
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နေရာ
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒပြသူ တွေနဲ့ တိုင်း အစိုးရ အဖွဲ့ကြားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ စေ့စပ် ညှိနှိုင်း နေရာမှာ လိုက်လျောမှု တချို့ ရခဲ့ ပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မုံရွာမြို့ မြို့မ ကပ်ကျောင်း ဘုန်ကြီးကျောင်းမှာ ရှိနေတဲ့ လက်ပံတောင်း တောင် ကျေးရွာ ဒေသခံ တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီနဲ့ အဖွဲ့က တွေ့ဆုံခဲ့ ပြီးတဲ့နောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် တိုင်း အစိုးရ အဖွဲ့ကို တင်ပြ ဆွေးနွေး ခဲ့ကြ ပါတယ်။
ဖမ်းဆီးခံထားကြရတဲ့ လယ်သမား အရေး ကူညီသူ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဝေဠုနဲ့ လက်ပံတောင်းတောင် ရွာသူ သုံးယောက်ကို ပြန်လွှတ် ပေးဖို့၊ ဆန္ဒပြသူ တွေကို အရေး မယူဖို့နဲ့ ကြေးနီ စီမံကိန်းကို လောလောဆယ် ရပ်ဆိုင်း ထားဖို့ စတဲ့ အချက် သုံးချက်ကို တောင်းဆိုခဲ့ ရာမှာ ဒုတိယ အချက် ကို လိုက်လျော ခဲ့တယ်လို့ ကိုဂျင်မီက ပြောပါတယ်။
ဖမ်းဆီး ထားသူ တွေကို ပြန်လွှတ် ပေးဖို့ ဆိုတဲ့ ကိစ္စမှာ ဥပဒေ ကြောင်း အရ ဖမ်းဆီး ခဲ့တာ ဖြစ်လို့ ဥပဒေကြောင်း အရ ပဲ ပြန်လွှတ် ပေးဖို့ ရှိတဲ့ အတွက် နောက်တစ်နေ့ အထိ အချိန် စောင့်ဖို့ တိုင်း ဝန်ကြီးချုပ်က ပြောတယ်လို့ ဆိုပါတယ်။
ကြေးနီ စီမံကိန်း ရပ်ဆိုင်း ထားဖို့ ဆိုတဲ့ ကိစ္စ ကတော့ တိုင်း ဒေသကြီး အစိုးရ အနေနဲ့ ဖြေရှင်းဖို့ မလုံလောက်ဘဲ ပြည်ထောင်စု အစိုးရ အဆင့်၊ နိုင်ငံတော် သမ္မတ အဆင့်က ဖြေရှင်းမှသာ ရနိုင်မယ်လို့ ပြောကြောင်းလည်း ကိုဂျင်မီက ပြောပါတယ်။
တိုင်း အစိုးရ ဘက်က ၈၈ မျိုးဆက် ကျောင်းသား တွေရဲ့ သီးခြား တောင်းဆိုမှု တချို့ကို လိုက်လျော ခဲ့တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
အဲဒါတွေ ကတော့ ဆန္ဒပြမှုတွေ မလုပ်အောင် ကာရံ ထားတဲ့ သံဆူးကြိုးတွေ ဖယ်ရှားပေး ဖို့ နဲ့ လုံခြုံရေး တွေ ဖယ်ရှားဖို့ တောင်းဆို တာကို ကြာသပတေးနေ့ ကပဲ ဖယ်ရှား ပေးမှု၊ မုံရွာ မြို့ မြို့မ ကပ်ကျောင်း မှာ ရှိ နေတဲ့ လက်ပံတောင်း တောင် ကျေးရွာ ဒေသခံ တွေကို ဘုန်းကြီးကျောင်း ကနေ ထွက်ခွါ သွားဖို့ သာသနာရေး ဦစီး ဌာနက အမိန့်ပေး ထားတာကို ဆက်လက် နေခွင့် ရအောင် ညှိနှိုင်း ပေးမှုတို့ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီ စီမံ ကိန်းကြီးကြောင့် ပတ်ဝန်းကျင် ထိခိုက် ပျက်စီး နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိ နိုင်တယ် ဆိုတာ လေ့လာ သုတေသန ပြုမှုတွေ အရ သိရှိရ တယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းရဲ့ အကျိုး သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ လေ့လာမှု ပါဝင်မှု တွေက လုံလောက်မှု မရှိသေးဘဲ အစိုးရရဲ့ ဧရာမ စီမံကိန်း ကြီးကို ဒေသခံ ပြည်သူ တွေကသာ ခုခံ ကာကွယ် နေရတာ ဖြစ်တဲ့ အတွက် လုံလောက်တဲ့ အဖြေ ထွက်လာဖို့က မလွယ်လှ ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက ပြောပါတယ်။












