ကိုးကန့် တိုက်ပွဲတွေ ရပ်ဖို့ UNFC ဥက္ကဌ တောင်းဆို

NCCT နဲ့ UPWC အကြား တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူမူကြမ်း လက်မှတ် ထိုးနိုင်ခဲ့ပေမယ့် ထိပ်သီး ခေါင်းဆောင်တွေ ကြား ပြန်ညှိဖို့ လိုသေး

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, NCCT နဲ့ UPWC အကြား တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူမူကြမ်း လက်မှတ် ထိုးနိုင်ခဲ့ပေမယ့် ထိပ်သီး ခေါင်းဆောင်တွေ ကြား ပြန်ညှိဖို့ လိုသေး

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က ကိုးကန့် တိုက်ပွဲဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အဟန့်အတား ဖြစ်စေ နိုင်တဲ့အတွက် လက်ရှိ ထိုးစစ် အားလုံး အမြန်ဆုံး ရပ်တန့်ပေးဖို့ သမ္မတ ဉီးသိန်းစိန်ထံ စာရေး တောင်းဆို လိုက်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ လက်ရှိ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ NCCT အဖွဲ့ဝင် ဖြစ်သလို UNFC တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်လည်း ဖြစ်တယ်လို့ အဲဒီ စာထဲမှာ ဖေါ်ပြထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်မှာ အားလုံး ပါဝင်မှု ရှိမှ အဓိပ္ပါယ် ပြည့်ဝတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းနဲ့ ကိုးကန့် တပ်ဖွဲ့အပါအဝင် တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အတူ တွေ့ဆုံဆွေးနွေးခြင်းနည်းနာနဲ့ ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။

အစိုးရကသော်လည်းကောင်း၊ တပ်မတော်ကသော်လည်းကောင်း တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်တမ်း လိုချင်တယ် ဆိုရင် အပေးအယူ အလျှော့အတင်း လုပ်ဖို့ လိုတယ်လို့ UNFC အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဘီဘီစီကို ပြောပါတယ်။