
ရန်ကုန်မြို့မှာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ သူ တွေထဲက နှစ်ဦးကို ရဲက ဖမ်းဆီးသွား
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်တွင်းက လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သံဃာတွေကို အင်အားသုံး ဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့အတော်များများမှာ ဆန္ဒထုတ်ဖေါ်မှုတွေ ဆက်ရှိခဲ့ရာမှာ အဖမ်းအဆီး တချို့ ရှိခဲ့ပါတယ်။
ရန်ကုန်မြို့မှာ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသူ တွေထဲက မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ကိုမိုးသွေးနဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရဲကားပေါ်ကနေ အတင်းအဓမ္မ ဖမ်းဆီးသွားတာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကလို့ သိရကြောင်း အတူဆန္ဒပြခဲ့သူတဦးက ဘီဘီစီကို ပြောပါတယ်။
မန္တလေးမြို့မှာလည်း အာသောကာ ရာမ ကျောင်းတိုက် ဒက္ခိဏာရာမ ကျောင်းတိုက် အပါအဝင် တခြားကျောင်းတိုက်က သံဃာတွေ စုပေါင်းပြီး လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ ကြရာမှာ ပြည်သူတွေ ပါဝင် လာတာကြောင့် အင်အား ၂၀၀နီးပါး ရှိခဲ့တယ် လို့ သိရပါတယ်။
အဲဒီမှာတော့ တစုံတရာ နှောင့်ယှက်မှု မရှိဘူးလို့ သံဃာတော် တပါးက ပြောပါတယ်။
မြင်းခြံမြို့မှာလည်း မြင်းခြံခရိုင် ဗကသများအဖွဲ့၊ သံဃာတော်တွေနဲ့ ပြည်သူလူထု ပူးပေါင်း အင်အား ၃၀၀ နီးပါး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖေါ် ကြွေးကြော်ရာမှာ အကြမ်းဖက်မှု အလိုမရှိ၊ သာသနာတော်ကို စောင့်ရှောက်ကြ၊ သံဃာတော်များကို စောင့်ရှောက်ကြလို့ ကြွေးကြော်ခဲ့ကြပါတယ်။
မွန်ပြည်နယ် သထုံမြို့ ရွှေစာရံ ဘုရားပေါ်မှာ လက်ပံတောင်း သပိတ်စခန်း အင်အားသုံး ဖြိုခွဲခံခဲ့ရစဉ် ဒဏ်ရာရခဲ့တဲ့ ရဟန်း ရှင်လူ ပြည်သူအပေါင်း အမြန်ဆုံး ကျန်းမာစေဖို့ ဆုတောင်း မေတ္တာပို့ပွဲကို လူ၅၀ကျော် တက်ရောက် ခဲ့ကြပါတယ်။












