
ခေါင်းဆောင်တွေ အဖမ်းခံခဲ့ရပေမယ့် ကျန်သူတွေကတော့ ဆက်လက်ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း ရမည်းသင်း မြို့နယ် မိုးထိ မိုးမိ တောင်ပေါ် ရွှေတွင်း လုပ်ကွက်က တနိုင် တပိုင်ရွှေတူးတဲ့ လုပ်ငန်းရှင် တွေဟာ ရန်ကုန်ကနေ နေပြည်တော် မှာရှိတဲ့ သမ္မတ အိမ်တော်ဆီကို ချီတက် တောင်းဆို လမ်းလျှောက်ပြီး ပြန်အလာ သောကြာနေ့ မနက် ၉နာရီခွဲလောက်က သူတို့ထဲက ခေါင်းဆောင် ၄ယောက်ဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနိုင်၀င်း၊ ကိုစောနောင်နဲ့ ကိုနေအောင်ထက် တို့ကို မြို့လှနဲ့ ရေနီအကြား လမ်းခုလပ်မှာ အာဏာပိုင် တွေက ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တွေကို အကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပေမယ့် အခုဆိုရင် ဆန္ဒပြတဲ့ လူ ၆၀ ကျော်လောက်ဟာ ရေနီမြို့က ဓမ္မာရုံကျောင်းကို ရောက်နေပြီလို့ ကိုရဲရင့်ထွန်းရဲ့ဇနီးဖြစ်တဲ့ မအိမွန်ကျော်က ဘီဘီစီကို ပြောပါတယ်။
မိုးထိမိုးမိ တောင်ပေါ်ရွှေတွင်း လုပ်ကွက်မှာ သတ္တုတွင်း ၀န်ကြီးဌာန ဆီကနေ တရား၀င်လုပ်ပိုင်ခွင့်ရထားတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ဒေသခံ တနိုင်တပိုင် ရွှေတူးဖေါ်တဲ့ သူတွေဟာ အစက အကျိုးတူ ပူးပေါင်းလုပ်ခဲ့ ကြတာပါ။
ဒါပေမယ့် ဒီနှစ် မေလဆန်း ကစပြီး ကုမ္ပဏီဘက်က ရွှေတူး ဖေါ်ရေးစနစ် ပြောင်းလိုက်တာကြောင့် သူတို့ပြောင်းလိုက်တဲ့ စနစ်အတိုင်း လိုက်မလုပ်နိုင်တဲ့ တနိုင်တပိုင် လုပ်ငန်းရှင်တွေကို လုပ်ငန်းရပ်ခိုင်းခဲ့ရာက ဆန္ဒပြမှုတွေ ရမည်းသင်းဒေသမှာ စခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၁ရက်နေ့ကတော့ ဆန္ဒပြသူတွေနဲ့ ကုမ္ပဏီ ညှိနိုင်းပြီး ၂ဖက် သဘောတူ စာချုပ်တွေ ချုပ်ချုပ်ဆိုခဲ့ရာက ဆန္ဒပြမှုတွေ ရပ်ခဲ့ပေမယ့် တချို့ လုပ်ငန်းရှင် တွေဘဲ နစ်နာကြေးရပြီး မရတဲ့ သူမရ ဖြစ်နေသေးတာမို့ ခုလိုအခြေအနေ ထိရောက်လာတာ ဖြစ်ပါတယ်။
ဒီလုပ်ကွက်ကို လုပ်ပိုင်ခွင့်ရထားတဲ့ အမျိုးသား ကြီးပွားရေး တိုးတက်ရေး ကုမ္ပဏီ ရုံးချုပ် ရှိတဲ့ ရန်ကုန်ကို ဆင်းပြီး သူတို့ တောင်းဆို ချက်တွေကို ၃ကြိမ် ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
ဒါပေမယ့် မအောင်မြင် တဲ့အတွက် ခုလိုနေပြည်တော်ကို ချီတက် တောင်းဆိုဖို့ အလာမှာ အဖမ်းခံ လိုက်ရတာဖြစ်ပါတယ်။












