ဇန်နဝါရီ ၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
“ဘက်တံဆိပ်ပြောင်းလိုက်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ မရှိဘူး” – BGF အသွင်ပြောင်း KNA တပ်ပြောခွင့်ရ
KNA က ဘက်တံဆိပ်ပြောင်းလိုက်ပေမယ့် စစ်ကော်မရှင်တပ်အပြင် ကရင်တော်လှန်ရေးတပ်တွေနဲ့ပါ စစ်ရေးပူးပေါင်းတာတွေမလုပ်ဘူးလို့ပြောတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၆ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းက ထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ခင်ဦးနဲ့ ဝက်လက်မြို့နယ်တွေထဲ စစ်တပ်လေကြောင်းတိုက်လို့ တစ်ရက်တည်း ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
- ပန်းတောင်းမြို့နယ်ထဲကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးအဆင့်ရှိသူအပါ ၇ ဦးထက်မနည်း သေဆုံးတယ်လို့ဆို
- ဗင်နီဇွဲလားသမ္မတ မာဒူရိုက ''သူ သမ္မတ ဖြစ်နေဆဲ'' လို့ နယူးယောက်မြို့က တရားခွင်မှာ ပြောပြီး အမေရိကန်က သူ့ကို စွပ်စွဲထားတဲ့မူးယစ်မှုအပါ တခြားစွဲချက်တွေအတွက် အပြစ်မရှိကြောင်းထွက်ဆို
- ဘက်တံဆိပ်ပြောင်းလိုက်တာက အဖွဲ့အစည်းတစ်ခုရဲ့လက်ဝေခံတပ်မဟုတ်ဘဲ ကရင့်ဒေသအကျိုးအတွက် အခန်းကဏ္ဍတစ်ခုကနေ ဆောင်ရွက်ဖို့လို့ KNA ပြောရေးဆိုခွင့်ရှိသူပြော
- ဗင်နီဇွဲလားသမ္မတ မာဒူရိုကို နယူးယောက်မြို့မှာ ရုံးထုတ်ချိန် ဗင်နီဇွဲလားနိုင်ငံမှာ ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ကျမ်းကျိန်
- ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းအတွက် ကြိုတင်မဲကောက်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီတွေအားလုံးပါဝင်ခွင့်ပေးဖို့ ရွေးကော်ကို ပါတီတွေတင်ပြ
တိုက်ရိုက် ထုတ်လွှင့်ချက်
ဝန်းသိုမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်, မြို့ကိုစွန့်ခွာဖို့ ဒေသခံတွေ တော်လှန်ရေးတပ်တွေက သတိပေးထားတယ်လို့ ဒေသခံအချို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဝန်းသိုအခြေစိုက် ခြေမြန်တပ်ရင်း (ပုံဟောင်း) စစ်ကိုင်းတိုင်းအထက်ပိုင်းက ဝန်းသိုမြို့မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြို့ထဲမှာကျန်ရှိနေတဲ့ ဒေသခံတချို့ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေးတပ်တွေကလည်း ဝန်းသိုမြို့ထဲအထိ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်း ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာပဲ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဝန်းသိုမြို့နယ်ပါဝင်တဲ့ ကောလင်းခရိုင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အမှတ် ၁ စစ်ဒေသထဲမှာ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖြန့်ကြက် လှုပ်ရှားပါတယ်။
