က ဒီနေ့စတင်ပြုလုပ်မယ်လို့ သိရပါတယ်။

မြိတ်မြို့ အနောက်ဘက် မိုင် ၈၀ ကျော်အကွာ ပင်လယ်ပြင်မှာ ဒီနေ့ အောက်တိုဘာလ ၂၀ ရက်က စတင်ပြီး နောက် ၅ ရက်ကြာပြုလုပ်မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို ကဘူဇာကျွန်း အနောက်ဘက် ရေမိုင် ၁၀ မိုင်၊ ရဲတံခွန် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ကနေ မြောက်ဘက် ၁၀ မိုင်အကွာ ရေမိုင် ၆၀ ပတ်ပတ်လည် အကွာအဝေးအတွင်းမှာ ပြုလုပ်မှာလို့ ဆိုပါတယ်။

ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် လေ့ကျင့်မှုလို့ဆိုပြီး စစ်ကောင်စီက ကြေညာထားတဲ့ အခုစစ်ရေးလေ့ကျင့်မှုမှာ ပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ ပစ်ခတ်တာတွေလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေ့ကျင့်ရေး ဧရိယာ ၅ မိုင် ပတ်လည်မှာမှာ သင်္ဘောကြီးငယ်နဲ့ ကုန်တင် စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စပ်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့နဲ့ ဝေဟင်ကနေဆိုရင် လေယာဥ် ရဟတ်ယာဥ်တွေအနေနဲ့ အမြင့်ပေ ၁၅,၀၀၀ အောက် မပျံသန်းဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် မြေပြင်မှာ နယ်မြေတွေ လက်လွှတ်နေရချိန်မှာပဲ ရေပြင်မှာ အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ရေငုပ်သင်္ဘော ၂ စင်း ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ထားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပင်လယ်ရေကြောင်းလုံခြုံရေးကို တိုးမြှင့်နေတယ်လို့ နားလည်ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ ပင်မကမ်းခြေကမ်းရိုးတန်းကနေ သီးသန့်စီးပွား‌ရေးဇုန်အထိ ရေပြင်ရော ဝေဟင်မှာပါ ကာကွယ်ဖို့ ဆိုပြီး ကမ်းခြေစောင့်တပ်ကို ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

အခုလဆန်းပိုင်းတုန်းက သက်တမ်း ၃ နှစ်ပြည့်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်အခမ်းအနားမှာတော့ ကမ်းခြေစောင့်တပ်မှာ ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာတွေနဲ့ လူ့စွမ်းအား ပါ တိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။

နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ တပ်ဖွဲ့တခုဖြစ်အောင် ကြိုးစားတည် ဆောက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောထားပါတယ်။

၂၄ နာရီအတွင်းမိုးကြီးနိုင်တဲ့ အထူးမိုးလေဝသအခြေအနေကို စောင့်ကြည့်ဖို့လို

 မိုးကြီးတဲ့နေ့မှာ ကလေးချီရင်း ထီးတစ်ချောင်းနဲ့ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ ဇွန်လ မိုးကြီးတဲ့နေ့မှာ ကလေးချီရင်း ထီးတစ်ချောင်းနဲ့ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီး

ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် အောက်တိုဘာ ၂၀ ရက်၊ ဒီနေ့ ညနေ ၄ နာရီကနေ အောက်တိုဘာ ၂၁ ရက် မနက်ဖြန် ညနေ ၄ နာရီအထိ မိုးကြီးနိုင်တာအပြင် မုန်တိုင်းအခြေအနေ ကိုလည်း စောင့်ကြည့်ဖို့လိုတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။

“၂၄နာရီအတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးအနောက်ခြမ်း၊ နေပြည်တော်နဲ့ နီးတဲ့နားက ပဲခူးအရှေ့ခြမ်းတွေမှာ မိုးကြီးပါမယ်။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းဖြစ်နိုင်တာကိုစောင့်ကြည့်ရမှာဖြစ်တဲ့အတွက် အထူးသတိထား စောင့်ကြည့်ဖို့လိုပါတယ်”လို့ ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဒီလေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဖြစ်အဖြစ် ပြောင်းလဲနိုင်ခြေရှိပြီး နောက် ၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီနေ့ ကနေ အောက်တိုဘာ ၂၄ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးထစ်ချုန်းရွာနိုင်တာ၊ တချို့နေရာမှာ မိုးကြီးတာနဲ့ လေပြင်းတိုက်နိုင်တဲ့ အခြေအနေတွေကို သတိပေးချက်ထုတ်ပြန်ထားတာပါ။

လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပွားခဲ့ပြီး မြိတ်ခရိုင်အောက်ပိုင်းကတဆင့် ကပ္ပလီပင်လယ်ပြင်ထဲကိုရောက်နေပြီး ဒီညမှာ ဘင်္ဂလားပင်လယ်အော်ထဲဝင်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်တိုင်းတာ ရေးစက်တွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုပါတယ်။

“မုန်တိုင်းဖြစ်လာရင် မုန်တိုင်းပြင်းအား နဲ့ လမ်းကြောင်းကို စောင့်ကြည့်ရမှာဖြစ်တယ်။ ဒါမှ ကိုယ့်ဒေသမှာ ဘယ် လောက်ထိခိုက်နိုင်တယ်ဆိုတာ သိနိုင်မှာပါ”လို့ ဦးဝင်းနိုင်ကပြောပါတယ်။

ထိုင်းပင်လယ်ကွေ့မှာ ဖြစ်တဲ့လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်လာမယ်ဆိုရင် ဒီမုန်တိုင်းကို ကာတာနိုင်ငံက အလှည့်ကျနာမည်ပေးရမှာဖြစ်ပြီး DANA လို့ ခေါ်မှာဖြစ်ပါတယ်။

နိုဝင်ဘာ ဒုတိယပတ်မှာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပမယ်

၂၀၂၃ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ

ဓာတ်ပုံ ရင်းမြစ်, ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ

မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က နေ ၁၅ ရက်အထိ တစ်ပတ်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ခရီးသွားတွေ၊ဒေသခံတွေနဲ့ ကြက်ပျံမကျ စည်ကားတဲ့ ဒီပွဲတော်ကို နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်နဲ့ စစ်အာဏာသိ မ်းတဲ့ အခြေအနေတွေကြောင့် ၂၀၂၉ ခုနှစ်နောက်ပိုင်းရပ်နားထားခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှပြန်စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ရိုးရာလည်း မပျောက်ပျက်အောင်ကျင်းပတာဖြစ်ပါတယ်။ ၂၀၁၉ တုန်းကလောက်မစည်ပေမဲ့ မနှစ်ကလည်း ပွဲ ကိုလာတဲ့သူတွေများပါတယ်။ အခုကတော့ ပွဲတော်အစီအစဉ်အသေးစိတ်ကို တိုင်ပင်နေကြပါပြီ”လို့ ရိုးရာ မီးပုံး ပျံပညာရှင်များအသင်း တာဝန်ရှိသူကပြောပါတယ်။

၂၀၂၄ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွင်းမှာ နေ့လွှတ်မီးပုံပျံတွေဖြစ်တဲ့ ခြေ ၂ ချောင်း၊ ခြေ ၃ ချောင်း အရုပ်စုတွေကို လွှတ်တင်သွားမှာဖြစ်သလို ညပိုင်းအစီအစဉ်မှာလည်း ညမီးကြီး နဲ့ စိန်နားပန် မီးပုံးပျံ တွေကိုလွှတ်တင်သွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းကနေဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ မြို့တော် တောင်ကြီးနဲ့ မိုင် ၆၀ ကျော်အကွာက ကရင်နီနယ်စပ် ပင်လောင်းမှာ တိုက်ပွဲဖြစ်ပွားနေသလို မြို့နဲ့မနီးမဝေးက အင်းလေးဒေသမှာလည်း ရေဘေးကြုံနေရတာဖြစ်ပါတယ်။

တောင်ကြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးအပါအဝင် တိုက်ပွဲဖြစ်နေတဲ မြို့ က ဒေသခံတွေ လာရောက် စစ်ရှောင်နေကြတာလည်းရှိပါတယ်။

မတ္တရာမြို့နယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်ဖြစ်

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးနယ်မြေရဲစခန်းကို သိမ်းပြီးနောက် တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, မတ္တရာမြို့နယ်၊ ဆည်တော်ကြီးနယ်မြေရဲစခန်းကို သိမ်းပြီးနောက် တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲငယ်တွေဆက်ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)(MDY PDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဘီဘီစီကိုပြောပါတယ်။

