
ကြေးနီသတ္တုမိုင်း
စစ်ကိုင်းတိုင်း မုံရွာမြို့ တဖက်ကမ်း၊ ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်ယာမြေ ဆုံးရှုံးသွားကြတဲ့ ဒေသခံတွေ နဲ့ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ ကြား အငြင်းပွား အချင်းများရာ က ပြဿနာတွေဟာ တနေ့ ထက် တနေ့ တင်းမာ လာပါတယ်။
ဒီစီမံကိန်း ကို အစိုးရ ဆီ က လုပ်ပိုင်ခွင့် ရထားတဲ့ မြန်မာ့ စီးပွားရေး ဉီးပိုင် ကုမ္ပဏီ နဲ့ တရုတ် အမျိုးသားပိုင် မြန်မာ ဝမ်ပေါင် ကုမ္ပဏီ တို့ရဲ့ ဖက်စပ် လုပ်ငန်းခွင်မှာ ဒေသခံ ကျေးရွာ ၂၆ ရွာက လယ်ဧက ၇ဝဝဝ ကျော်ကို သိမ်းယူမှု နဲ့ အငြင်းပွားကြတာပါ။
ပြီးခဲ့တဲ့ ရက်က ဆိုရင် ဒေသခံ လယ်သမား တထောင် ကျော်က မောင်းတွေထု ဆန္ဒပြယင်း သူတို့ပိုင် လယ်မြေတွေ မကျူးကျော် ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကို သူတို့ပိုင် လယ်ကွက်တွေ မှာ လိုက်စိုက်သလို၊ ကုမ္ပဏီ ဘက်က လည်း ဒေသခံပြည်သူ့ ရဲတပ်ဖွဲ့ တရာကျော် ကို အသုံးပြုယင်း ဟန့်တားမှု တွေ ပြုပါတယ်။
ဒီလယ်တွေဟာ လျော်ကြေးပေးပြီးသား ဖြစ်လို့ ကုမ္ပဏီ ဘက် က ပိုင်ဆိုင်ကြောင်း ဉီးပိုင်ကုမ္ပဏီ ဘက် က တာဝန်ခံ နဲ့ ဆားလင်းကြီး အုပ်ချုပ်ရေးမှူး တို့က လယ်သမားတွေ ကို ပြောပါတယ်။
ဒါပေမယ့် ဒေသခံတွေ ဘက်ကတော့ သုံးနှစ်လျော်ကြေး အနေနဲ့ တဧက ကို ကျပ်ငွေ ငါးသိန်းကျော်ပေး တဲ့ အထဲမှာ ကျန်းမာရေး စရိတ်ပါ ထည့်ပြီးလို့ ဆိုထားလို့ လယ်သမားတွေဘက် က အလျှော့ပေးမှာ မဟုတ်သလို ၂၆ ရွာစလုံး ညီညီညွတ်ညွတ်နဲ့ အောင်မြင်တဲ့ အထိ တောင်းဆိုသွားမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။