ကောလင်းခရိုင်အခြေစိုက်တပ်တချို့ကတော့ ဝန်းသိုဒေသတဝိုက်မှာနေထိုင်တဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ၄ ရက်အတွင်းထွက်ခွာကြဖို့ သတိပေးထားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“စစ်တပ်စခန်းတွေကို ဝင်တိုက်မှာမို့ မြို့ထဲကနေ ထွက်ဖို့ပြောတယ်”ဆိုပြီး မြို့ခံတစ်ဦးက ပြောပါတယ်။
ဝန်းသိုမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့ထဲမှာ အမှတ် ၁၁၁ နဲ့ အမှတ် ၁၂၀ စတဲ့ ခြေမြန်တပ်ရင်းတွေ ရှိပါတယ်။
ဝန်းသိုနဲ့ ကပ်လျက်မှာရှိတဲ့ ကောလင်းမြို့ကိုလည်း စစ်တပ်က ထိန်းချုပ်ထားပြီး ကောလင်းမြို့ကိုလည်း တော်လှန်ရေးတပ်တွေက ပြန်ရဖို့ စစ်ဆင်ရေးဖော်ဆောင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်အနေနဲ့ ကောလင်းကို ဆက်ပြီးထိန်းချုပ်နိုင်ရေး ဝန်းသိုမြို့မှာရှိတဲ့တပ်တွေကနေ စစ်ကူနဲ့ ရိက္ခာထောက်ပို့တာတွေလုပ်နေတာလို့ သူက ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း အမှတ် ၁ စစ်ဒေသထဲမှာ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေအပြင် ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ဒေသအခြေစိုက်တပ်တွေကပါ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေကြတာဖြစ်ပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဝန်းသိုမြို့ရဲ့စစ်ရေးမှာ KIA ပါဝင်လှုပ်ရှားမှု ရှိ မရှိဆိုတာကို မြေပြင်ဆီကနေ သတင်းရတာ မရှိသေးဘူးလို့ ဘီဘီစီကို ဒီနေ့ နေ့လယ်ပိုင်းမှာပြောပါတယ်။
“အမှတ် ၁ စစ်ဒေသထဲမှာ တိုက်ပွဲဖော်ဆောင်တာတွေ ရှိလာရင်တော့ ပူးပေါင်းမှုတွေ ရှိလာနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ဝန်းသိုမြို့ခံတွေအနေနဲ့ မြို့အနီးနားက ရွာတွေကိုသာ တိမ်းရှောင်နေကြရပြီး ခရီးဝေးရှောင်မယ့်သူတွေကတော့ ဝန်းသို-ကောလင်းမြို့နယ်က အစပ်နေရာအထိ သွားပြီးမှ ခရီးသည်တင်ကားတွေကို ငှားစီးလို့ရတဲ့အခြေအနေလို့ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။
“မြို့ထဲအထိ ဘယ်ကားလိုင်းမှ လာမကြိုရဲကြဘူး။ မြို့ပြင်အစပ်ရောက်မှ ငှားစီးလို့ရတာ” လို့ သူက ဆိုပါတယ်။
စစ်တပ်ကတော့ ဝန်းသိုမြို့ရဲ့စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
စစ်ဦးစီးအရာရှိချုပ်(လေ)ဟောင်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် ပြီးခဲ့တဲ့လက စစ်ဦးစီးအရာရှိချုပ်(လေ)ရာထူးကနေ အငြိမ်းစားယူသွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကို ပြန်ဆင့်ခေါ်ပြီးတဲ့နောက် သံအမတ်အသစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
“တပ်ချုပ်ရဲ့ တရုတ်ခရီးစဥ်မှာ သံအမတ်ကြီး(ဦးတင်မောင်ဆွေ)နဲ့ တော်တော်အဆင်ပြေတယ်။ ဒါကြောင့် ရွေးကောက်ပွဲအလွန်မှာ နေရာတစ်ခုပေးဖို့ ပြန်ခေါ်တာဖြစ်နိုင်တယ်” လို့ နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
