
ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံရသူ ဆန္ဒပြခဲ့ကြ
မုံရွာ တဘက်ကမ်း လက်ပံတောင်းတောင် တဝိုက်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေဟာ အဲဒီဒေသမှာ လုပ်နေတဲ့ မြန်မာ ဝမ်ပေါင်နဲ့ ဦးပိုင် လိမိတက်တို့ရဲ့ ကြေးနီ စီမံကိန်းကြောင့် မဟုတ်ဘူးဆိုပြီး ကုမ္ပဏီ တာဝန်ရှိသူတွေက စနေနေ့မနက်က ရန်ကုန်မြို့ Grand မီးရထား ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ငြင်းဆိုသွားပါတယ်။
အဲဒီ ဒေသမှာ စိုက်ပျိုးမြေ မြေဆီလွှာတွေ၊ သောက်သုံးရေတွေ ထိခိုက် ပျက်စီးမှု တချို့ ရှိခဲ့တာဟာ အရင်က လုပ်ခဲ့တဲ့ ဒေသဆိုင်ရာ လုပ်ငန်းတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်လည်း ပါမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ကြေးနီ စီမံကိန်းရဲ့ လုပ်ဆောင်ချက် သက်သက်ကြောင့်ချည်း မဟုတ်ကြောင်း ရှင်းလင်း ပြောခဲ့တယ်လို့ မြန်မာ ဝမ်ပေါင်နဲ့ ဦးပိုင် လိမစ်တက်တို့ကို ကြီးကြပ်နေတဲ့ မြန်မာယံစီ ကုမ္ပဏီဘက်က ပညာရှင် တဦးက ပြောပါတယ်။
အဲဒီဒေသမှာ ကြေးစင်တောင်နဲ့ စပယ်တောင်တွေ ပျောက်သွားသလို လက်ပံတောင်း တောင်ကြီး ပျောက်သွားမှာကို လူတွေ စိုးရိမ်နေကြတာနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီပညာရှင်က ဘီဘီစီကို ရှင်းပြရာမှာ သတ္တုရိုင်းတွေ တူးတဲ့အတွက် တောင်ပျောက်သွားမှာ ဖြစ်ပေမယ့် စီမံကိန်း ပြီးသွားရင် တောင်တွေ ပြန်ဖြည့်ပြီးသစ်ပင်တွေ စိုက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကြေးနီ စီမံကိန်းကြောင့် ဒေသခံတွေအတွက် အလုပ် အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေပေမယ့် ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။
တောင်သူလယ်သမားတွေနဲ့ ၈၈မျိုးဆက် ကျောင်းသားတွေ ပူးပေါင်းပြီး လက်ပန်းတောင်း တောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ် ထိန်းသိမ်း နှီးနှော ဖလှယ်ပွဲ တနင်္ဂနွေနေ့မှာ မကျင်းပခင် တရက်အလိုမှာပဲ အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။












