
လက်ပန်းတောင်း ဒေသခံ ပြည်သူတွေရဲ့ စီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုလည်း အရှိန်မြင့်
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုံးဝ ရပ်ဆိုင်းရေး လှုပ်ရှားမှု အဖြစ် လူတထောင် လောက်က ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဗန္ဓုလ ပန်းခြံကို ပတ်ပြီး ဒီနေ့ ညနေ ၃နာခွဲ လောက် မှာ ဆန္ဒပြခဲ့ကြ ပါတယ်။
ဒီဆန္ဒဖေါ်ထုတ်ပွဲကို ဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်တွေ ကမှ ဦးဆောင်တာ မဟုတ်ဘဲ၊ ငြိမ်းချမ်းမှု တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေ စုပေါင်း ပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ ဒီပွဲမှာ ပါဝင် ဆန္ဒပြ နေတဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဟန်ဝင်းအောင်က ဘီဘီစီကိုပြောပါတယ်။
လက်ပံတောင်းတောင် ပြည်သူတွေနဲ တသားတည်း ရှိတယ် ဆိုတာကို ဖေါ်ထုတ်ပြသ တာလည်း ဖြစ်ကြောင်း သူက ပြောပါတယ်။
ဘေးကနေ ရပ်ကြည့်နေသူတွေလည်း ပူပေါင်းပါဝင်လာတဲ့အတွက် လူပေါင်း ၁ထောင်လောက်အထိ ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက အစမှာ လာရောက် တားမြစ်ပြီး လူဦးရေ ဘယ်လောက် ဆိုတာ ခွင့်ပြုချက် တင်ရမယ် လို့ပြောပေမယ့်၊ ဒီဆန္ဒဖေါ်ထုတ်ပွဲဟာ ပြည်သူ့ အသံကို တင်ပြတဲ့ လှုပ်ရှားမှု ဖြစ်လို့ လူဦးရေ တင်ဖို့ မဖြစ် နိုင်ကြောင်း အာဏာပိုင်တွေကို ပြန်ပြောခဲ့တယ်လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။
အာဏာပိုင်တွေက ဘေးကနေ စောင့်ကြည့် နေခဲ့ပေမယ်လို့ ဆန္ဒပြပွဲကို ဝင်ရောက် နှောင့်ယှက်တာ ဟန့်တား တာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
မုံရွာမှာလည်း သံဃာ အပါး၂၀၀ လောက် တဖက်ကမ်းကို ကူးခွင့် မရလို့ ကမ်းနားမှာ ထိုင်သပိတ် မှောက်နေကြောင်း သိရပါတယ်။












