၉၇ နှစ် အရွယ် မြန်မာ ဝန်ကြီးချုပ်ဟောင်း

ဓာတ်ပုံ ရင်းမြစ်, ဂေါ်ရခါးလူမှုရေးအသင်းချုပ်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၉၂ နှစ် အရွယ် မဟာသီယာမိုဟာမက်ဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ ခေါင်းဆောင် ဖြစ်ပါတယ်။
သူနဲ့ ရွယ်တူ ကတော့ ဗြိတိသျှ ဘုရင်မကြီး အယ်လဇ္ဇဘက် ဖြစ်ပြီး သူ့ထက် တနှစ်ပဲငယ်တဲ့ နိုင်ငံခေါင်းဆောင်ကတော့ တူနီးရှား သမ္မတ ဘေဂျီ အစက်ဘဆီ ဖြစ်ပါတယ်။
မြောက်ကိုရီးယား လွှတ်တော် ဥက္ကဋ္ဌ ကင်ယောင်နမ်းကတော့ အသက် ၉ဝ ရှိပြီး ကူဝိတ် စော်ဘွား ဆာဘား အယ်လ် အာမက် ကတော့ ၈၈ နှစ် ရှိပါပြီ။

ဓာတ်ပုံ ရင်းမြစ်, TUNISIAN PRESIDENCY PRESS SERVICE HANDOUT

ဓာတ်ပုံ ရင်းမြစ်, Wiki
ကမ္ဘာ့သက်ရှည် ခေါင်းဆောင်ဟောင်းများထဲမှာ နံပါတ်တစ်က ဗီယက်နမ်က ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း ဒိုမွိုင်းဖြစ်ပြီး အသက် ၁ဝ၁ နှစ် ရှိပါပြီ။
ဂျပန် ဝန်ကြီးချုပ်ဟောင်း နာကာ ဆိုနေလည်း အသက် ၁ဝဝ ပြည့်ခါနီးပါပြီ။
မြန်မာနိုင်ငံမှာ ၁၉၈၈ က ဝန်ကြီးချုပ် တာဝန် လပိုင်းယူခဲ့တဲ့ သူရ ဦးထွန်းတင်ကတော့ ၉၇ နှစ်နဲ့ နံပါတ် ၉ နေရာမှာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PANUMAS SANGUANWONG
သူ့ထက် လပိုင်းပဲ ကြီးတဲ့ ခေါင်းဆောင်ဟောင်းတွေကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ပရမ်တင် ချူလာနွန်ဒါ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ပီရူး ဝန်ကြီးချုပ်ဟောင်း ဟားဗီးယား ပဲရက်ဇ် ဒီကွေးလျားတို့ ဖြစ်ပါတယ်။
ဇင်ဘာဘွေမှာ တလောကမှ ရာထူးက ထွက်ပေးတဲ့ သမ္မတဟောင်း မူဂါဘီကတော့ ၉၄ နှစ် ရှိပါပြီ။
အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ် အကြီးနဲ့ ဂျင်မီကာတာတို့ကတော့ ၉၃ နှစ်စီ ရှိကြပြီး ပြင်သစ် သမ္မတဟောင်း ဒက်စတိုင်းက ၉၂ နှစ်နဲ့ တရုတ် သမ္မတဟောင်း ကျန်ဇီမင်းက ၉၁ နှစ် အသီးသီး ရှိကြပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KCNA VIA KNS
သူရ ဦးထွန်းတင်ကို ၁၉၂ဝ အောက်တိုဘာလ ၂ ရက်က မွေးဖွားခဲ့ပြီး မြစ်ကြီးနား ဇာတိ ဖြစ်ပါတယ်။
ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ငယ်ကတည်းက ပါဝင်ခဲ့ပြီး တို့ဗမာ အစည်းအရုံးဝင်လည်း ဖြစ်ပါတယ်။
မန္တလေး ဥပစာ ကောလိပ်မှာလည်း သင်ကြားခဲ့ကာ စစ်အတွင်း ၁၉၄၂ မှာ တပ်မတော်ကို ဝင်ခဲ့ပါတယ်။
ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း တတိယပတ်ကို တက်ခဲ့ပြီး ၁၉၄၉ ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှာ ထမ်းဆောင်မှုတွေနဲ့ သူရဘွဲ့ ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၅ဝ မှာ ဗြိတိန်မှာ စစ်ပညာ သင်ယူခဲ့ပြီး တပ်ထိန်းချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။
၁၉၆၂ နောက်ပိုင်း အလုပ်သမား ဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားနဲ့ သတ္တုတွင်း ဌာန အတွင်းဝန် တာဝန်တွေ ယူကာ စစ်လေ့ကျင့်ရေးနဲ့ စီမံကိန်း ဌာန ညွှန်ကြားရေးမှူး အဖြစ် အမှုထမ်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၇၂ မှာ သမဝါယမ ဌာန ဒုတိယ ဝန်ကြီး ဖြစ်လာပြီး တပ်က ဗိုလ်မှူးချုပ်အဆင့်နဲ့ အနားယူခဲ့ပါတယ်။
၁၉၇၄ ကစပြီး သတ္တုတွင်း၊ သမဝါယမ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးတာဝန်၊ ဒုတိယ ဝန်ကြီးချုပ် တာဝန်တွေ ယူခဲ့ပါတယ်။
၁၉၈၈ ဇွန်လမှာ သူ့ကို ဝန်ကြီးချုပ် တာဝန်ပေးပြီး စက်တင်ဘာလ အာဏာသိမ်းချိန်ထိ တည်မြဲခဲ့ပါတယ်။
ဒီစစ်ဘက် နယ်ဘက် အတွေ့အကြုံတွေကို သူရေးတဲ့ ကျွန်တော် ကြုံခဲ့သော ကမ္ဘာနှင့်မြန်မာ စာအုပ်မှာ မှတ်တမ်းတင်ခဲ့ရာမှာ အရေးအခင်းကာလ အကြောင်းအရာတွေ စိစစ်ခံရတယ်လို့လည်း ဆိုပါတယ်။








