
ရခိုင်ပြည်နယ်မှာ လုံခြုံရေး အတွက်စိုးရိမ် နေကြဆဲ
ရခိုင်ပြည်နယ် အတွင်းမှာ တုတ်၊ ဓား လက်နက် တွေကို အပ်နှံဖို့ အာဏာပိုင်တွေ ဘက်က အမိန့် ထုတ်ပြီး လိုက်လံ သိမ်းဆည်း နေတဲ့ အချိန်မှာ နယ်ဒေသတွေ ဘက်မှာလည်း လူသတ်မှုတွေ ဖြစ်နေလို့ လုံခြုံရေး နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန် မှုတွေလည်း တိုးပွား လာနေပါတယ်။
အာဏာပိုင်တွေ ဘက်က လူကို သေစေ နိုင်တဲ့ လက်နက်တွေ ကို သက်ဆိုင်ရာကို အပ်နှံဖို့ အတွက် အမိန့် ထုတ်ပြန် ထားတဲ့ အချိန်မှာပဲ ရမ်းဗြဲ မြို့နယ်မှာ တောင်သူ တဦးဟာ ရွာ အနီးမှာပဲ မသမာသူ တစုက သတ်ဖြတ်တာ ခံခဲ့ရပါတယ်။ အသက် ၅၄ နှစ် အရွယ်ရှိတဲ့ ဦးထွန်းမြကို လည်မျိုကို လှီးဖြတ်လို့ သတ်ဖြတ် သွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
ဒီနေ့မှာတော့ အသတ် ခံလိုက်ရတဲ့ လူရဲ့ အလောင်းကို ရမ်းဗြဲမြို့နယ် ဆေးရုံကို ယူလာတယ်လို့ သိရပါတယ်။
ရမ်းဗြဲမြို့နယ် မှာလည်း လုံခြုံရေးက ရမ်းဗြဲမြို့ပေါ် မှာသာ ရှိပြီး နယ်တွေ မှာတော့ မရှိတဲ့ အတွက် အခုလို သတ်ဖြတ် ခံရတဲ့ အပေါ်မှာ ပြည်သူ လူထုတွေ ဘက်က လည်း စိုးရိမ်မှုတွေ တိုးပွား နေတယ်လို့ သိရပါတယ်။
အခုလို အာဏာပိုင် တွေက လုံခြုံရေးကို အပြည့်အဝ တာဝန်မယူ နိုင်တဲ့ အချိန်မှာ တုတ်၊ ဓား လက်နက် တွေကို သိမ်းယူဖို့ စီစဉ် နေတဲ့ အပေါ်မှာလည်း လူတွေက မကျေမလည် ဖြစ်နေတယ်လို့ သိရပါတယ်။
လူတွေ သေတဲ့ အထိ အဓိကရုဏ်း ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တဲ့ ကျောက်တော် မြို့နယ်မှာ လက်နက်တွေ အပ်နှံဖို့ အတွက်ကိုလည်း သက်ဆိုင်ရာ တွေက စာတွေ ကပ်နေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
အခုလို စာကပ် ပေမယ့် ဒေသခံ အများစု ကတော့ သူတို့ရဲ့ လုံခြုံရေး အတွက် ဒီလို လက်နက်တွေကို အပ်နှံဖို့ မလိုလား ကြဘူး လို့ သိရပါတယ်။
အဓိက ကတော့ နယ်ဒေသတွေ အထိ လုံခြုံရေးကို ဖြန့်ကျက် ချထား နိုင်ခြင်း မရှိသေးတဲ့ အတွက် ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေး အပေါ် ပြည်သူ အများစုကတော့ အခု အချိန်အထိ စိတ်မချဘဲ ဖြစ်နေကြတယ်လို့ လည်း သိရပါတယ်။












