
မြန်မာသမ္မတ နဲ့ အဖွဲ့ တည်းခိုရာ ဟိုတယ်
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရ အဖွဲ့ဝင်တချို့ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့ နယူးယောက်မြို့ ကို ရောက်ရှိနေပြီး The Mark Hotel မှာ တည်းခိုကြပါတယ်။
ဖို့ဝိန်းမြို့ က တဆင့် နယူးယောက်မြို့ ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဦးသိန်းစိန် ကို ဟိုတယ်မှာ လာရောက်တွေ့ဆုံ တဲ့ အကြောင်း ဘီဘီစီ ဝိုင်းတော်သား ကိုချို က ပြောပါတယ်။
အခုလို တွေ့ဆုံရာမှာ နှစ်ဦး စလုံးဟာ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတဲ့ အကြောင်း သမ္မတ နဲ့ လိုက်ပါလာတဲ့ သတင်းထောက်တွေ က ပြောပါတယ်။ သမ္မတ နဲ့ အတူ လိုက်ပါလာကြတဲ့ ဝန်ကြီး လေးယောက် ကတော့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဦးသိန်းဌေး တို့ ဖြစ်ကြပါတယ်။
သမ္မတ ဦးသိန်းစိန် ကို နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ကလည်း ဟိုတယ်မှာ လာရောက် နှုတ်ဆက်ကြောင်း ဝန်ကြီး ဦးစိုးသိန်း က ဘီဘီစီ ကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ရဲ့ အစီအစဉ် နဲ့ ပတ်သက်ပြီး ဦးစိုးသိန်း က ပြောပြရာမှာ တော့ စက်တင်ဘာ ၂၆ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် နဲ့ တွေ့မယ့် အကြောင်း သိရပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ မှာတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ သမ္မတ ဦးသိန်းစိန် က မိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး ညနေပိုင်းမှာ Asia Society အာရှ လူ့အဖွဲ့အစည်း မှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း စီစဉ် ထားတဲ့ UNICEF ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ ဆွေးနွေးပွဲ မှာ ဦးဆောင်ဆွေးနွေးသူ တယောက် အနေနဲ့ ပါဝင်ပြီး လာရောက်ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ ရဲ့ မေးခွန်းတွေ ကိုလည်း ဖြေကြား မယ် အကြောင်း ကိုချိုက ပြောပြပါတယ်။












