အနုပညာမြောက်တဲ့ ထိုင်းရုပ်သေးကို ကမ္ဘာသိအောင်ကြိုးစားသူ

    • ရေးသားသူ, ပရော်ရာဒါဘွန်ချူး
    • ရာထူးတာဝန်, ဘီဘီစီထိုင်း

ထိုင်းအလယ်ပိုင်းက နွန်သပူရီခရိုင်က ခန်းမတခုထဲမှာ ကလေးတွေ တစုတဝေးကြီး တွေ့ရပါတယ်။

ရသေ့ရုပ်၊ မျောက်ရုပ်နဲ့ လူရုပ် စတဲ့ ရုပ်သေးရုပ် ၁ဝ ရုပ်ကျော်ကျော်က စင်ပေါ်မှာပါ။ ကျောက်တုံး၊ ချုံပုတ်၊ တောင်တန်းစတဲ့ နောက်ခံတွေကိုလည်း ပတ်လည်မှာ တွေ့ရပါတယ်။ မြင်ကွင်းက ရိုးရာ အကသင်တန်းကျောင်း တခုနဲ့ ပိုတူပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့က သြဂုတ်လတုန်းက မော်စကို ကမ္ဘာ့ ရုပ်သေးပြိုင်ပွဲက ဆု နှစ်ဆု ရခဲ့တဲ့ နာတယာ ဘန်ကောက် ဆိုတဲ့ အဖွဲ့သားတွေပါ။

ကမ္ဘာ့ရုပ်သေးပွဲတော်

နိုင်ငံတကာမှာ လူသိများတဲ့ ဒီပွဲတော် ကျင်းပလာတာ နှစ်တရာကျော်ပါပြီ။ နိုင်ငံ ၃ဝ ကျော်က အဖွဲ့ ၆ဝဝ လောက်လာပြိုင်ကြတဲ့အထဲမှာ ဗီယက်နမ်၊ ဂျပန်နဲ့ အိုင်ယာလန် စတဲ့ တိုင်းပြည်တွေကလည်း ပါပါတယ်။

နောက်ဆုံး ဆန်ခါတင် အဆင့်ဝင်တဲ့ အဖွဲ့ ၅ဝ ထဲမှာ ကလေးငယ်တွေပဲ ပါတဲ့ နာတယာ ဘန်ကောက် အဖွဲ့က အကောင်းဆုံး ရိုးရာရုပ်သေးဆု ရခဲ့တာပါ။

နောက်ပြီး ကမ္ဘာမှာ ပထမဆုံး လူသားဆိုတဲ့ ဖျော်ဖြေမှုနဲ့ အကောင်းဆုံး ပရိသတ်ဆုပါရခဲ့ပါတယ်။

နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းကို အခြေခံပြီး ကတဲ့ ဒီပွဲက ပိုလန်မှာ ကျင်းပတဲ့ ကမ္ဘာ့ရုပ်သေးပွဲမှာလည်း ဆုကြီး ရခဲ့ဖူးပါတယ်။

ငွေဂုဏ်မောက်တဲ့ သရဲကြီး စတဲ့ ခေတ်ပြိုင် ဇာတ်လမ်းတွေပါ ကပြသလို ၆ ပေလောက် ရှည်တဲ့ လူ ၈ ယောက် ဝိုင်းထိန်းရတဲ့ ရုပ်သေးရုပ်ကြီးလည်း ပါတယ်လို့ ဒီအဖွဲ့ခေါင်းဆောင် ဆရာဒန်က ပြောပါတယ်။

သူတို့ပွဲကို မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ကြားက အနောက်တိုင်းသားတွေ ထီးတွေကိုင်ပြီး ကြည့်ခဲ့ကြတယ် လို့လည်း ဒန်က ပြောပါတယ်။

ပွဲပြီးတဲ့အခါ ရုပ်သေးတွေကြည့်ချင်လို့ ဝိုင်းလာကြတယ်၊ ၁ဝ မိနစ်လောက် ဝိုင်းလက်ခုပ်တီးကြတယ်လို့လည်း ဝမ်းသာအားရပြောပြပါတယ်။

