ကချင် ဆရာမလေးတွေ သတ်ဖြတ်မှု တရားခံ မမိသေး

ဓာတ်ပုံ ရင်းမြစ်, U Kum Awng FB
ရှမ်းပြည်တောင်ပိုင်း မူဆယ်မြို့နယ်၊ ကောင်းခါး ကျေးရွာမှာ ကချင် နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ရဲ့ ပညာဒါန အနေနဲ့ စေတနာ့ဝန်ထမ်း ဆရာမလေး နှစ်ယောက် သတ်ဖြတ် ခံရတဲ့ တစ်နှစ်မြောက် အထိမ်းအမှတ် ဆုတောင်းပွဲနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
ကချင်ဆရာမလေး တန်ဘောင်ခေါန်နန်စင် နဲ့ မရန် လုရာ တို့ အဓမ္မ ပြုကျင့် ခံရပြီး သတ်ဖြတ် ခံခဲ့ရတာ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တစ်နှစ် တင်းတင်း ပြည့်ပြီဖြစ်ပေမဲ့ တရားခံတွေကိုတော့ အခုချိန်ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။
တရားခံပေါ်ပေါက်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတွေ အပြင် KBC နဲ့ ရှမ်းပြည်နယ်ထဲက ကချင် ရှေ့နေများ ကွန်ရက် အဖွဲ့ဝင်တွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ အမှုမှန် ဖော်ထုတ်ရေး ကော်မတီက စုံစမ်း စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ KBC အမှုမှန် ဖော်ထုတ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ဆမ်ဆွန် ကတော့ သူတို့အဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးလိုတဲ့သူ တွေကို ခေါ်ယူ စစ်ဆေးဖို့ လုပ်ပိုင်ခွင့်မရှိသလို ရဲတွေ ဘက်ကလည်း နောက်ပိုင်းမှာ အားတက်သရော စုံစမ်းစစ်ဆေးမှု မရှိတော့တာ တွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် လုပ်ပိုင်ခွင့် ပေးဖို့ သမ္မတဆီကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ကတည်းက စာရေးသား တောင်းဆိုခဲ့ရာမှာ အခုချိန်အထိ အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။
ဆရာမလေးတွေကို အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ်မှု ဖြစ်ခဲ့ချိန်က ကောင်းခါးမှာ တာဝန်ကျနေတဲ့ တပ်မတော် စစ်ကြောင်းမှုးနဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ရဲဘော်တချို့ကို တင်ခေါ်သွားတဲ့ ကားသမား နှစ်ယောက်ကို KBC အမှုမှန် ဖော်ထုတ်ရေး ကော်မတီက မေးခွင့်ရချင်တာ ဖြစ်တယ်လို့ ဆရာ ဆမ်ဆွန်က ပြောပါတယ်။
မေးမြန်းခွင့် ရမယ်ဆိုရင် သူတို့က ကျူးလွန်ခဲ့သူတွေ မဟုတ်ရင်တောင် တရားခံ ပေါ်ပေါက်ရေး အတွက် တစုံတရာတော့ အထောက်အကူပြုလိမ့်မယ်လို့ ယူဆတဲ့ အတွက်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့က ကချင် နှစ်ချင်း ခရစ်ယာန် အသင်းချုပ် မှာပြုလုပ်တဲ့ ဆုတောင်းပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူတစ်ထောင်ကျော် တက်ရောက် ခဲ့ကြတယ်လို့ စီစဉ်သူ တွေက ပြောပါတယ်။
မြစ်ကြီးနားနဲ့ ဗန်းမော်မှာလည်း ဆုတောင်းပွဲ တွေ ပြုလုပ်ခဲ့ကြပါတယ်။