တပ်မ ၇၇ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်တင်မောင်ဆွေဟာ တပ်ကနေအငြိမ်းစားယူပြီး ယူကေ စစ်သံမှူးလည်း လုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, နေပြည်တော်ပြန်ခေါ် ခံရတဲ့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို တရုတ်သံအမတ်ကြီးနေရာပို့ချင်လို့ အနားပေးခဲ့တာလို့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။ တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးနေရာဟာ အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပြီး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို ပထမဆုံးခန့်အပ်တာဖြစ်ပါတယ်။
ခင်ဦးနဲ့ ဝက်လက်ကို လေကြောင်းတိုက်လို့ တစ်ရက်အတွင်း လသားကလေးအပါ ၆ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးပကဖ
ဓာတ်ပုံ ပုံစာ, ခင်ဦးနယ်ထဲက လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ စစ်ရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းမြင်ကွင်း စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ဝက်လက်မြို့နယ်တွေထဲက နေရာတချို့ကို စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၆ ရက် တစ်ရက်တည်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ၆ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
ခင်ဦးနယ် အရှေ့ဘက်ခြမ်း ကုန်းကြီးကျေးရွာထဲက စစ်ရှောင်တွေခိုလှုံနေကြတဲ့ စာသင်ကျောင်းဝင်းအနီးကို စစ်တပ်က ဒီနေ့ မနက်အစောပိုင်းမှာ တိုက်လေယာဉ်နဲ့ လေကြောင်းဗုံးကြဲချခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် စာသင်ကျောင်းထဲမှာ ခိုလှုံနေကြတဲ့ စစ်ရှောင် ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ရှောင်တွေနေထိုင်နေတဲ့ စာသင်ကျောင်းအနီးကပ်လျက်က ဆီသိုလှောင်ခြံကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပြီး ကျောင်းထဲက စစ်ရှောင်တချို့ ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
တဖက်မှာလည်း ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ပေါက်ကန်ဘူတာရွာဘက်ကိုလည်း စစ်တပ်က ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ၂ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ နောက်ထပ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီး ၁ ဦးကတော့ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။
“ပေါင် ၃၀၀ ဗုံးသီး ၃ လုံးကြဲသွားတာ။ နေအိမ်နဲ့ ကားတချို့လည်း မီးလောင်သွားတယ်” လို့ သူကဆိုပါတယ်။
စစ်ကော်မရှင်ကတော့ ဝက်လက်နဲ့ ခင်ဦးနယ်ထဲက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တစုံတရာထုတ် ဖော်ပြောဆိုတာမရှိသေးပါဘူး။
'ကျွန်တော်က စစ်သုံ့ပန်းပါ' - မာဒူရိုရဲ့ နယူးယောက်က တရားခွင်ကြားနာမှု

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, DEA အရာရှိတွေက မာဒူရိုကို ဖက်ဒရယ်အချုပ်ထောင်ကနေ လက်ထိပ်ခတ်ပြီး တရားခွင်ကို ရဟတ်ယာဉ်နဲ့ခေါ်လာ ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ယောက် နယူးယောက်မြို့ တရားရုံးမှာ သူ့ရဲ့ ပထမဆုံးတရားခွင်ကို တက်ရောက်ဖို့ ရုံးတံခါးကို ဖြတ်လျှောက်လာချိန်မှာ သူ့ကိုမမြင်ရသေးခင် ကြားရတာက သူ့ ရဲ့သံခြေကျင်းကနေ ထွက်လာတဲ့ တချွင်ချွင်မြည်သံပါ။