“မတ္တရာအခြေအနေကတော့ ထူးထူးခြားခြားပြောင်းလဲတာမရှိပေမဲ့ တိုက်ပွဲငယ်တွေဆက်ရှိနေတယ်။ ကျွန်တော်တို့ သိမ်းယူနိုင်ခဲ့တဲ့ စခန်း ဆုံးရှုံးတာတော့မရှိပါဘူး” လို့ ကိုအော်စမွန်ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ထဲနဲ့ ပင်းယရွာတို့ကနေ PDF တွေ လှုပ်ရှားနေတယ်လို့ ယူဆရတဲ့ မြို့နယ် အနောက်မြောက်ပိုင်းကို လက်နက်ကြီး ပစ်ခတ်တာတွေ နေ့တိုင်း ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

MDY PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းပေါင်း ၃၅ ခုကို သိမ်းယူထား ပြီးဖြစ်တယ်လို့ ဇူလိုင် ၃၁ ရက်မှာထုတ်ပြန်ထားတာပါ။

မြို့နယ်ရဲ့ အရှေ့ဘက်အခြမ်းကို အလုံးစုံသိမ်းထားနိုင်တဲ့အခြေအနေဖြစ်ပြီး အနောက်ခြမ်းကိုတော့ တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့အခြေအနေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကထုတ်ပြောထားတာ ဖြစ်ပါတယ်။

ဒီလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းထားတဲ့စခန်းတွေကို ပြန်ရဖို့ စစ်ကောင်စီက လက်နက် ကြီး၊လေ ကြောင်းပစ်ခတ်မှုတွေအပြင် မြေပြင်စစ်ကြောင်းပါအသုံးပြုနေတယ်လို့ MDY PDF က အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ထားတာပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိပြီး လက်နက်တွေသိမ်းဆည်းရမိတာရှိခဲ့ပေမဲ့ တစ်ဖက် မှာလည်း စစ်ကောင်စီရဲ့လေကြောင်းဗုံးကြောင့် မတ္တရာမြို့နယ်ထဲက ဝေါစုကျေးရွာစစ်ရှောင်စခန်းက စစ်ရှောင် ၁၂ ဦးအထိ ဒဏ်ရာရတဲ့ဖြစ်စဉ်လည်းအောက်တိုဘာ ၁၁ ရက်တုန်းကဖြစ်ခဲ့ပါတယ်။

ဘုတလင်နယ်ထဲ စစ်တပ်က မြေပြင်မှာ စစ်ကြောင်းထိုးပြီး ဝေဟင်ကနေ ဗုံးကြဲနေ

ဘုတလင်နယ်၊ ကျွဲသေချောင်းရွာတဝိုက်မှာ ဖြတ်တိုက်ခံရတဲ့ စစ်ကောင်င်စီစစ်ကြောင်းက သုံ့ပန်းတွေ

ဓာတ်ပုံ ရင်းမြစ်, SAF

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၃၀ ရက်၊ ဘုတလင်နယ်၊ ကျွဲသေချောင်းရွာတဝိုက်မှာ ဖြတ်တိုက်ခံရတဲ့ စစ်ကောင်င်စီစစ်ကြောင်းက သုံ့ပန်းတွေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)က စစ်ကူအင်အား ၁၀၀ ဝန်းကျင်နဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ ညောင်ကန်ရွာနဲ့ အောက်တိုဘာ ၂၀ ရက် ဒီမနက်ပိုင်းမှာတော့ သခွတ္တနယ်ရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျွဲသေချောင်း၊ ဆည်ဝ၊ စီပါရွာတွေမှာ ဆက်တိုက်မီးရှို့လာတဲ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ညောင်ကန်ရွာကနေစောင့်နေလို့ လေကြောင်းက ပစ်တာလို့ထင်တယ်။ အခုတက်လာတဲ့ စစ်ကူက ဒရုန်း၊ လက်နက်ကြီးအစုံနဲ့ လက်နက်ကော အင်အားပါသာနေလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေမကပ်နိုင်ခဲ့ဘူး”လို့ သူကပြောပါတယ်။

