ရွှေပြည်သာ သပိတ် ဖြိုခွဲခံရ ပေမယ့် ဆက် ဆန္ဒပြ

worker_myanmar

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, အလုပ်သမား ထောင်ချီ ဆန္ဒပြခဲ့ကြ

ရွှေပြည်သာ စက်မှုဇုန်က E-Land Myanmar အထည်ချုပ် စက်ရုံရှေ့ က ဆန္ဒပြ အလုပ်သမား တွေကို ရဲတွေက မနေ့က ဝင်ရောက် ဖြိုခွင်း ခဲ့ပေမယ့် အလုပ်သမား တွေကတော့ သပိတ်စခန်း ဖွင့် ဆန္ဒပြ နေကြဆဲ ဖြစ်ပါတယ်။

မနေ့က သပိတ်ဖြိုခွင်း မခံရခင် တဲ့အထိ ဒီစက်ရုံ ရှေ့မှာ အလုပ်သမား ထောင်ချီ ဆန္ဒပြ နေခဲ့တာ ဖြစ်ပြီး ဒီနေ့မှာ ဆန္ဒပြ အလုပ်သမား ၅ဝဝ လောက်ပဲ ရှိပါတယ်။

အရင်က E-Land Myanmar ၊ Ford Glory နဲ့ Costec အထည်ချုပ် စက်ရုံ (၃)ခု က အလုပ်သမား တွေဟာ သူတို့ စက်ရုံ ရှေ့မှာ သပိတ်စခန်း ဖွင့် ဆန္ဒပြ နေခဲ့ပေမယ့် ခုတော့ စက်ရုံ(၃)ခု ပေါင်းပြီး E-Land Myanmar စက်ရုံရှေ့မှာ ဆန္ဒပြ နေကြတာပါ။

သပိတ် ဖြိုခွင်း ခံရစဉ်မှာ အလုပ်သမား တချို့ ဖမ်းမိ ခံရပြီး တချို့ ကလည်း ဒီ ဆန္ဒပြ သပိတ် ကို မလာ ရဲ ကြတော့ဘူး လို့ အလုပ်သမား တွေက ပြောပါတယ်။

မနေ့က ဘယ်နှယောက် အဖမ်းခံခဲ့ရလဲ ဆိုတာကို သေချာ မသိပေမယ့် အလုပ်သမား(၂) ယောက် ကတော့ ဒဏ်ရာ ပြင်းထန် တဲ့ အတွက် ဆေးရုံမှာ အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရတယ်လို့ သူတို့က ပြောပါတယ်။

ရဲတွေ ဘက်က အဓိကရုဏ်းမှာ ရဲ (၉)ဦး ဒဏ်ရာရခဲ့ပြီး ရဲကား တစီးလည်း ပျက်စီး ခဲ့တယ် လို့ ပြောပါတယ်။

ရဲတွေ ကတော့ မနေ့က ဖမ်းဆီးခဲ့တဲ့ သူတွေ အားလုံး ပြန်လွှတ် ပေးလိုက်ပြီ လို့ ပြောပေမယ့် အလုပ်သမား ခေါင်းဆောင် (၃) ဦး ကို ခုထိ ဆက်သွယ် လို့ မရသေးဘူး လို့ ရွှေပြည်သာ အလုပ် သမား သမဂ္ဂ ယာယီ ခေါင်းဆောင် ကို ကျော်ကျော်မြင့် က ပြောပါတယ်။

အလုပ်သမား တွေဟာ အခြေခံ လုပ်ခလစာ (၃)သောင်း အထိ ရဖို့ တောင်းဆို နေတာ ဖြစ်ပြီး ဒီ အထဲမှာ E-Land Myanmar စက်ရုံက အလုပ်သမား (၉ဝ) လောက် ကလည်း အလုပ်ရှင် ပေးတဲ့ အခြေခံ လုပ်ခလစာ (၁၂ ဝဝဝ) ကို ကျေနပ်တယ် ဆိုပြီး ဆန္ဒ ဆက်မပြေ တော့ဘဲ အလုပ် ပြန်ဆင်း တာတွေ လည်း ရှိနေတယ် လို့ စက်ရုံဝန်ထမ်း မစန်းစန်းမော် က ပြောပါတယ်။

သပိတ် ဖြိုခွင်း ခံခဲ့ရပေမယ့် ကျန်နေသေးတဲ့ အလုပ်သမား တွေကတော့ အခြေခံ လုပ်ခလစာ တိုးရဖို့ သူတို့ တောင်းဆိုချက် မရမချင်း ဆန္ဒပြကြမယ် လို့ ပြောပါတယ်။