စာဆိုတော်နေ့နဲ့ မြန်မာစာပေ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၄၄ ခုနှစ် စစ်အတွင်းက စတင်ကျင်းပလာတဲ့ စာဆိုတော်နေ့ဟာ နတ်တော်လဆန်း တရက်နေ့တိုင်း နှစ်စဉ် ကျင်းပတဲ့နေ့ပါ။
စာဆိုတော်နေ့မှာ စာပေ ဟောပြောပွဲ၊ စာပေဆုပေးပွဲတွေ ကျင်းပလေ့ရှိသလို စာပေဆိုင်ရာ ပြဇာတ်တွေကိုလည်း စာရေးဆရာတွေ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်လေ့ရှိပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင် အကြံပြုတဲ့ အတိုင်း မြန်မာ ဘုရင်ခေတ်က အမှုထမ်း တွေကို ဘွဲ့အမည် ချီးမြှင့်တဲ့ နတ်တော်လကို ရွေးပြီး နတ်တော် လဆန်းတရက်နေ့တိုင်း စာဆိုတော်နေ့ ကျင်းပရာက တလလုံး စာဆိုတော်လ ကျင်းပကြတာ ဖြစ်ပါတယ်။

စာဆိုတော်နေ့ မသတ်မှတ်ခင် ကတည်းက ရန်ကုန်မှာ အခြေစိုက်တဲ့ စာရေးဆရာတွေ စုဝေးပြီး စာရေးဆရာ အသင်းကို ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ဖွဲ့စည်းခဲ့ကြပါတယ်။
ဒီအသင်းမှာ ပြင်ပ စာရေးဆရာကြီးတွေနဲ့အတူ တက္ကသိုလ် နယ်မြေက စာရေးဆရာ အငယ် တွေလည်း ပါဝင်ခဲ့ကြပါတယ်။
စစ်အတွင်း ဒေါက်တာ ဘမော် လက်အောက်မှာလည်း သူ့အစ်ကို ဒေါက်တာဘဟန် ကြီးမှူးတဲ့ ပညာတံခွန် အသင်းနဲ့အတူ စာရေးဆရာ အသင်းဟာလည်း စာပေပြိုင်ပွဲတွေ လုပ်တာ၊ ပြဇာတ် ကတာတွေ လုပ်ခဲ့ပါတယ်။
ဝိဇယ ပြဇာတ်မှာ သီဟိုဠ်ကျွန်းပေါ် တက်လာတဲ့ ဝိဇယ မင်းသားရဲ့ တပ်တွေ ရမ်းကားတာကို ဂျပန် စစ်သားတွေ ပုံစံ ကပြခဲ့လို့ ဂျပန် အာဏာပိုင်တွေက စိတ်ဆိုးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Phyo Aung Kyaw
စစ်ပြီး နောက်ပိုင်း လွတ်လပ်ရေး ရတဲ့ ၁၉၄၈ က စပြီး ခုထိ စာဆိုတော်နေ့မှာ စာပေဆု ချီးမြှင့် တာတွေ အစိုးရက ကြီးမှူး ကျင်းပခဲ့ပါတယ်။
အဲဒီအချိန်က ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်က စာရေးဆရာ ဖြစ်လို့ စာပေဗိမာန်ကို တည်ထောင်ပြီး ဘာသာပြန် စာပေနဲ့ စွယ်စုံကျမ်း ပြုစုတာကို အားပေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်မှာတော့ ၁၉၆၂ မှာ စာပေညီလာခံ တရပ် ကျင်းပပြီး စာရေးဆရာတွေကို ဆိုရှယ်လစ် နိုင်ငံ ထူထောင်ရေးအတွက် ကူညီ ရေးသားပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