ညောင်ကန်ရွာမှာ လေကြောင်းဗုံးကြောင့် ထိခိုက်သေဆုံးတာမရှိခဲ့ပေမဲ့ သခွတ္တနယ်မှာတော့ Mi-35 တိုက်ရဟတ် ယာဉ်နဲ့ ၉ ကြိမ်ပစ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ သူကပြောပါတယ်။

ဘုတလင်နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ယာယီရွှေ့ပြောင်းနေရသူ ၁၀,၀၀၀ ဝန်းကျင်ရှိပြီး ၅,၀၀၀ ဝန်းကျင်က စစ်ရှောင်စခန်း ၁၂ ခုမှာ နေထိုင်နေရကာ အကူအညီတွေလိုအပ်နေတယ်လို့ ဘုတလင်မြို့နယ် သပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။

“‌နမခက စပြီးစစ်ကြောင်းထိုးထဲကစစ်ရှောင်နေတာ တစ်လလောက်ရှိပြီ။ စီပါမှာဆိုလည်း စစ်ကြောင်းက ရက် ရက်စက်စက်သတ်တာ ဒီနေ့ဆို ၇ယောက်ရှိပြီ သိရတော့ ရွာမပြန်ရဲဘူး”လို့ ဘုတလင်နယ်ထဲက ရွာကြီးတစ်ခုဖြစ်တဲ့ ညောင်ကန်က ရွာသားတစ်ဦးကဘီဘီစီကိုပြောပါတယ်။

အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ဒီရွာက ရွာလုံးကျွတ် စစ်ရှောင်နေရပါတယ်။

ဘုတလင်နယ်ထဲက ကူတော်ရွာ စစ်တပ်စခန်းကို ဒေသကာကွယ်ရေးတပ်တွေက စက်တင်ဘာလထဲ သိမ်းဖို့ ကြိုးစားချိန်မှာ နမခ ကနေ စစ်ကူ လွှတ်လာခဲ့ပါတယ်။

ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ ကျွဲသေချောင်းရွာတဝိုက်အရောက်မှာ ဖြတ်တိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးကာ ၄၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။

စစ်ကြောင်းတစ်ခုလုံး ဆုံးရှုံးပြီးနောက် အောက်တိုဘာ ၇ ရက်မှာ ထပ်လွှတ်လိုက်တဲ့ အခုစစ်ကြောင်းက ဘုတလင်နယ်ထဲက စီပါ၊ ဆည်ဝနဲ့ ကျွဲသေချောင်းက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီး‌ခေါ် ဆောင်တာနဲ့ သတ်ဖြတ်တာတွေလုပ်နေတယ်လို့ ‌ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားကြပါတယ်။

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရမှု NUG ရှုတ်ချ

လုံခြုံရေးတင်းကျပ်ထားတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, KTN

ဓာတ်ပုံ ပုံစာ, လုံခြုံရေးတင်းကျပ်ထားတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်း(ပုံဟောင်း)

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရတဲ့ဖြစ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရား ပဋိပက္ခဖြစ်ပွားမှာကို အထူးစိုးရိမ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ပြောဆို လာပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ပစ်ခတ်ခံရမှု ဖြစ်စဥ်ကို ရှုတ်ချပြောဆိုရင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောလာတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်ဆံရေးပျက်ပြားစေမယ့်အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အကာအကွယ်ပေးရမဲ့ သံတမန် ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် NUG အနေနဲ့ လူမျိုးရေးအမုန်းတရားပဋိပက္ခဖြစ်ပွားမှာစိုးရိမ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေ မယ့် လုပ်ရပ်တွေကို အစဥ်တစိုက်ဆန့်ကျင်သွားလို့ ထုတ်ပြန်ချက်မှာ ပြော ထားပါတယ်။

NUG က နိုင်ငံချင်း သဘောထားကွဲပြားတာတွေရှိခဲ့ရင် သံတမန်နည်းအရသာ ဖြေရှင်းသွားမှာဖြစ်သလို ကောင်း မွန်တဲ့ဆက်ဆံရေးကိုသာ ဦးတည်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ရပ်တည်ချက်ကို ထုတ်ပြန်ပြော ဆိုထားပါတယ်။

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်ရဲ့ ခေါင်မိုးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အပျက်အစီးအနည်းသာဖြစ်ခဲ့ပေမဲ့ ဖြစ်စဥ်ကို တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက် စိစစ်နေတယ်လို့ စစ်ကောင်စီက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။