နိုဝင်ဘာ ရွေးကောက်ပွဲဟာ ယုံကြည်သင့်လား ကုလ အထူး ကိုယ်စားလှယ် မေးခွန်းထုတ်

ဓာတ်ပုံ ရင်းမြစ်, AP
ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဒီအကြောင်းတွေကို ဖော်ပြခဲ့သလို အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာလည်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။
မစ္စ ရန်ဟီးလီး အဓိက စိုးရိမ်ပူပန်တာက မွတ်စလင် ကိုယ်စားလှယ်လောင်းတွေ ဟာ သူတို့ရဲ့ နိုင်ငံသားဖြစ်မှု၊ သူတို့ရဲ့ မိဘတွေ နိုင်ငံသားဖြစ်မှု ကို အကြောင်းပြလို့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချ ခံရတာတွေ၊ အရင်ရွေးကောက်ပွဲ တုန်းက မဲပေးခွင့် ရခဲ့ကြတဲ့ ရိုဟင်ဂျာ အပါအဝင် လူနည်းစု မွတ်စလင် လူပေါင်း ၇ သိန်း ၆ သောင်းလောက်ဟာ အခု ရွေးကောက်ပွဲမှာ မဲပေးခွင့် မရကြတော့တဲ့ အပေါ်မှာ စိုးရိန်ပူပန် မိတယ်လို့ ပြောကြားခဲ့ပါတယ်။
ရွှေ့ပြောင်း အလုပ်သမားတွေ၊ ရေဘေး ဒုက္ခသည်တွေနဲ့ စစ်ဘေး ဒုက္ခသည်တွေ မဲပေးခွင့် မရတာကလည်း ရွေးကောက်ပွဲ အပေါ် ယုံကြည်မှု ကျဆင်း နိုင်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။
မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူ လူထုက လက်မခံ နိုင်စရာ ဖြစ်လာခဲ့ရင် ရွေးကောက်ပွဲလွန် ကာလမှာ မတည်ငြိမ်မှုတွေ ဖြစ်လာ နိုင်တာကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့ မြန်မာ နိုင်ငံကို နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ လိုကြောင်း လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီး က တိုက်တွန်း ခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေ အပေါ်မှာ အင်အား အလွန်အကျွံ အသုံးပြု ဖိနှိပ်ဖြိုခွဲ မှုတွေ၊ ခြိမ်းခြောက်မှု တိုးမြှင့် လာတာတွေ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေကို စောင့်ကြည့်နေတာတွေ စတာတွေကလည်း ရွေးကောက်ပွဲ ရဲ့ ဂုဏ်သိက္ခာ၊ လူအများရဲ့ ယုံကြည် ကိုးစားမှုကို ထိခိုက် စေနိုင်တဲ့ အကြောင်း အရာတွေ ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့ပါတယ်။
လွတ်လွပ်စွာ ပြောဆို စည်းရုံးခွင့်၊ လွတ်လပ်စွာ လူစုဝေးခွင့် ဟောပြောခွင့်၊ လွတ်လပ်စွာ မဲပေးခွင့် စတဲ့ အခွင့်အရေးတွေ ရအောင် ဆောင်ကျဉ်း ပေးဖို့ အရေးကြီးကြောင်း ထပ်လောင်း ပြောကြားသွားပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ် ပြုပြင်ပြောင်းလဲမှု စတင်ခဲ့တဲ့ အချိန်က စပြီး မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရင်ကထက် တိုးတက် လာတယ် ဆိုတာ မငြင်းနိုင်ကြောင်းနဲ့ အခုလာမဲ့ ရွေးကောက်ပွဲဟာလည်း ဒီမိုကရေစီ ဖြစ်စဉ် အတွက် အရေးပါတဲ့ မှတ်တိုင် တစ်ခု ဖြစ်မယ်ဆိုတာ သေချာကြောင်း မစ္စရန်ဟီးလီး က ပြောကြားသွားပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေ က မစ္စ ရန်ဟီးလီး ရဲ့ အစီရင်ခံစာဟာ မတိကျတဲ့ အချက်တွေနဲ့ အထင်မှားစေတဲ့ စွပ်စွဲချက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
သမိုင်းဝင်မယ့် ရွေးကောက်ပွဲကြီး တစ်ခုကို မကျင်းပခင်မှာ အပြစ်မတင် သင့်ကြောင်း မြန်မာ သံအမတ်ကြီးက တုံ့ပြန် ပြောကြား ခဲ့ပါတယ်။








