BBC

BBC navigation

ရခိုင်ပဋိပက္ခကြောင့် တနိုင်ငံလုံး စီးပွားကျ

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 18:45 GMT
Rakhine

ရခိုင့်အရေးကြောင့် နှစ်ဘက်စလုံးက ထိခိုက်တာဖြစ်ပြီး တိုင်းပြည်စီးပွားရေးပါ ကျဆင်းတယ်လို့ ထောက်ပြပါတယ်။

တကျော့ပြန် ရခိုင်ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေ စီးပွားရေး ထိခိုက်တာအပြင် တိုင်းပြည်မှာပါ စီးပွားရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ရခိုင့်အရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင့်အရေးကြောင့် ပြည်နယ်အတွက် ကယ်ဆယ်ရေးနဲ့ လုံခြုံရေးအတွက် ရန်ပုံငွေတွေ ပိုသုံးစွဲရတယ်၊ ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေးကိုလည်း တနည်းအားဖြင့် ထိခိုက်နေတယ်လို့ သူက ထောက်ပြလာတာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ရင် စီးပွားရေး ထိခိုက်တယ်၊ မွတ်ဆလင်တွေနဲ့ စီးပွားရေး လုပ်နေသူတွေမှာ တဦးချင်းအလိုက် အမေရိကန်ဒေါ်လာ သန်းချီ ဆုံးရှုံးနေတယ်လို့ ရခိုင့်အရေး စုံစမ်းရေး ကော်မရှင်က ကိုအောင်နိုင်ဦးက ပြောပါတယ်။

စစ်တွေစျေးဆိုရင် ပဋိပက္ခ မဖြစ်ခင်က နှစ်ဘက် ဝင်ထွက် သွားလာ၊ ရောင်းဝယ် ဖောက်ကားနေလို့ အလွန် စည်းကားတယ်၊ စစ်တွေမှာ မွတ်ဆလင်က တဝက်လောက် ရှိတယ်၊ အခုတော့ မွတ်ဆလင်တွေက ဒုက္ခသည်စခန်း ရောက်ကုန်ပြီး အပြင်မထွက်နိုင်လို့ ဝယ်လိုအားတွေ လျော့ကုန်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မွတ်ဆလင်တွေ နေခဲ့တဲ့ နေရာတွေက ထွက်ကုန်တဲ့အတွက် ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်တွေနဲ့ ဆိုက္ကားနင်းတဲ့ အရင်က မွတ်ဆလင် လုပ်ခဲ့တဲ့ နေရာတွေမှာ အခုတော့ ရခိုင်တွေက အစားထိုး လုပ်နေကြတယ်လို့ သူ မျက်မြင် တွေ့ခဲ့တာတွေကို ဘီဘီစီကို ပြောပြပါတယ်။

စျေးထဲမှာဆိုရင် ဝယ်လိုအားက အများကြီး လျော့ကျသွားတဲ့အကြောင်း၊ အရင်က တချို့ဆိုင်တွေ ကျပ်ငွေ လေးငါးသောင်းဖိုး ရောင်းခဲ့ရတယ်ဆိုရင် အခုတော့ နှစ်ထောင်ဖိုးလောက်သာ ရောင်းရတော့ကြောင်း ကိုအောင်နိုင်ဦးက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။

]]>