ဇန်နဝါရီ ၂၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗန်းမော်-ကောင်ဂျာထီးလင်းရွာ လေကြောင်းဗုံးကြဲမှု အယောက် ၂၀ ကျော်သေဆုံး
စစ်ဘေးရှောင်တွေ ရှိနေတဲ့ ဗန်းမော်မြို့နယ် ကောင်ဂျာထီးလင်းရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား ၂၁ ယောက် သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်
- ဗန်းမော်မြို့နယ်၊ ကောင်ဂျာထီးလင်းရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတာကြောင့် နာရေးအတွက် ဝတ်ပြုဆုတောင်းဖို့ ပြင်နေတဲ့ အရပ်သား ၂၁ ယောက်သေဆုံး၊ ဒဏ်ရာရရှိသူ ၂၈ ယောက်ထဲက ဒဏ်ရာပြင်းထန်သူက ၆ ယောက်လောက်ရှိ
- မြန်မာဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ စစ်တပ်စစ်ဆင်ရေးဗဟို အိမ်နီးချင်းနိုင်ငံများ ဆက်သွယ်ညှိနှိုင်းရေးဗဟိုဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒိရက် ဘုန်းကာန်နဲ့ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်မှာတွေ့
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန် နုတ်ထွက်တာက မနှစ်က သမ္မတ ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ကို အကောင်အထည်ဖော်လိုက်တာဖြစ်
- ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီကနေရာအများစုအနိုင်ရထားပြီဖြစ်ပေမဲ့သမ္မတ လုပ်ဖို့တော့ မျှော်မှန်းထားတာမရှိသေးဘူးလို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီပြော
- မြင်းခြံမြို့ မြေစာရင်းရုံးက ဝန်ထမ်း ၃ ယောက်နဲ့ အရပ်သား ၁ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီး၊ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ မသိရသေးသလို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကလည်း ထုတ်ပြန်တာ မရှိသေး
- ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီထဲက ရာဘာတောထဲမှာ တရားမဝင် ဆေးခန်းဖွင့်တယ်ဆိုပြီး မြန်မာလင်မယားကို ထိုင်းစစ်တပ်က ဇန်နဝါရီ ၂၂ ရက် ဝင်ရောက်ဖမ်းဆီး၊ မြန်မာအလုပ်သမားတွေကို ဆေးကုတာ၊ ဆေးရောင်းတာတွေ လုပ်နေတာ ဖြစ်တယ်လို့ထိုင်းသတင်းတွေမှာ ရေးသား
တိုက်ရိုက် ထုတ်လွှင့်ချက်
မျိုးစိတ်တူပေမဲ့ ကံကြမ္မာမတူတဲ့ မြန်မာ့ ဧရာဝတီလင်းပိုင်တွေ
ပြုံးအလှပိုင်ရှင်တွေလို့ တင်စားကြတဲ့၊ ပြုံးသယောင်မျက်နှာရှိတဲ့ ဧရာဝတီလင်းပိုင် အကောင် ၄၀ ဝန်းကျင်ကို ထိုင်းနိုင်ငံ ပင်လယ်ကွေ့အထက်ပိုင်း ဘန်ပကောင် မြစ်ဝမှာ တွေ့ရတာကို သတင်းကောင်းတစ်ခုအနေနဲ့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ဧရာဝတီလင်းပိုင်တွေ ရှင်သန်နေထိုင်ရေးအတွက် အလေးထားပြီး ထိန်းသိမ်းရေးတွေကို ထိုင်းနိုင်ငံက လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ ဧရာဝတီလင်းပိုင်တွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနေကြရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အခြေအနေတွေအကြောင်း ဒီဆောင်းပါး အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။
အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ဘယ်လိုအငြင်းပွားမှုနဲ့ အားနည်းချက်တွေရှိခဲ့တာပါလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရာဘာတောထဲ ဆေးခန်းဖွင့်ထားတဲ့ မြန်မာလင်မယားကို ထိုင်းစစ်တပ်ဝင်ဖမ်း
ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီထဲက ရာဘာတောထဲမှာ တရားမဝင် ဆေးခန်းဖွင့်တယ်ဆိုပြီး မြန်မာလင်မယားကို ထိုင်းစစ်တပ်က ဇန်နဝါရီ ၂၂ ရက် ဝင်ရောက်ဖမ်းဆီးတယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။
ရနောင်းက ထိုင်းစစ်တပ်တာဝန်ရှိသူတွေနဲ့ ကရဘူရီ ပြည်သူ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။
ရာဘာတောထဲမှာ မြန်မာလင်မယားနှစ်ယောက်က ဆေးခန်းဖွင့်ထားသလို အိမ်နီးချင်းနိုင်ငံက တင်သွင်းတဲ့ ဆေးဝါးတွေသုံးပြီး မြန်မာအလုပ်သမားတွေကို ဆေးကုတာ၊ ဆေးရောင်းတာတွေ လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ အသက် ၄၃ နှစ်အရွယ် ကိုမိုးဝင်းနဲ့ အသက် ၄၅ နှစ်အရွယ် မကြည်ကြည်တို့ဆီကနေ ဆေးဝါးပစ္စည်း အမျိုးအမည် ၁၂၀ ကို သိမ်းဆည်းရမိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဆေးဝါးပစ္စည်းတွေကို ရာဘာတော၊ တောင်ကုန်းအစွန်အဖျားတွေမှာ ဝှက်ထားသလို ဆေးထိုးပြွန်တွေ၊ ဆေးဘူးကြီးတွေ၊ ဆေးဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းတွေကို အနောက်ရောင်အိတ်တွေ အဖုံးပါတဲ့ ဆေးပုံးတွေထဲမှာလည်း တွေ့ရတယ်လို့ သိရပါတယ်။
တရားမဝင် ဆေးခန်းဖွင့်ထားတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ခြေမြန်တပ်ရင်းဆီ ခေါ်ဆောင်သွားပြီး အမှုဖွင့် အရေးယူထားတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။
မြင်းခြံ မြေစာရင်းရုံးက ဝန်ထမ်း ၃ ယောက်နဲ့ အရပ်သား ၁ ယောက် ဖမ်းဆီးခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့ မြေစာရင်းရုံးက ဝန်ထမ်း ၃ ယောက်နဲ့ အရပ်သား ၁ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
မြင်းခြံမြို့ကနေ တစ်ယောက် ကားတစ်စီးစီနဲ့ မြင်းခြံ-တောင်သာ လမ်းအတိုင်း မောင်းလာချိန်မှာ ကုလားတန်ကွေ့မှာ ဖမ်းဆီးသွားတာလို့ အဲဒီလမ်းကြောင်းမှာ ကုန်ကားမောင်းတဲ့ယာဉ်မောင်းက ပြောပါတယ်။
အဲလိုဖမ်းဆီးတာကြောင့် ယာဉ်တချို့ ရပ်တန့် စောင့်ဆိုင်းခဲ့ရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
မြေစာရင်းရုံး ဝန်ထမ်းတချို့က မြေတွေကို အကွက်ချ ရောင်းပြီးရလာတဲ့ ဝင်ငွေရဲ့ ရာခိုင်နှုန်း တချို့တဝက်ကို ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ်ကို ထောက်ပံ့တာတွေရှိတယ်လို့လည်း ဒေသတွင်းအခြေအနေတွေကို သိရှိသူက ပြောပါတယ်။
အဲဒီမြေစာရင်းဝန်ထမ်းတွေကို ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ မသိရသေးသလို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
မြင်းခြံနဲ့ တောင်သာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကို ဘီဘီစီက ဆက်သွယ်ပေမယ့် မရသေးပါဘူး။