ခယောင်းတောကို ဖြတ်ခဲ့ရ

ဒီလို ကမ္ဘာ့ဆုကြီးတွေ ရဖို့ လျှောက်ခဲ့ရတဲ့ ခရီးက ကြမ်းပါတယ်။ ဆရာဒန်ဟာ တခါက ဘန်ကောက်ညစျေးမှာ ကတဲ့ ထိုင်းရုပ်သေးအဖွဲ့ကပါ။ သူတို့စျေးနေရာကို ဆန္ဒပြသမားတွေ ပိတ်ပြီး နှစ်လလောက် စခန်းချနေလို့ ၂ဝ၁ဝ တုန်းက ဇာတ်ခေါင်းကွဲခဲ့ဖူးပါတယ်။

နောက်ပိုင်း သူ့အိမ်မှာတင် ရုပ်သေးကျောင်းလေး ဖွင့်ပါတယ်။ တဆင့်စကားနဲ့ ကလေးတွေ အများကြီး ရောက်လာပါတယ်။ အလကားသင်ပေးတာပါ။ သူ့အသက်မွေးဝမ်းကျောင်းက အထက်တန်း ကျောင်းမှာ ရိုးရာအကဆရာလေ။

နောက်တော့ သူ့အိမ်ကလေးမှာ လူမဆန့်တာနဲ့ အနားက ရှေးဟောင်း ဘုန်းကြီးကျောင်းထဲမှာ သွားသင်ခွင့်ရပါတယ်။ အခုဆို အသက် လေးနှစ်က ၁၂ နှစ်ကြား ကလေး အယောက် ၈ဝ လောက် မျက်နှာဖုံးစွပ် ရုပ်သေးဇာတ်ထုပ်တွေ တိုက်နေကြပါပြီ။ အစပိုင်းမှာ အပျင်းပြေ လာကစားရင်း နောက်တော့ သူတို့အသက်မွေးဝမ်းကျောင်းအတွက်ပါ လေ့ကျင့်စရာ ဖြစ်လာပါတယ်။

အခုထိ ကျွန်တော်အပျော်လုပ်နေတာလို့ ၃၈ နှစ် အရွယ် ဒန်က ပြောပါတယ်။ သူများတွေလည်း ပျော်စေချင်တယ်။ သင်ပေးသမျှထဲမှာလည်း ဘဝနေနည်းတွေပါတယ်လို့ ဆိုပါတယ်။ သူ့ဆီမှာ လေးနှစ်သား ကလေးလည်း ကိုယ့်ပန်းကန်ကိုယ်ဆေးရတယ်လို့ ဆိုပါတယ်။ ဒါမှ ဘဝမှာ ရှင်သန်နိုင်မှာလို့ ပြောပါတယ်။

ဒန်က ရိုးရာရုပ်သေးကို ကလေးတွေ ကြိုက်အောင် ခေတ်သစ်ဇာတ်လမ်းတွေနဲ့ ဆွဲခေါ်ပါတယ်။ နောက်ပြီး ရုပ်သံမှာ ခေတ်စားတဲ့ ဒူးရင်းသီး မျက်နှာဖုံးလို ဇာတ်ကောင်မျိုးကိုလည်း ထည့်သွင်းပါတယ်။

အနုပညာ ယဉ်ကျေးမှုမှာ မှန်တာ မှားတာ မရှိဘူးလို့လည်း ဆိုပါတယ်။ အလှမြောက်အောင် ဘယ်လို အသုံးချမလဲ ဆိုတာပဲလို့ ဒန်က သူ့အနုပညာအမြင်ကို ပြောပါတယ်။

