
ပေါက်တောမြို့က မီးလောင်ပြင်တစ်ခု
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့မှုမှာ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူတွေ ရှိနေပြီး ဒါတွေကို ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက် သွားမယ်လို့ သမ္မတ ရုံးကနေ ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေငြာပါတယ်။
အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာမှုမှာ နိုင်ငံရေးအဖွဲ့အစည်း၊ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ တခြား ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်နေတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်အဖွဲ့အစည်း တွေလည်း ဆိုတာကို လောလောဆယ် ထုတ်ဖော် ပြောဆို တာတော့ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်းမှာ ဒေသန္တရလုပ် လက်နက်ငယ် ၁၈၀ ဖမ်းဆီးရမိကြောင်းလည်း ဖော်ပြပါတယ်။
လောလောဆယ်မှာ ပြည်ထဲရေး ဝန်ကြီးဌာနကနေ ရရှိထားတဲ့ သဲလွန်စ တွေက တဆင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း၊ ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်တဲ့အခါ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
အောက်တိုဘာ ၃၁ ၇က် ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ နောက်ဆုံးဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးနဲ့ မီးလောင်ပျက်စီးတဲ့ နေအိမ် ၅၃၅၁ ရှိပြီး လူဦးရေ ၃၂၂၃၁ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။