မြင်းခြံ-ပုဂံ-ညောင်ဦးလမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားဟောင်း ဦးစိန်လွင်ကို ဖမ်းမိထားတယ်လို့ တောင်သာတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မြင်းခြံ-တောင်သာလမ်းပိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းတွေနဲ့ မြို့တွေကို ဒေါ်သီတာယုမွန်ရဲ့ ပြည်သူစစ်အဖွဲ့တွေ စိုးမိုးထားပြီး ကျေးရွာတွေကိုတော့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ 'ငြိမ်းချမ်းရေး ဘုတ်အဖွဲ့' ဘာ့ကြောင့် အငြင်းပွားစရာဖြစ်နေလဲ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ဒီဘုတ်အဖွဲ့ကို ကုလသမဂ္ဂက ထရမ့် ဦးဆောင်တဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ကနဦးထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် အသေးစိတ် အချက်အလက် တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ သမ္မတ ထရမ့်ရဲ့ "နိုင်ငံတကာ ပြုပြင်ပြောင်းလဲရေး အဖွဲ့အသစ်" ဟာ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။
ဘုတ်အဖွဲ့ထဲမှာ ၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော်တိုက်တဲ့စစ်ကို ထောက်ခံခဲ့သူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားလိုလူပါလာပြီး ပါလက်စတိုင်းဘက်က တစ်ယောက်မှ မပါတာ၊ ကန်ဒေါ်လာ ၁ ဘီလျံ ပေးရမယ့် ရာသက်ပန် ဘုတ်အဖွဲ့ဝင်ကြေး၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ဘာဖြစ်သွားမလဲ စတဲ့ အငြင်းပွားဖွယ်ဖြစ်လာတဲ့ မေးခွန်းတွေရှိနေပါတယ်။
ဒီမေးခွန်းတွေအတွက် ရှင်းပြချက်တွေကို ဒီလင့် ကိုနှိပ်ပြီး ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုနိုင်ပါတယ်။
သမ္မတဖြစ်ဖို့ မျှော်မှန်းထားတာမရှိသေးကြောင်းဦးခင်ရီပြော
ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီကနေရာအများစုအနိုင်ရထားပြီဖြစ်ပေမဲ့သမ္မတ လုပ်ဖို့တော့ မျှော်မှန်းထားတာမရှိသေးကြောင်းကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲတွေမှာအနိုင်ရပါတီဟာ အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ ဖြစ်ကြတာများတာကြောင့် အဲဒီအတွက် မျှော်မှန်းပြင်ဆင်နေပြီလား၊အဲဒီအတွက် တပ်နဲ့ရော ညှိနှိုင်းထားပြီလား ဆိုတဲ့ ဘီဘီစီရဲ့မေးမြန်းချက်ကို သူက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဒီလိုတော့မျှော်မှန်းထားတာမရှိပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့စနစ်ကလည်း အဲဒီလို မဟုတ်ဘူးလေ။ ကျွန်တော်တို့နိုင်ငံက အနိုင်ရလို့ရှိရင် ပထမ လွှတ်တော်တွေ စဖွဲ့စည်းမယ်။ လွှတ် တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေရွေးမယ်။ပြီးတော့မှ သမ္မတ ရွေးချယ်ရေးအဖွဲ့တွေရှိတယ်လေ။ပြည်သူ့လွှတ်တော်ဘက်က၊ အမျိုးသားလွှတ်တော်ဘက်က ၊ တပ်မတော်ဘက်က အဲဒီအစုအဖွဲ့သုံးခုက ရွေးတာပေါ့။ ကျွန်တော်တို့နဲ့တပ်မတော်နဲ့ညှိနှိုင်းတာ ဘာမှမရှိပါဘူး။ ရွေးချယ်ရေးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်းသွားမှာပဲ” လို့ သူကပြောပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ဘယ်လာရုစ် နိုင်ငံက