ပြီးတော့ သတင်းထောက်တွေနဲ့ တရားခွင်ကို လာကြည့်တဲ့လူထုရှေ့မှာ သူ ''ပြန်ပေးဆွဲခံခဲ့ရတာ'' လို့ ပြောပါတယ်။
တရားခွင်ထဲကို သူ ဝင်ရောက်လာပြီး မိနစ်ပိုင်းအကြာမှာပဲ တရားသူကြီး အယ်လ်ဗင် ဟယ်လ်လာစတိန်းက မာဒူရိုဟာ ကိုယ်တိုင် တရားခွင်ရှေ့ရောက်လာသူ ဟုတ် မဟုတ်ဆိုတာကို အတည်ပြုခိုင်းပါတယ်။ ဒါက တရားခွင်ရဲ့ ကြားနာမှု စတင်နိုင်အောင် ဖြစ်ပါတယ်။
''ကျွန်တော် နီကိုလက်စ် မာဒူရို ဖြစ်ပါတယ် ... တရားသူကြီး ခင်ဗျာ။ ကျွန်တော်ဟာ ဗင်နီဇွဲလားပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ ဇန်နဝါရီလ ၃ ရက်ကတည်းက ပြန်ပေးဆွဲခံရပြီး ကျွန်တော် ဒီကိုရောက်လာတာဖြစ်ပါတယ်။'' လို့ သူက တရားခွင်ထဲက စကားပြန်ကနေတဆင့် စပိန်စကားနဲ့ တည်တည်ငြိမ်ငြိမ်ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပန်းတောင်းမှာ စစ်တပ်ရဲ့စစ်ကြောင်း တိုက်ခိုက်ခံရမှု ဗိုလ်မှူးကြီးအဆင့်ရှိသူအပါ ၇ ဦးထက်မနည်းသေဆုံးတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ မိုးထိတောင်စခန်းကို သိမ်းပိုက်ပြီးနောက် အေအေထုတ်ပြန်ခဲ့တဲ့ပုံ (ပုံဟောင်း) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းကို အာရက္ခတပ်တော်(အေအေ)နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးကြီးရာထူးအဆင့်ရှိတဲ့ တပ်ရင်းမှူးအပါအဝင် ၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အေအေနဲ့ပူးပေါင်းတပ်တွေဟာ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသထဲက အမှတ် ၆၆၆ ပွိုင့်ကုန်းနဲ့ စစ်တပ်ရဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံကြားမှာ ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ဖြတ်တိုက်ခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်ရဲ့လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ကိုလည်း အေအေနဲ့ ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်တဲ့စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ သေဆုံးမှုနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကြောင်းကြားဖြတ်တိုက်ခံရပြီးတဲ့နောက် ပန်းတောင်းနယ်ထဲမှာ အေအေနဲ့ စစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ဒေသခံတချို့က ပြောပါတယ်။
ပန်းတောင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ အေအေပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့လတွေအတွင်း ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်တပ်ကလည်း ပန်းတောင်းနယ်ထဲက တိုက်ပွဲဖြစ်နေတဲ့နေရာတချို့ကို တိုက်ပွဲပြင်းထန်တဲ့ ဇန်နဝါရီ ၂ ရက်ကစပြီး လေကြောင်းကနေ ပစ်ကူတိုက်ခိုက်ပေးနေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
