
လက်ပံတောင်း ကြေးနီ စီမံကိန်း မြေယာ သိမ်းဆည်းမှုအပေါ် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေဆဲ
လက်ပံတောင်း ကြေးနီ စီမံကိန်း မြေယာ သိမ်းဆည်းမှုတွေအပေါ် ဆန္ဒပြခဲ့မှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ဒေသခံ အမျိုးသမီး ၁၂ဦးအနက် ၉ဦးကို အာဏာ ပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။
တနင်္လာနေ့က မုံရွာ ဆုတောင်းပြည့်ဘုရားမှာ ဆားလင်းကြီးဘက်က လာဝတ်ပြု ဆုတောင်းတဲ့ အဲဒီ အမျိုးသမီးတွေကို ဖမ်းခဲ့ပြီး ည၁၂နာရီလောက်မှာ ၉ဦးကိုပြန်လွှတ်ပေးလိုက်တာပါ။
မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းတို့ကိုတော့ ဆက်လက် ဖမ်းထားဆဲ လို့သိရပါတယ်။
သူတို့ ၃ဦး အပါအ၀င် သြဂုတ်လ ၃၁ရက်ညက အဖမ်းခံထားရတဲ့ လယ်သမားအရေး ကူညီသူ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဝေဠုတို့ လွတ်မြောက်ရေးအတွက် ဆားလင်းကြီး ရဲစခန်းရှေ့မှာ ဒေသခံ ၇၀၀ကျော် ဆန္ဒပြခဲ့ကြသလို မုံရွာမြို့မှာလည်း တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။
မုံရွာ တဖက်ကမ်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လုပ်ပိုင်ခွင့်ရထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ တရုတ်အမျိုးသားပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ကနေ လယ်မြေဧကပေါင်း ၇ထောင်ကျော်ကို တန်ရာတန်ကြေး မပေးဘဲ သိမ်းယူထားခဲ့တာအပြင် ဒီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးတယ်ဆိုပြီး စီမံကိန်း ရပ်တန့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာကို သက်ဆိုင်ရာက ဖြေရှင်းမပေးဘဲ တောင်းဆို ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့လို့ ခုလို ဆန္ဒပြမှုတွေကြီးထွားလာတာ ဖြစ်ပါတယ်။