ဘယ်လာယာရပ်စ်ပါတီတို့ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုရန်ကုန်မှာ ဇန်နဝါရီ ၂၂ ရက် ကျင်းပခဲ့ပြီးအဲဒီအခမ်းအနားအပြီးမှာဘီဘီစီက မေးမြန်းခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲနှစ်ပိုင်းအပြီးမှာ ပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်း အမတ်အရေအတွက် ၂၂၉ ဦးရရှိထားပြီးဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ အပိုင်း၃ ကျင်းပဖို့ရှိပြီး အဲဒီမှာလည်း အနိုင်ရတဲ့သူရှိရင် ဒီအရေအတွက်ထက် ထပ်တိုးလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အနိုင်ရပါတီကြီးတွေရဲ့ ခေါင်းဆောင်တွေက သမ္မတ ဖြစ်ပြီး အစိုးရအဖွဲ့ ကို ဦးဆောင်ဖွဲ့နိုင်ခဲ့ပါတယ်။
လက်ရှိမှာကြံ့ခိုင်ရေးပါတီက နေရာအများစုကို နိုင်ထားပေမဲ့သမ္မတ လုပ်ဖို့ ကိစ္စကိုတော့ ပါတီဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ဦးခင်ရီက တိတိကျကျ ပြောမသွားပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန် နုတ်ထွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန် နုတ်ထွက်ကြောင်း အိမ်ဖြူတော်က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
ဒါက မနှစ်က သမ္မတ ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ကို အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါအပေါ် WHO ရဲ့ကိုင်တွယ်ပုံ မှားယွင်းမှုတွေ၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုကင်းမဲ့မှုတွေနဲ့ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုကင်းမဲ့မှုတွေကြောင့် အခုလို နုတ်ထွက်တာလို့ အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။
အမေရိကန်အကျိုးစီးပွားနဲ့မကိုက်ညီတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်နုတ်ထွက်ဖို့ သမ္မတအမိန့်ကို ဇန်နဝါရီ၇ ရက်မှာလည်း သမ္မတထရမ့်က လက်မှတ်ရေးထိုးခဲ့ပြီးပါပြီ။
အဲဒီထဲ ကုလသမဂ္ဂအဖွဲ့အစည်း၃၁ ခုနဲ့ ကုလမဟုတ်တဲ့ အဖွဲ့အစည်း ၃၅ ခု ပါဝင်နေပါတယ်။
ဒုစစ်ခေါင်းဆောင်နဲ့ ထိုင်းကြည်းတပ်ဗိုလ်ချုပ်ကြီးတွေ့ဆုံ
မြန်မာဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ စစ်တပ်စစ်ဆင်ရေးဗဟို အိမ်နီးချင်းနိုင်ငံများ ဆက်သွယ်ညှိနှိုင်းရေးဗဟိုဌာန (NCCC) ဌာန အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဒိရက် ဘုန်းကာန်နဲ့ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံတယ်လို့ နေ့စဉ်ထုတ် သတင်းစာကနေ ထုတ်ပြန်ပါတယ်။
ထိုင်းနဲ့မြန်မာကြား ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းရေးတွေ ပြန်ကောင်းအောင် နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်ဖို့ ၊ တရားမဝင် ကုန်သွယ်မှုတွေနဲ့ တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေ မရှိအောင် ထိန်းသိမ်းမယ့်အချက်တွေကို ဆွေးနွေးတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်တပ်တွေကြား ကောင်းမွန်တဲ့ဆက်ဆံရေးကနေ ရင်းနှီးမှုပိုတိုးတက်ပြီး ရေရှည်တည်တံ့အောင် လုပ်ဆောင်ဖို့အပြင် အွန်လိုင်းလောင်းကစားတွေ ထပ်မပေါ်ပေါက်အောင် မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်တာတွေလည်း ဆွေးနွေးတဲ့အထဲ ပါဝင်ပါတယ်။
ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးတွေ ပိုများနေတယ်ဆိုတဲ့ စစ်ကော်မရှင်ဘက်က ပြောဆိုချက်တွေ ထွက်လာပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ်အတွင်းမှာ ထိုင်းဘက်က ကုန်စည်တင်သွင်းတာတွေကို မြန်မာစစ်ကော်မရှင်က ကန့်သတ်တာတွေ လုပ်ခဲ့တာပါ။
ပြည်တွင်းမှာလည်း ထိုင်းထုတ်ကုန်ပစ္စည်းတွေ ဝယ်မရတာ၊ ဈေးကြီးပေးဝယ်ရတာတွေ ကြုံတွေ့နေကြတာပါ။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
အရှုံးနဲ့တွေ့သွားကြတဲ့အထဲ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးလည်းပါသလို ဒေါ်စန္ဒာမင်းလို NLD ဟောင်း၊ တစ်သီးပုဂ္ဂလတွေလည်း ပါပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တိုင်းရင်းသားအမတ်တွေရှိသလို ကြိုတင်မဲနဲ့ရှုံးပွဲတွေ့ရတဲ့ အမတ်တွေလည်းရှိနေပါတယ်။
ရွေးကောက်ပွဲရှုံးကြတဲ့အထဲ ပါတီဥက္ကဋ္ဌတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
ဝေဖန်ကန့်ကွက်မှုတွေကြားထဲက ရွေးကောက်ပွဲဝင်ပြိုင်ပြီးရှုံးကြတာဖြစ်လို့ ရှုံးချက်နာတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဗန်းမော်-ကောင်ဂျာထီးလင်းရွာ လေကြောင်းဗုံးကြဲမှု အယောက် ၂၀ ကျော်သေဆုံး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်ဂျာထီးလင်းရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတာကြောင့် နာရေးအတွက် ဝတ်ပြုဆုတောင်းဖို့ ပြင်နေတဲ့ အရပ်သား ၂၁ ယောက် နေရာတင် သေဆုံးတယ်လို့ ကချင်လွတ်လပ်ရေးတပ်- KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့နဲ့ ဧရာဝတီမြစ် တဖက်ကမ်း၊ KIA တပ်မဟာ ၈ နယ်မြေ၊ ကောင်ဂျာထီးလင်းရွာထဲက နာရေးအိမ်၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်းရှိတဲ့နေရာတွေကို စစ်တပ်က ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံး သုံးလုံးကြဲချခဲ့တာလို့ ပြောပါတယ်။
“အသုဘ ၇ ရက်ပြည့်လို့ ဝတ်ပြုဆုတောင်းပွဲ ပြင်နေချိန် ဗုံးကျတာ၊ ဆေးရုံရောက်ပြီး သတိမရသေးတဲ့သူတွေလည်းရှိတယ်၊ နေရာတင်သေဆုံးတာရော၊ လမ်းမှာတင်ဆုံးတာ၊ ဆေးရုံရောက်မှ ဆုံးတာတွေပါ။ ပြည်သူတွေရှိတဲ့နေရာ၊ စစ်ရှောင်တွေ ရှိမှန်းသိရက်နဲ့ ဗုံးကြဲသွားတာ”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒဏ်ရာရရှိသူ ၂၈ ယောက်ထဲက ဒဏ်ရာပြင်းထန်သူက ၆ ယောက်လောက်ရှိတယ်လို့လည်း သိရပါတယ်။
ဗန်းမော်မှာ KIA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်ရှိနေပေမဲ့ အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်နေတာ မရှိသလို KIA တပ်ဖွဲ့တွေ စခန်းချတာ၊ ဖြတ်သွားဖြတ်လာလုပ်တာလည်း မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက် လို့ ထုတ်ပြန်လာတာမရှိသေးပါဘူး။
မင်္ဂလာပါ။ ဇန်နဝါရီ ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။