
သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ အတွက် စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး တောင်းဆိုနေ
မုံရွာ တဘက်ကမ်း ဆားလင်းကြီး မြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဒေသခံ အင်အား တထောင် ကျော်က စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး လှုပ်ရှားမှု တွေကို အရှိန်မြှင့်ပြီး လုပ်ဆောင် လာနေပါတယ်။
ကြာသပတေးနေ့က သံဃာ အင်အား ၄ ရာ ကျော် ပါဝင်တဲ့ ဒေသခံ အင်အား တထောင် လောက်က ကြေးနီ စီမံကိန်း လုပ်ကွက်က ဝမ်ပေါင် ကုမ္ပဏီရဲ့ လုပ်ငန်းခွင်နဲ့ ရုံးခန်း ရှေ့မှာ နေရာ လေးနေရာ ခွဲပြီး ဆန္ဒပြခဲ့ ကြပါတယ်။
ဆန္ဒပြသူတွေဟာ ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး၊ ဦးပိုင် ကုမ္ပဏီ ဖျက်သိမ်းရေးနဲ့ ဝမ်ပေါင် ကုမ္ပဏီ ဖျက်သိမ်းရေး စတဲ့ ကြွေးကြော်သံ တွေနဲ့ အဖွဲ့တွေ ခွဲပြီး ဆန္ဒပြခဲ့ တယ်လို့ ဆန္ဒပြ သံဃာ တပါး ဖြစ်တဲ့ ဦးနန္ဒာစာရက ဘီဘီစီကို မိန့်ပါတယ်။
လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ နေရာမှာ လုပ်ငန်းတွေ မလုပ် ရအောင် တားဆီး ဆန္ဒပြမှုတွေ လည်း ပြုလုပ် ခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြ အဖွဲ့တွေ ကတော့ ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ကော်မတီ အပါအဝင် ဗကသ နဲ့ NLD အဖွဲ့တွေ ပါဝင်ပြီး၊ မန္တလေး ပခုက္ကူ တို့က သံဃာတော်တွေလည်း ဆန္ဒပြဖို့ အတွက် ဆက်တိုက် ဆိုသလို ရောက်ရှိ လာနေကြတယ်လို့ သိရပါတယ်။
အခု လောလောဆယ် အထိတော့ အာဏာပိုင်တွေ ဘက်က ဘာမှ တုံ့ပြန် တာမျိုး မရှိသေး သလို၊ ကုမ္ပဏီဘက် ကလည်း ဘာညှိနှိုင်းမှု မျိုးမှ မလုပ်သေးဘဲ လုပ်ငန်းတွေ ကိုတော့ ခေတ္တ ရပ်ဆိုင်းထား တယ်လို့ သိရပါတယ်။












