
နိုဝင်္ဘာ ၂၆ ရန်ကုန် ဆန္ဒပြပွဲမှာ ဒေါ်နော်အုန်းလှ တို့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်
လက်ပံတောင်းတောင် အရေး ဆန္ဒ ဖော်ထုတ် ခဲ့လို့ ပြီးခဲ့တဲ့လ(၂၆) ရက်နေ့က ရန်ကုန်မှာ ဖမ်းဆီး ခံခဲ့ရတဲ့ ဒေါ်နော်အုန်းလှ အပါ အဝင်(၆)ဦး ကို ကျောက်တံတား မြို့နယ် တရားရုံးက ပုဒ်မ(၅၀၅/ခ) နိုင်ငံတော် အကြည်ညို ပျက်အောင် သွေးထိုး လှုံ့ဆော်မှုနဲ့ တရာစွဲဆို လိုက်ပါတယ်။
သူတို့ ၆ ဦးကို ကျောက်တံတား မြို့နယ်နဲ့ ပန်ဘဲတန်း မြို့နယ် နှစ်ခု ကနေ တရားစွဲ လိုက်တာ ဖြစ်ပြီး၊ ရှေ့နေကြီး ရောဘတ်ဦးစန်းအောင်ကတော့ ဒီ တရားစွဲမှုဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောပါတယ်။
နိုဝင်ဘာ (၂၆)ရက်နေ့က ဆူးလေ ဘုရားနဲ့ မြို့တော် ခန်းမရှေ့မှာ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး စီတန်း လှည့်လယ် ဆန္ဒပြ တာကို ရဲက ပုဒ်မ(၁၈)နဲ့ ဖမ်ဆီပြီး၊ ရုံးတင် တော့မှ (၅၀၅/ခ) ပြောင်းတပ် လိုက်တာ ဖြစ်ပါတယ်။
အာမခံလည်း မရဘဲ အမှုကို လာမယ့် (၁၁)ရက် အင်္ဂါနေ့ကို ချိန်းဆို လိုက်ပြီး၊ ဒီအမှုကို ဗဟို တရားရုံး ရှေ့နေ(၆) ဦးက လိုက်ပါ ဆောင်ရွက်မယ်လို့ သိရပါတယ်။
အခု တရားစွဲ ခံရသူတွေဟာ လက်ပံတောင်း သပိတ်ကို မဖြိုခွဲခင် အဖမ်းခံခဲ့ ရသူတွေ ဖြစ်ကြပါတယ်။
သပိတ် ဖြိုခွဲ ခံရပြီး နောက်ပိုင်း ဆန္ဒပြရမှာ ပါဝင်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်အရုံးက ကိုမိုသွေး၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးတို့ ကို ရဲက တနင်္ဂနွေနေ့က အကြမ်းဖက် ဖမ်းဆီး သွားခဲ့ပါတယ်။