ငွေကစကားပြော

ဒါပေမဲ့ ဒီလို နိုင်ငံတကာပွဲ သွားပြိုင်ဖို့အတွက် အနည်းဆုံး ဘတ် သုံးသန်း၊ ဒေါ်လာ ကိုးသောင်းကျော်ဖိုးလောက် လိုလာပါတယ်။ လူ ၅ဝ စာ လေယာဉ်လက်မှတ်၊ တပတ်စာ နေစရိတ် စားစရိတ်နဲ့ ဆက်တင် စရိတ်တွေပါ။ ဆရာဒန် သူ့ကားလေးရောင်း၊ စတုရန်းပေ ၈၆ဝဝဝ လောက်ရှိတဲ့ မြေကွက်ရောင်းတာနဲ့ မလောက်လို့ ငွေလည်း အများကြီး ချေးရပါတယ်။ နောက် ထိုင်းအစိုးရ ယဉ်ကျေးမှု ဌာန ဆီက ဒေါ်လာ ခြောက်ထောင်ကျော်လောက် အကူငွေရသလို တခြားက စပွန်ဆာတွေလည်း ရှာရပါတယ်။

တချို့ ဆက်တင်ကားတွေ ပြန်သယ်စရာ စရိတ်မရှိလို့ ရုရှားမှာပဲ ထားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သေတ္တာ ၁၆ လုံးနဲ့ သွားတာ အပြန်မှာ ၉ လုံးပဲ ပြန်ယူလာနိုင်တာပါ။ တကီလိုကို ဘတ် ၁၂ဝဝ ပေးပြီး ကီလို ၂ဝဝ လောက် သယ်ရတော့ သယ်စရိတ်ကိုက ဘတ် နှစ်သိန်းခွဲ၊ ဒေါ်လာ ခုနစ်ထောင်ကျော် ရှိပါတယ်။ မျက်ရည်စက်လက်နဲ့ ပြန်ခဲ့ရတယ်လို့လည်း ဆိုတယ်။

အနာဂတ်ခရီး

အခုတော့ အကြွေးတွေ ဆပ်ဖို့ စဉ်းစားနေရတယ်လို့ ဒန်က အော်ရယ်ရင်း ပြောပါတယ်။

ကလေးတွေနဲ့ ဆက်ပြီးလေ့ကျင့်မယ်၊ လမ်းဘေးမှာ ကြည့်ချင်ပွဲလေးလည်း လုပ်ချင်တယ်လို့ ဆိုတယ်။ ကျေးလက်က မဖွံ့ဖြိုးသေးတဲ့ ဒေသတွေက ကလေးတွေအတွက်ပါ။ သူတို့မှာ ဒါမျိုး ကောင်းကောင်း ကြည့်ဖူးမှာ မဟုတ်လို့ ပြချင်တာလို့လည်း ဆိုပါတယ်။ နောက်ပြီး ထိုင်းယဉ်ကျေးမှုကို နိုင်ငံခြားမှာ ထွက်ပြီး လူသိအောင် ပြချင်သေးပါသတဲ့။

အကြွေးကြေအောင် မျက်နှာဖုံးစွပ်နဲ့ ရုပ်သေးလေးတွေ လုပ်ရောင်းနေပါတယ်။

သူ့မှာ အကြွေးတင်ပေမယ့် ပွဲကရရင် ကျေနပ်တယ်လို့လည်း ဒန်က ဆိုပါတယ်။ ကလေးတွေ စင်ပေါ်မှာ တက်ကတာကို မြင်ရတာကို သူက ပျော်နေတာပါ။ သူတို့လူလားမြောက်လာရင် ဝန်ကြီးတွေဘာတွေ ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုတွေကို လှည့်ကြည့်နိုင်ချင်မှ ကြည့်နိုင်မှာ။ ဒါပေမဲ့ သူတို့ဘဝမှာ သင်ခဲ့ဖူးတဲ့ ပညာ တည်မြဲဖို့တော့ သူတို့ ပြန်လှည့်ကြည့်နိုင်တာပေါ့။ ထိုင်းရိုးရာ ယဉ်ကျေးမှုက ပျောက်မသွား နိုင်ပါဘူးလို့ ဒန်က ယုံယုံကြည်ကြည်နဲ့ ပြောပါတယ်။