မာဒူရို တရားခွင်ရောက်မှု၊ စစ်ဆင်ရေးအကြောင်းရှင်းပြမှုနဲ့ ဗင်နီဇွဲလား- အမေရိကန်အခြေအနေ နောက်ဆုံးရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဗင်နီဇွဲလားအရေးကို အကြီးပိုင်းလွှတ်တော်အမတ်တွေကို ရှင်းပြဖို့ ဝါရှင်တန်က လွှတ်တော်အဆောက်အဦကို ရောက်လာတဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး (အလယ်က အမျိုးသား) ဗင်နီဇွဲလား၊ မြို့တော်ကာရာကတ်စ်မှာတော့ ဒေသစံတော်ချိန်အရ ည သန်းခေါင်ရောက်ပြီဖြစ်ပါတယ်။ အမေရိကန်ကတော့ ဗင်နီဇွဲလားထက် တစ်နာရီအချိန်နောက်ကျပါတယ်။
နောက်ဆုံးရ အခြေအနေတွေကို ဒီမှာ စုစည်းဖော်ပြထားပါတယ်။
- ဗင်နီဇွဲလားသမ္မတ မာဒူရိုက ''သူ သမ္မတ ဖြစ်နေဆဲ'' လို့ဆိုပြီး နယူးယောက်မြို့က တရားခွင်မှာ ပြောသွားပြီး အမေရိကန်က သူ့ကို စွပ်စွဲထားတဲ့မူးယစ်မှုနဲ့ တခြားစွဲချက်တွေအတွက် သူ့မှာအပြစ်မရှိကြောင်း ပြောသွားပါတယ်။
- အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက သူနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်က သူတို့ခြံဝင်းထဲကို စနေနေ့တုန်းက စီးနင်းပြီး အမေရိကန်ကို ခေါ်လာခဲ့တာဖြစ်ပါတယ်။
- တရားခွင်ထဲက ကြားနာမှု မိနစ် ၄၀ နီးပါးကြာခဲ့ပြီး မာဒူရိုက ခုခံချေပပြောဆိုမှုတွေ အတော်လုပ်သွားတယ်လို့ တရားခွင်ထဲမှာ ရှိနေခဲ့တဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
- အစောပိုင်းတုန်းက ထွက်လာတဲ့ဓာတ်ပုံတွေမှာတော့ မာဒူရိုနဲ့ သူ့ဇနီးကို တရားခွင်ထဲကို လက်နက်ကိုင်အစောင့်အကြပ်တွေက ခြံရံပြီး လက်ထိပ်ခတ် ခေါ်လာတာတွေ့ရပါတယ်။
- ဒီအတောအတွင်းမှာပဲ ယာယီသမ္မတအဖြစ် ကျမ်းကျိန်လိုက်ပြီဖြစ်တဲ့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရောဒရီးဂတ်စ်ကတော့ မာဒူရိုနဲ့ ဇနီးတို့ဟာ သူရဲကောင်းတွေလို့ဆိုပြီး ချီးကျူးပြောဆိုထားပါတယ်။
- ယာယီသမ္မတ ဒယ်လ်စီ ရောဒရီးဂတ်စ်ကတော့ သမ္မတ မာဒူရိုနဲ့ သမ္မတကတော် စီလီယာ ဖလောရက်စ်တို့ကို အမေရိကန်က ဖမ်းဆီးသွားတာဟာ ပြန်ပေးဆွဲတာလို့ လွှတ်တော်မှာ ကျမ်းကျိန်ချိန် ပြောသွားပါတယ်။
- အမေရိကန်ပြည်ထောင်စုမှာတော့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်သ်တို့အပါအဝင် ထရမ့်အစိုးရအဖွဲ့က အရာရှိတွေက လွှတ်တော်အမတ်တွေကို ဗင်နီဇွဲလားအခြေအနေကို ရှင်းပြခဲ့ပါတယ်။
- အဲဒီတင်ပြမှုတွေအပြီးမှာ အမေရိကန်အထက်လွှတ်တော်က ဒီမိုကရက်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ချက်ခ် ရှူးမားက ဗင်နီဇွဲလားကို စီမံမယ်ဆိုတဲ့ အမေရိကန်အစီအစဥ်ဟာ '' မပြတ်မသားဖြစ်နေတယ်'' လို့ ပြောပါတယ်။
- အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ် ဂျွန်ဆင်ကတော့ ''အမေရိကန်ပြည်ထောင်စုဟာ အုပ်စိုးသူအပြောင်းအလဲဖြစ်ဖို့ထက် အုပ်စိုးသူ အုပ်ချုပ်ပုံ ပြောင်းလဲရေး လုပ်တာ'' ဖြစ်ပြီး အဲဒီလိုလုပ်ဖို့လည်း ထရမ့်ကို ဖွဲ့စည်းပုံက လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ပြောပါတယ်။
