ဒေါ်ခင်ဝင်းသေဆုံးမှု တစ်နှစ်ပြည့်အထိ မထူးခြား

Letpadaung death
ဓာတ်ပုံ ပုံစာ, ဒေသခံတွေအတွက် ထိတ်လန့်တုန်လှုပ်စရာ အဖြစ်ကြီး ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ လက်ပံတောင်းကြေးနီစီမံကိန်းမှာ လုံခြုံရေး ဝန်ထမ်းတွေနဲ့ ဒေသခံ မြေပိုင်ရှင်တွေ ပဋိပက္ခဖြစ်လို့ အပြန်အလှန် ပစ်ခတ်ရာက လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင် အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်းရဲ့ ခေါင်းမှာ ကျည်မှန်ပြီး နေရာတင် သေဆုံးခဲ့တဲ့ တစ်နှစ်မြောက်နေ့ ဖြစ်ပါတယ်။

ဒီအမှုကို ကာယကံရှင် မိသားစုနဲ့ ဥပဒေ အကျိုးဆောင်တွေက ရဲစခန်းကို တိုင်ချက် ဖွင့်ခဲ့ပေမယ့် နယ်မြေခံရဲက အမှုဖွင့်မပေးဘဲ သေမှုသေခင်းနဲ့သာ တရားရုံးကို တင်ပေးခဲ့ပါတယ်။ တရားရုံးကတော့ ဓမ္မတာအတိုင်း သေတာ မဟုတ်ဘဲ တစုံတယောက်ကြောင့် သေတာပါလို့ ဆုံးဖြတ် ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်သည်တရားခံ ကိုတော့ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

အရပ်ဖက်က စီရင်ခွင့်မရှိ

ဒီအမှုကို ဥပဒေအကျိုးဆောင် အဖြစ် လိုက်ပါကူညီ ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းကတော့ အခု လောလောဆယ်မှာ စစ်ဆေး တွေ့ရှိချက်တွေကို အထက်ကို တင်ပြထားတယ် လို့ပဲ တရားရုံးဆီက သိရှိ ရကြောင်း၊ သူတို့အနေနဲ့ အမြင့်ဆုံး တရားရုံးအထိ တက်ရောက် တင်ပြ သွားဖို့ စီစဉ်ထားကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် တရားခံတွေဟာ စစ်ဖက်နဲ့ ရဲဖက်က ဖြစ်တဲ့ အခါမျိုးတွေမှာ အရပ်ဖက် တရားရုံးတွေက စီရင်ဆုံးဖြတ်ခွင့် မရှိတာကလည်း အတားအဆီးကြီး တစ်ခု ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ အမြင့်ဆုံးတရားလွှတ်တော်မှာ တင်ကြည့်ပြီး လက်သည်တရားခံ မဖေါ်ထုတ်နိုင်ရင်တော့ ဒီတိုင်းဘဲ အဆုံးသတ်ရမှာ ဖြစ်ပြီး နိုင်ငံတကာ တရားရုံးတွေလည်း ဆက်တင်လို့မရနိုင်တဲ့ အမှုမျိုး ဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

နောင်ထပ်မဖြစ်ဖို့လို

Letpadaung death

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ရဲတွေဖက်က အကြမ်းဖက် အင်အားသုံး ဖြိုခွဲတာတွေ အများကြီး လုပ်ခဲ့။

ပုလဲမြို့နယ်ရဲ့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကတော့ ဘယ်အစိုးရပဲ တက်လာတက်လာ ဒေါ်ခင်ဝင်းရဲ့ အဖြစ်မျိုး နောင်မဖြစ်ဖို့ တာဝန်ယူရမှာ ဖြစ်ပြီး မိသားစုတွေ အတွက်လည်း သင့်လျော်မျှတတဲ့ အဖြေရှာပေးဖို့ လိုပါတယ်လို့ ပြောပါတယ်။ ဒေါ်ခင်ဝင်းသေဆုံးပြီးကာစက ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေ နစ်နာကြေး သဘောမျိုး မိသားစုကို ပေးဖို့ ကမ်းလှမ်း ခဲ့ပေမယ့် မိသားစုက လက်မခံခဲ့ ပါဘူး။

လက်ပံတောင်း ဒေသမှာတော့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဒေါ်ခင်ဝင်းအတွက် နှစ်လည်ဆွမ်းသွတ် အမျှဝေပွဲတွေကို ဒေသခံတွေ စုပေါင်းပြီး လုပ်ခဲ့ကြတယ် လို့လည်း သိရပါတယ်။