
မြန်မာမစ်ရှင်ရုံးရှေ့ ဆန္ဒပြ
သမ္မတ ဦးသိန်းစိန် ကုလ သမဂ္ဂ မိန့်ခွန်း ပြောအပြီး အမေရိကန် လုပ်ငန်းရှင်တွေ နဲ့ နယူးယော့ မြန်မာ မစ်ရှင်ရုံးမှာ တွေ့ခိုက် အင်အား ၄ဝ လောက်ရှိတဲ့ အမေရိကန် ရောက် ကချင် လူမျိုးတွေ ဆန္ဒပြ ကြပါတယ်။
ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေး နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေး ဆန္ဒပြရကြောင်း ဆန္ဒပြ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဘရန်ဆိုင်း က ဘီဘီစီ ကို ပြောပါတယ်။
သမ္မတ နဲ့ အတူရှိနေကြတဲ့ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ လဝက ဝန်ကြီး နှစ်ဦး က ဆန္ဒပြ ခေါင်းဆောင်တွေ ကို မစ်ရှင်ရုံး အတွင်း ခေါ်ယူ ဆွေးနွေး ကြပါတယ်။
ကချင် ဆန္ဒပြသူတွေ က သမ္မတ ထံ စာတစောင် ပေးလိုက်သလို ကချင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ရပ်ဆိုင်းသွား စေရေး တင်ပြကြပါတယ်။
ဝန်ကြီး နှစ်ဦး ကလည်း အတွင်းမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ ဆွေးနွေး နေတဲ့ အတွက် ဧည့်သည် တွေ ကြား အထင်လွဲ နိုင်ကြောင်း၊ သမ္မတ ကြီး အနေနဲ့ အကောင်းဆုံး ဆောင်ရွက် နေကြောင်း ရှင်းပြ ခဲ့တယ်လို့ ပါဝင်ဆွေးနွေး ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်၊ သမ္မတ အကြံပေး ဦးလှမောင်ရွှေ က ဘီဘီစီ ကို ပြောပါတယ်။