- ထရမ့်ကတော့ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနဲ့ စစ်ဖြစ်နေတာမဟုတ်ဘဲ ဗင်နီဇွဲလားကို တာဝန်ခံမယ့်သူက ''ကျွန်တော်''ဖြစ်တယ်လို့ သတင်းတွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ပြောပါတယ်။
“ဘက်တံဆိပ်ပြောင်းလိုက်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ မရှိဘူး” – BGF အသွင်ပြောင်း KNA တပ်ပြောခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, KIC
ဓာတ်ပုံ ပုံစာ, KNA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း) ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ကို ကရင်အမျိုးသားတပ်(KNA) ဆိုပြီး တံဆိပ် ပြောင်းလိုက်ပြီဖြစ်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ရှိဘူးဆိုပြီး KNA ဘက်က ပြောပါတယ်။
မြန်မာစစ်တပ်က ကွပ်ကဲတဲ့ BGF ကို စစ်တပ်လက်အောက်ကနေ ခွဲထွက်ပြီး KNA အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့အကြောင်း BGF က ၂၀၂၄ ခုနှစ်မှာကြေညာခဲ့ပေမဲ့ ၂ နှစ်နီးပါးအကြာမှ တံဆိပ်ပါ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ ဘက်တံဆိပ်ပြောင်းလိုက်ရတဲ့ရည်ရွယ်ချက်အနေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့လက်ဝေခံတပ်မဟုတ်ဘဲ ကရင့်ဒေသအကျိုးအတွက် အခန်းကဏ္ဍတစ်ခုကနေ လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်ရအောင် လုပ်လိုက်တာလို့ ဘီဘီစီကို ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် ကရင်ဒေသထဲမှာ ကရင်အခြေစိုက် တော်လှန်ရေးတပ်တွေအပါအဝင် စစ်ကော်မရှင်တပ်တွေနဲ့ စစ်ရေးပူးပေါင်းတာတွေလုပ်မှာမဟုတ်ဘူးလို့ သူကထပ်ပြောပါတယ်။
“ဘယ်အဖွဲ့နဲ့မှ ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဖော်တာတွေ လုပ်မှာမဟုတ်ဘူး။ ကရင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပဲ ဦးစားပေးလုပ်ဆောင်ဖို့ရှိပါတယ်” လို့ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ဆိုပါတယ်။
တစ်ဖက်မှာလည်း BGF ကနေ ဒီလို ဘက်တံဆိပ်အထိပါ ပြောင်းလဲလိုက်တာကြောင့် စစ်ကော်မရှင်နဲ့ကြား ဆက်ဆံရေးတင်းမာမှုတွေရှိလာတယ်လို့ KNA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ KNA ဘက်တံဆိပ်ပြောင်းလဲပြီးနောက်တစ်ရက်မှာပဲ စစ်တပ်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာ စစ်အင်အားကို တပ်ရင်းအလိုက်ဖြည့်တင်းတာတွေ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“လှိုင်းဘွဲ့မှာဆို စစ်တပ်က တပ်ရင်း ၁၉ ရင်းအထိ အားဖြည့်ထားတယ်” လို့ သူက ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ အမှတ် ၂ တံတားအနီးတဝိုက်မှာလည်း စစ်တပ်က ဗျူဟာ တစ်ဗျူဟာ လူအင်အားဖြည့်ထားပြီး အင်အား ၁၀၀ ထက်မနည်းရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
အသိပေးချက် - တပ်ဖွဲ့ပုံကို မှားယွင်းသုံးစွဲခဲ့မိသဖြင့် ပြန်လည်ပြင်ဆင်ထားပါတယ်။
