
ပြန်လွတ် လာကြသူ ဝက်မှေး ရွာသူ များ မသွဲ့သွဲဝင်း ( ဝဲဆုံး)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ခဲ့ကြ သူတွေ ဖြစ်တဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က လယ်သမား အရေး လုပ်ဆောင်သူ ကိုဝေဠု၊ ဝက်မှေး ရွာသူ တွေ ဖြစ်ကြတဲ့ မသွဲ့သွဲ့၀င်း၊ မအေးနက်နဲ့ မဖြူဖြူဝင်း တို့ သောကြာနေ့ ညနေ ပိုင်းက ပြန်လွတ် လာခဲ့ကြ ပါတယ်။
စက်တင်ဘာ ၁၀ ရက် နေ့က မုံရွာ ဆုတောင်းပြည့် ဘုရားမှာ ဝတ်ပြုဆုတောင်း စဉ် ရွာသူ သုံးယောက် ဖမ်းဆီး ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ကိုဝေဠု ကတော့ သြဂုတ် ၃၁ ရက် ကတည်းက ဖမ်းဆီး ခံခဲ့ရ တာပါ။
သောကြာနေ့ ညနေ ၅နာရီ ထိုးကာနီး အချိန် မုံရွာ ထောင်ကြီးချုပ် ပြန်လွတ်လာခဲ့ကြတဲ့ သူတို့ကို မုံရွာ မြို့က ကျောင်းသား တွေနဲ့ မြို့ခံ လူအုပ်ကြီးက ကြိုဆို ခဲ့ကြ ပါတယ်။
ရွာအပြန် လမ်းတလျှောက် မှာလည်း သောင်းချီတဲ့ လူအုပ်ကြီးက ဝမ်းပမ်း တသာနဲ့ ကြိုဆို ခဲ့ကြ ပါတယ်။
ပြန်လွတ်လာကြသူ ရွာသူ တွေဟာ အချုပ်ခန်း ထဲမှာ ညှင်းပမ်း နှိပ်စက် ခံခဲ့ ကြရတဲ့ အတွက် စကားတောင် မပြောနိုင်အောင် ကျန်းမာရေး မကောင်း ဖြစ်နေတယ်လို့ မသွဲ့သွဲ့ဝင်းရဲ့ မောင်ဖြစ်သူ ကိုနောင်က ဘီဘီစီကို ပြောပါတယ်။
ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဝေဠု ကိုတော့ နောက်နောင် စစ်ကိုင်းတိုင်း ထဲကို ဘယ်တော့မှ ပြန်မလာ တော့ ပါဘူး ဆိုတဲ့ ကတိ ဝန်ခံချက်နဲ့ ချောင်းဦး ရဲစခန်း ကနေ ပြန်လွှတ် ပေး လိုက် တယ်လို့ ကိုဝေဠုက ပြောပါတယ်။
သူတို့ကို ဖမ်းထား ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ကတည်းက မုံရွာ မြို့မှာ နေ့စဉ် ရက်ဆက် ဆိုသလို ဗကသ ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ ပါတယ်။
အဲဒီနောက် အန်အယ်လ်ဒီ ပုလဲ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ကိုဂျင်မီ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အပါ အဝင် တာဝန် ရှိသူ တွေနဲ့ ညှိနှိုင်းချက် အရ ဖမ်းဆီး ထားသူတွေ ပြန်လွတ် လာတာ ဖြစ်ပါတယ်။
ဖမ်းထား သူတွေ အားလုံး ပြန်လွတ် ပေမဲ့ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ကိုတော့ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ကုမ္ပဏီ တာဝန် ရှိသူ တွေက ပြောပါတယ်။
ဒီစီမံကိန်း ဖျက်သိမ်းဖို့ လုပ်ဆောင် နေသူတွေ ကတော့ သဘာဝ ပတ်၀န်းကျင် ပျက်စီးမှုနဲ့ ကျန်းမာရေး အခြေ အနေ ဆိုးရွား လာနိုင်တဲ့ အခြေ အနေကို ထောက်ပြပြီး ဒီ စီမံကိန်းကို အပြီးတိုင် ရပ်ပေးဖို့ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာသူ တွေနဲ့ ပညာရှင်တွေ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း တောင်းဆို နေပါတယ်။












