စည်သူ ဗိုလ်မှူးကြီး ချစ်မြိုင် ကွယ်လွန်

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း

တော်လှန်ရေး ကောင်စီဝင်ဟောင်း ဗိုလ်မှူးကြီး စည်သူ ချစ်မြိုင် အသက် ၉၆ နှစ် အရွယ်မှာ အမေရိကန်မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၃၉ ကတည်းက ဗကသ ကျောင်းသား သမဂ္ဂ အဖွဲ့ချုပ်မှာ ကျောင်းသား သံမဏိတပ်ဖွဲ့ဝင် အဖြစ် နိုင်ငံရေး စလုပ်ခဲ့ပါတယ်။

ဗိုလ်ရန်နိုင်၊ သံမဏိ မောင်မောင် တို့လိုပဲ သူဟာ ထင်ရှားတဲ့ သံမဏိတပ်ဖွဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ဖြစ်လာမယ့် သခင်အောင်ဆန်းနဲ့ သူတို့ ဒီကတည်းက သိကျွမ်းကြပေမယ့် သခင်အောင်ဆန်းက သူတို့ကို ပညာပဲ ဆက်သင်စေလိုတယ်လို့ ဗိုလ်မှူးကြီး ချစ်မြိုင်က ရေးသားခဲ့ပါတယ်။

သခင်အောင်ဆန်း၊ သခင်မြ၊ ဦးကျော်ငြိမ်း စတဲ့ ခေါင်းဆောင်တွေ သမဂ္ဂမှာ ညပိုင်း အင်္ဂလိပ်ကို တော်လှန်ရေး အတွက် ဆွေးနွေးရင် သံမဏိ ခေါင်းဆောင်တွေက အစောင့်လုပ်ပေးရတယ်လို့လည်း ပါရှိပါတယ်။

ဘီအိုင်အေ၊ ဘီဒီအေ ခေတ်ကစပြီး တပ်မတော်မှာ ပါဝင်ခဲ့ပြီး ဂျပန် တော်လှန်ရေး မတိုင်ခင် ပြည်၊ သာယာဝတီ၊ အင်းစိန် စတဲ့ နယ်တွေမှာ လူထုကို စည်းရုံးခဲ့ရပါတယ်။

စစ်ပြီး တပ်ပြန်ဖွဲ့ရာမှာ တော့ နိုင်ငံရေး ထွက်လုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တောင်းဆိုချက်ကြောင့် သူ တပ်ထဲ ဆက်နေခဲ့တာလို့ ဗိုလ်မှူးကြီး ချစ်မြိုင် မကွယ်လွန်ခင်က မေးမြန်းချက် တခုမှာ ပါရှိပါတယ်။

သူ့ရဲ့ တပ်ဝင်အမှတ်စဉ်က ဘီစီ ၃၅၂ဝ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းက ဘီစီ ၃၅ဝ၂ ဖြစ်ပါတယ်။

၁၉၄၈ မှာ ဗိုလ်ဇေယျ နဲ့ ကွန်မြူနစ် တပ်သားတွေ တောခိုချိန်မှာ သူပါတဲ့ သေနတ်ကိုင် တပ်ရင်း ၃ က တပ်သားတွေ တောမခိုဘဲ ကျန်ခဲ့ပါတယ်။

ဦးသိန်းဖေမြင့်ရဲ့ လက်ဝဲညီညွတ်ရေး ကောင်စီ အစီအစဉ်နဲ့ အာဏာသိမ်းဖို့ အကြံအစည် ပျက်ပြီးနောက် တပ်ရင်း ၃ တပ်မှူး ဗိုလ်ရဲထွဋ် ကတော့ တောခိုခဲ့ပါတယ်။

ဗိုလ်ချစ်မြိုင်သာ တောခိုခဲ့ရင် အကျိုးဆက်က မတွေးဝံ့စရာပဲလို့ ဝန်ကြီးချုပ်ဟောင်း ဦးနုက သူ့ရဲ့ တာတေ စနေသား အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။

တပ်ထဲမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ် သန်ရာ ယိမ်းကြပေမယ့် ဗိုလ်ချစ်မြိုင်က ဘယ်အုပ်စုမှ မပါတဲ့သူတွေထဲက ဖြစ်ပါတယ်။

ပြည်တွင်းစစ် အတွင်း ၁၉၄၉ အင်းစိန် တိုက်ပွဲနဲ့ တခြား ဝက်ကော် စတဲ့ တိုက်ပွဲတွေမှာလည်း အစိုးရ ဘက်က ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။

မြန်မာပြည် တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ဝ၊ ကချင် ပြည်နယ်တွေမှာ အစိုးရ တပ်မင်း အဖြစ် အမှုထမ်းခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အိမ်စောင့် အစိုးရ လက်ထက်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင် ဌာနကို ကြီးကြပ်ပြီး မြန်မာပြည်ရဲ့ ပထမဆုံး နိုင်ငံသား မှတ်ပုံတင် ကတ်တွေ ထုတ်ပေးခဲ့ပါတယ်။

တွဲဖက်စစ်ထောက်ချုပ် အဖြစ် ထမ်းဆောင်ရင်း ၁၉၆၂ တော်လှန်ရေး ကောင်စီ ဖွဲ့စည်းပြီး အာဏာသိမ်းရာမှာ ပါဝင်ခဲ့ရပါတယ်။

တော်လှန်ရေး ကောင်စီမှာ သူပါတာကို ရေဒီယိုမှာ ကြေညာမှ သိရတယ် လို့လည်း ဆိုပါတယ်။

ကုန်သွယ်ရေးနဲ့ စက်မှုလက်မှု ဌာန တာဝန်ခံ ဝန်ကြီး အဖြစ် ၁၉၆၃ မှာ ခန့်အပ် ခံရပါတယ်။

၁၉၆၄ နောက်ပိုင်း ဗိုလ်ချုပ်ကြီး နေဝင်း နဲ့ သဘောကွဲပြီး ၁၉၆၇ မှာ တပ်က အနားယူခဲ့ပါတယ်။

နောက်ပိုင်းမှာ ပြည်ပကို သံအမတ် အဖြစ် လွှတ်ခံရလို့ ယူဂိုဆလားဗီးယားနဲ့ ဗြိတိန် နိုင်ငံတွေမှာ ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ ပြည်ပမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ဒီဇင်ဘာလ ၉ ရက် ကွယ်လွန်သွားပါတယ်။

လက်ရှိ သက်ရှိထင်ရှား တော်လှန်ရေး ကောင်စီဝင်ဟောင်း အဖြစ် ကျန်ရစ်တာက NLD နာယက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ဖြစ်ပါတယ်။