
ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ်မှောက်(ဓာတ်ပုံ မုံရွာ ဗကသ)
သတိပေး တားဆီးမှု တွေ ရှိနေတဲ့ ကြားက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြ သပိတ်သမား တွေက ဆက်ပြီး သပိတ်မှောက်မယ်လို့ ပြောပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနက အင်္ဂါ နေ့ ညနေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကြေးနီ စီမံကိန်း အကျိုး သက်ရောက်မှုနဲ့ လူထု သဘောထား တွေကို ပြည်သူ ယုံကြည်ကိုးစားတဲ့ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ပညာရှင် များ၊ အဖွဲ့အစည်းများ ပါဝင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတော် အဆင့် ကော်မရှင် ဖွဲ့စည်း သွားမယ်လို့ ပြောပါတယ်။
အဲဒီလို ကော်မရှင်ကနေ လွတ်လပ်စွာ စစ်ဆေးနိုင်ဖို့ ဆန္ဒပြနေတဲ့ အဖွဲ့အစည်း အားလုံး အင်္ဂါ နေ့ ည ၁၂ နာရီ နောက်ဆုံး ထား ဖယ်ရှားဖို့ ၊ မဖယ်ရှားရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ တည်ဆဲ ဥပဒေတွေ အတိုင်း အဆင့်ဆင့် ဖြေရှင်းမယ်လို့ သတိပေး ထားပါတယ်။
ဒါပေမယ့် ည ၁၂ နာရီကျော်ခဲ့ပေမယ့် သပိတ်စခန်း ၆ ခုမှာရှိတဲ့ သံဃာ အပါး ၅၀၀ ကျော်နဲ့ လူ ထောင်ဂဏန်းလောက်ဟာ စခမ်းတွေက မခွာကြဘူးလို့ ပြောပါတယ်။
ညပိုင်းမှာ လုံခြုံရေးတွေက ကြေငြာချက်တွေကို အသံချဲ့စက်နဲ့ ဖတ်ပြတာ၊ ဖယ်ရှားဖို့ ပြောတာတွေ ရှိပေမယ့် မနက်လင်းအားကြီး ပိုင်းမှာတော့ လုံခြုံရေးတွေ သိပ်မတွေ့ရတော့ဘူးလို့ ကျော်ရွာ သပိတ်စခန်းမှာရှိတဲ့ ကိုဝင်းကျော့မှူးက ပြောပါတယ်။
ညပိုင်း ရဲတွေ လာပြောတဲ့အချိန်မှာ သံဃာတော်တွေက မေတ္တာသုတ် ရွတ်နေခဲ့ကြတယ်လို့ သူက ပြောပါတယ်။
လက်ပံတောင်း တောင်ခြေ သပိတ်စခန်းမှာရှိနေတဲ့ မုံရွာကျောင်းသားသမဂ္ဂက ကိုသောင်းထိုက်ကလည်း ဆန္ဒပြသူ အားလုံးဟာ ကြေးနီစီမံကိန်းတွေ ရပ်ပေးမှပဲ သပိတ်မှောက် ဆန္ဒပြတာတွေ ရပ်နားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန် မြို့မှာလည်း တနင်္လာနေ့ က ကြေးနီ စီမံကိန်း ရပ်စဲရေး ဆန္ဒပြမှု တွေ ပေါ်ပေါက်ခဲ့ပြီး ဦးဆောင် ပါဝင်ခဲ့သူ တွေကို ဖမ်းဆီး အရေးယူမှု တွေ ရှိနေတယ်လို့ သိရပါတယ်။