ခင်ပွန်းထက် နိုင်ငံရေးသြဇာရှိနှင့်ခဲ့သူ ဗင်နီဇွဲလားသမ္မတကတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီလီယာ ဖလောရက်စ်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတကတော်ဆိုတဲ့အဆောင်အယောင်ထက် ပိုတဲ့သူတစ်ဦးဖြစ်တာ ဟိုးအရင်ကတည်းကပါ။
ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုရဲ့ ဇနီးဖြစ်တဲ့သူဟာ အစိုးရအဖွဲ့ထဲမှာ အထင်ပေါ်ဆုံး အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ကိုထောက်ခံသူတွေဆိုရင် ''ရှေ့က သူရဲကောင်း'' လို့တောင် မကြာခဏ ရည်ညွှန်းခေါ်ဝေါ်လေ့ရှိကြပါတယ်။
၁၉၅၆ ခုနှစ်ဖွား စီလီယာဟာ သူ့ရဲ့နိုင်ငံရေးခရီးလမ်းကြောင်းကို ခင်ပွန်းဖြစ်သူနဲ့အပြိုင် ဖောက်ခဲ့သူလို့တောင်ဆိုနိုင်ပြီး အတိတ်ကာလတချို့မှာ ခင်ပွန်းဖြစ်သူ ရယူခဲ့တဲ့ရာထူးထက် မြင့်တဲ့ ရာထူးတွေကိုလည်း ယူခဲ့သူဖြစ်ပါတယ်။
နိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်း ဘယ်ကို ဦးတည်မလဲဆိုတာမျိုးကို ပုံဖော်တဲ့နေရာမှာ တက်တက်ကြွကြွရှိတဲ့နေရာကနေ ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီလိုအခန်းကဏ္ဍဟာ အထူးသဖြင့် မာဒူရို သမ္မတ တာဝန် စတင်ယူတဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်တယ်လို့တောင်ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် စနေနေ့မှာတော့ ဗင်နီဇွဲလားနိုင်ငံထဲအထိ အမေရိကန်က ဝင်ရောက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ သူရော၊ ခင်ပွန်းဖြစ်သူရော အဖမ်းခံလိုက်ရပါတယ်။ အခုတော့ သူတို့ နှစ်ယောက်စလုံးဟာ နယူးယောက်က တရားရုံးမှာ မူးယစ်မှောင်ခိုကူးမှု၊ လက်နက်မှုတွေနဲ့ တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။
သူ့နိုင်ငံရေး ဖြတ်သန်းမှုအကြောင်း အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
မာဒူရိုကို ရုံးထုတ်ချိန် ဗင်နီဇွဲလားမှာ ယာယီသမ္မတ ကျမ်းကျိန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ရုံးထုတ်ဖို့ မာဒူရိုကို ခေါ်လာချိန် အမေရိကန်က သူဖမ်းထားတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို နယူးယောက်မြို့မှာ ရုံးထုတ်ချိန်မှာပဲ ဗင်နီဇွဲလားနိုင်ငံထဲမှာတော့ ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်ပါတယ်။
ယာယီသမ္မတ ဒယ်လ်စီ ရောဒရီးဂတ်စ်ကတော့ သမ္မတ မာဒူရိုနဲ့ သမ္မတကတော် စီလီယာ ဖလောရက်စ်တို့ကို အမေရိကန်က ဖမ်းဆီးသွားတာဟာ ပြန်ပေးဆွဲတာလို့ လွှတ်တော်မှာ ကျမ်းကျိန်ချိန် ပြောသွားပါတယ်။
အဲဒီမတိုင်ခင် ၂ နာရီခန့်က နယူးယောက်မြို့က တရားခွင်ထဲမှာ မာဒူရိုကို ရုံးထုတ်ချိန်မှာတော့ မာဒူရိုက သူဟာ ဗင်နီဇွဲလားရဲ့သမ္မတဖြစ်နေဆဲလို့ပြောပြီး သူ့အပေါ် အမေရိကန်ဘက်က စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ အကြမ်းဖက်မှု စွဲချက်တွေအတွက် သူ့မှာ အပြစ်မရှိကြောင်း ချေပသွားပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက သူနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်က သူတို့ခြံဝင်းထဲကို စနေနေ့တုန်းက စီးနင်းပြီး အမေရိကန်ကို ခေါ်လာခဲ့တာဖြစ်ပါတယ်။
