
လုံခြုံရေးရှိ ပေမယ့် တဦးချင်း တိုက်ခိုက် ခံရ
ရခိုင် ပြည်နယ်မှာ လူစုလူဝေး ပဋိပက္ခတွေ ငြိမ်သက် နေပေမယ့် တဖက်နဲ့တဖက် အကြမ်းဖက်မှု နဲ့ အပြန်အလှန် စွပ်စွဲမှုတွေ ဆက်ရှိနေပါတယ်။
ဒုက္ခသည်တွေ အတွက်လည်း အကူညီမရနိုင်ဘဲ အခက်အခဲ တွေ့နေကြတာတွေ ရှိပါတယ်။
ရခိုင်ပြည်နယ် မင်းပြား မြို့နယ်ထဲမှာ ရခိုင်နဲ့ မွတ်ဆလင် တွေကြား ပဋိပက္ခတွေ ထပ်မဖြစ်အောင် စစ်တပ်က ၀င်ပြီး လုံခြုံရေးပေး ထားပေမယ့် တဦးချင်း တိုက်ခိုက် ခံရတာတွေ ရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မင်းပြားမြို့နယ် ပန်းမြောင်းရွာမှာ လယ်တဲ စောင့်နေတဲ့ မောင်စိုး၀င်းဆိုတဲ့ ရခိုင် လူငယ်ကို မွတ်ဆလင်တွေ ဝိုင်း၀န်း တိုက်ခိုက်လို့ ဆေးရုံတင် လိုက်ရကြောင်းနဲ့ မွတ်ဆလင် တွေက စပါးရိတ်ပြီး စည်းထားတဲ့ ကောက်လှိုင်း တွေကို မီးရှို့ဖျက်ဆီး ခဲ့ကြတယ်လို့ ရွာသား တဦးက ပြောပါတယ်။
အဲဒီရွာသား ပြောပြတဲ့ နဂရာရွာ မှာလည်း မွတ်ဆလင် ဒုက္ခသည် ၁၅ဝဝ ကျော် ခိုလှုံနေကြပါတယ်။
အိမ်ခြေ ၈ဝဝ လောက်ရှိတဲ့ နဂရာရွာမှာ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ထောက်ပံ့တဲ့ ဆန်တချို့ က လွဲလို့ ဆေးဝါးနဲ့ တခြားပစ္စည်းတွေ မရနိုင်တဲ့အတွက် ဒုက္ခရောက် နေကြတယ်လို့ မွတ်ဆလင် လယ်သမားတဦးက ပြောပါတယ်။
ဒီအခြေအနေတွေကို ကြည့်လိုက်ရင် ရခိုင်မှာ လုံခြုံရေး အတွက်ရော လူမှု ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ရေးပါ အခုထက်ပိုပြီး ဆောင်ရွက်ပေးဖို့ လိုအပ်တယ် ဆိုတာ ထင်ရှားနေပါတယ်။