နောက်ပိုင်းမှာ စာပေ စိစစ်ရေးတွေ တင်းကျပ်လာလို့ စာပေ အရည်အသွေးပိုင်း ကျဆင်းမှုတွေ ရှိခဲ့သလို စက္ကူ စျေးတက်လာလို့ စာအုပ်စျေးကွက် ကျဆင်းလာပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ နိုင်ငံရေး ဆိုင်ရာ ရေးသားမှုတွေ ဖြတ်တောက် ခံရသလို သမိုင်းစာပေ ထုတ်ဝေမှုတွေကို တင်းကျပ်ခဲ့ပါတယ်။
အာဏာသိမ်း စစ်အစိုးရက မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးအတွက် စာပေ ပြိုင်ပွဲတွေနဲ့ ထုတ်ဝေရေးတွေ လုပ်ခဲ့ပါတယ်။

တဘက်မှာတော့ ခေတ်သစ် စာပေ သဘောတရားတွေ စိမ့်ဝင်လာမှုကို စိစစ်ရေးက မကန့်သတ်နိုင်ခဲ့ပါဘူး။
၁၉၆ဝ ပြည့်နှစ်တွေကတည်းက မော်ဒန် စာပေဝါဒကို မြန်မာကဗျာတွေမှာ စတွေ့ရသလို ဖြစ်တည်မှု ပဓာနဝါဒနဲ့ တခြား စာပေလက်ရာသစ်တွေလည်း စာပေ မဂ္ဂဇင်းတွေက တဆင့် ဖြန့်ဖြူး ခဲ့ကြပါတယ်။
စကားပြောသလို စာရေးတဲ့နည်းဟာလည်း ချက်ကိုစလိုဗက်ကီးယား က ဒေါက်တာမင်းလတ်ဆီက တဆင့် ၁၉၆ဝ ပြည့်နှစ် အလယ်ပိုင်း တွေမှာ ရောက်လာ ပါတယ်။
၂ဝ၁ဝ နောက်ပိုင်းမှာ စာပေ စိစစ်ရေး ဖျက်သိမ်းပြီးနောက် စာပေ လွတ်လပ်ခွင့်တွေ ပြန်ပေါ်ထွန်းလာပေမယ့် တပ်မတော်ကို ဝေဖန်သရော်တဲ့ စာရေးသူတွေကို ဖမ်းဆီး စွဲဆိုတာတွေ ရှိနေပါသေးတယ်။
နိုင်ငံတကာ စာပေ ပွဲတော်တွေ ကျင်းပတာ အပြင် စာပေ ဆွေးနွေးပွဲ အလုပ်ရုံတွေ ကျင်းပတာတွေလည်း ရှိလာပါတယ်။
စာပေ အရည်အသွေး တိုးတက်မှုကတော့ လွတ်လပ်ခွင့် ရလာသလောက် သိသာတာ မရှိသေးဘူးလို့ သုံးသပ်ကြပါတယ်။
ကဗျာဘက်က ဖွံ့ဖြိုးမှု ကောင်းသလောက် ဝတ္ထုဘက်က နှေးကွေးတယ်၊ နိုင်ငံရေး လှုပ်ရှားမှုတွေကို မှတ်တမ်းတင်တဲ့ စာပေတွေ ဒီဘက်နှစ်ပိုင်းတွေမှာ ပိုထွက်လာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Catholic Magazine
ပထမဆုံး မြန်မာ ပုံနှိပ်စာအုပ် ။ ။ ရောမ ထုတ် Alphabetum Barmanum seu Bomanum Regni Avae Finitimarumque Regionum (၁၇၇၆)
ပထမဆုံး မြန်မာ ဝတ္ထုရှည် ။ ။ ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင် မမယ်မ (၁၉ဝ၄)
ပထမ မြန်မာ ခေတ်ပေါ် စာရေးဆရာမ ။ ။ မအေးခင် ၊ချစ်ရိုးအမှန် ဝတ္ထု (၁၉ဝ၉)
ပထမ ခေတ်သစ် မြန်မာ မဂ္ဂဇင်း ။ ။ မြန်မာ့အလင်း (၁၉၁၂)
ပထမဆုံး မြန်မာ ဝတ္ထုတို ။ ။ ရွှေဥဒေါင်းရဲ့ မောင်သိန်းတင် မသိန်းရှင် ( ၁၉၁၇၊ မတ်၊ သူရိယ မဂ္ဂဇင်း)
ပထမဆုံး မြန်မာ ခေတ်သစ် ကဗျာ စာအုပ် ။ ။ ခေတ်စမ်း ကဗျာများ (၁၉၃၄)
ပထမဆုံး စာပေဗိမာန် ဆုရ ဝတ္ထု ။ ။ မင်းအောင်ရဲ့ မိုးအောက်မြေပြင် (၁၉၄၈)