တရားခွင်ထဲက ကြားနာမှု မိနစ် ၄၀ နီးပါးကြာခဲ့ပြီး မာဒူရိုက ခုခံချေပပြောဆိုမှုတွေ အတော်လုပ်သွားတယ်လို့ တရားခွင်ထဲမှာ ရှိနေခဲ့တဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
အစောပိုင်းတုန်းက ထွက်လာတဲ့ဓာတ်ပုံတွေမှာတော့ မာဒူရိုနဲ့ သူ့ဇနီးကို တရားခွင်ထဲကို လက်နက်ကိုင်အစောင့်အကြပ်တွေက ခြံရံပြီး လက်ထိပ်ခတ် ခေါ်လာတာတွေ့ရပါတယ်။
ဒီအတောအတွင်းမှာပဲ ယာယီသမ္မတအဖြစ် ကျမ်းကျိန်လိုက်ပြီဖြစ်တဲ့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရောဒရီးဂတ်စ်ကတော့ မာဒူရိုနဲ့ ဇနီးတို့ဟာ သူရဲကောင်းတွေလို့ဆိုပြီး ချီးကျူးပြောဆိုထားပါတယ်။
ကြိုတင်မဲလုပ်ငန်းစဥ်အားလုံးမှာ ပွင့်လင်းမြင်သာ ပါဝင်ခွင့်ပေးဖို့ ပါတီတွေက UEC ကို တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့တွေ့ဆုံ စစ်ကော်မရှင်က ဆက်ကျင်းပမယ့် ဒုတိယပိုင်းနဲ့ တတိယပိုင်းရွေးကောက်ပွဲတွေမှာ ကြိုတင်မဲကောက်ယူတဲ့လုပ်ငန်းစဥ်အားလုံးမှာ နိုင်ငံရေးပါတီတွေအားလုံးကို ပွင့်လင်းမြင်သာ ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ ပါတီအများစုက ရွေးကောက်ပွဲကော်မရှင်(UEC)ကို တောင်းဆိုလိုက်တယ်လို့ ပါတီတချို့ဆီကသိရှိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံတဲ့ပွဲမှာ ပါတီအများစုက အဲဒီလို တောင်းဆိုခဲ့တာလို့ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတဝန်းပြိုင်ခဲ့တဲ့ ပါတီထဲက ပါတီခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ကြိုတင်မဲတွေ လိုက်စုတော့ UEC နဲ့ ပါတီတစ်ခုပဲ ပါတယ်။ ကျန်တဲ့ပါတီတွေက ပါဝင်ခွင့်မရခဲ့ဘူး”လို့ ရွေးကောက်ပွဲပထမပိုင်းတုန်းက ကြုံခဲ့ရတဲ့အခြေအနေကို သူက ရှင်းပြပါတယ်။
ကြိုတင်မဲတွေကို စုဆောင်းတဲ့သူတွေဟာ ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတွေဖြစ်ကြသလို ရပ်ကျေးအဖွဲ့ဝင်အများစုဟာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်နေတာကြောင့် အများအထင်လွဲမှုမဖြစ်အောင် ပွင့်လင်းမြင်သာဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
ပါတီကြီး ၃ ခု ကတော့ ကြိုတင်မဲနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် အဲဒီ ပါတီခေါင်းဆောင်တွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ဇန်နဝါရီ ၁ ရက်နေ့မှာ စာပေးပို့အကြောင်းကြားတာတွေ လုပ်ခဲ့ပါတယ်။
ပါတီတွေဘက်က ကြိုတင်မဲလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ကြိုတင်မဲနဲ့ ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့တယ်လို့ ပါတီတွေကို တုံ့ပြန်ထားပါတယ်။
ဒါအပြင် လာမဲ့ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ အတွက် ကြိုတင်မဲလိုက်ကောက်တဲ့အခါ နိုင်ငံရေး ပါတီတွေလိုက်ပါခွင့်ရမယ်လို့လည်းဆိုပါတယ်။
မင်္ဂလာပါ ...
ဇန်နဝါရီလ ၆ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။
