ရခိုင်မှာ တစ်ကျော့ပြန်စစ်ရှောင် သောင်းနဲ့ချီပြီးထပ်တိုး

လက်နက်ကြီးနဲ့အပစ်ခံရတဲ့ ကင်းဆိပ်ကျေးရွာတစ်ရွာလုံး မြောက်ဦးမြို့ပေါ်မှာ လာရောက်ခိုလှုံနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးနဲ့အပစ်ခံရတဲ့ ကင်းဆိပ်ကျေးရွာတစ်ရွာလုံး မြောက်ဦးမြို့ပေါ်မှာ လာရောက်ခိုလှုံနေ

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တစ်ကျော့ပြန် တိုက်ပွဲအတွင်း ကျေးရွာပေါင်း ၂၀ ဝန်းကျင်က လူဦးရေသောင်းချီပြီးတော့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

တချို့နေရာတွေမှာဆိုရင် စစ်ကောင်စီက လမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက် ထွက်ပြေးလို့မရဘဲ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေ ရာနဲ့ချီပြီး မြို့နယ်ရဲ့ နေရာအများအပြားကို ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြရသလို ကျေးရွာ ၆ရွာ က ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ပြောဆိုကြပါတယ်။

ရသေ့တောင် နဲ့ မောင်တောဘက်မှာလည်း တိုက်ပွဲတွေကြောင့် ကုန်းလမ်း ရေလမ်းတွေပိတ်ထားလို့ စစ်ဘေးရှောင်တွေ အများအပြား မြို့ပေါ်မှာ ရောက်နေကြသလို ကျေးရွာတွေမှာ ပိတ်မိနေကြသူတွေရှိတယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြောက်ဦး ဝါဈေးရပ်ကွက်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်များ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြောက်ဦး ဝါဈေးရပ်ကွက်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်များ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ ကျေးရွာသားတွေထဲ နောက်ထပ်အမျိုးသားတစ်ဦးဟာ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကျော်အချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီကျေးရွာကို လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခံခဲ့ရပြီး အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့မှာ ပစ်ခတ်ခံရချိန်အတွင်းသေဆုံးခဲ့ရပြီး လက်ရှိမှာတော့ သေဆုံးသူ သုံးဦးအထိရှိလာနေပြီဖြစ်ကာ ဒဏ်ရာရရှိသူအများအပြားထဲက ဒဏ်ရာပြင်းထန်တဲ့ ၇ ဦးကတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၈ ရက် သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၃၅ နှစ်အရွယ် ဦးလှအောင်သိန်းဖြစ်ပြီး မြောက်ဦးမြို့အရှေ့ဘက်မှာရှိတဲ့ ချောင်းသစ်ကျေးရွာမှာနေထိုင်သူဖြစ်ကာ ကင်းဆိပ်ကျေးရွာကို လယ်ယာလုပ်ငန်းအငှားလုပ်ကိုင်ဖို့ ရောက်ရှိနေချိန် အခုလို လက်နက်ထိမှန်တာလို့ ဆိုပါတယ်။

ဆေးကုသမှု ခံယူနေကြသူတွေထဲ သြဂုတ်လ ၂၈ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အသက် ၄ နှစ်ကျော်အရွယ် မောင်မြတ်ကျော်လင်းရဲ့အမေလည်း ပါဝင်တယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။

ကင်းဆိပ်ကျေးရွာမှာ လက်နက်ကြီးကျည်မှန်ပြီး သေဆုံးခဲ့သူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကင်းဆိပ်ကျေးရွာမှာ လက်နက်ကြီးကျည်မှန်ပြီး သေဆုံးခဲ့သူတစ်ဦး

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ထမ္မရာဇ်ရပ်ကွက်အတွင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒဏ်ရာရသူတချို့ ရှိနေတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်မှာဆိုလည်း လက်နက်ကြီးပစ်ခတ်ခံခဲ့ရတဲ့ ကင်းဆိပ်ကျေးရွာ၊ အောက်သကန်ကျေးရွာ၊ လက္ကာ၊ ဗူးရွက်မညှိုး၊ ဝေသာလီ၊ ပေါက်တောပြင် စတဲ့ကျေးရွာတွေက လူပေါင်း ၇ ထောင်လောက်ဟာ ဒီအပတ်အတွင်းမှာပဲ နီးစပ်ရာဒုက္ခသည် ခန်းတွေနဲ့ မြို့ပေါ်ဘုန်းတော်ကြီးကျေင်းတွေ ထွက်ပြေးကာခိုလှုံ နေကြရပါတယ်။

"လောလောဆယ်တော့ ပြန်လာနိုင်စရာမရှိဘူးခင်ဗျ၊ တိုက်ပွဲသံကြားရင်လူတွေက ထွက်ပြေးမှာပဲ၊ ကင်းဆိပ်ရွာမှာလို လူတွေ မှန်ပြီးသေမှာကြောက်နေကြတယ်"လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး လက်နက်ကြီးတွေကို အလွန်အကျွံပစ်ခတ်နေတဲ့အတွက် အဘောင်သားကျေးရွာသားတွေဟာ ပလက်ဝမြို့ပေါ်ကို အခုလ ၂၄ ရက်နေ့က ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ပတ်ကျော်အကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာတော့ ခမောင်းဆိတ် ကျေးရွာကဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ပလက်ဝ စစ်ရှောင်များ ( ၂၀၁၉)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပလက်ဝ စစ်ရှောင်များ ( ၂၀၁၉)

ဒါပေမဲ့ ခမောင်းဆိတ်ဝန်းကျင်က ကျေးရွာတွေမှာ ထွက်ပြေးလို့မရပဲ ရွာတွေမှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့ မင်းခမောင်းကျေးရွာ သားတစ်ဦးက ပြောပါတယ်။

"လေယာဉ်တွေနဲ့ ဗုန်းကြဲတာတွေရှိတယ်ဆိုတော့ ကြောက်လန့်ပြီးမသွားရဲတော့ဘူး၊ လူအုပ်လိုက်သွားခွင့်မရဘူး၊ ကြိမ်ချောင်းအထက်ပိုင်း တောက်လျှောက်ရွာတွေ အကုန်ပိတ်မိနေတယ်" ရွာသားတစ်ဦးကပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားတာ တစ်လလောက်ကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်လပ်လာတာအပြင် စစ်ပွဲတွေလည်း ပြင်းထန်နေတာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ရေးပြင်းထန်လာတဲ့ ဇူလိုင်လကစလို့ ဒီကနေ့အထိ မြောက်ဦးမြို့နယ်ထဲမှာ ၆ ရွာ၊ ပလက်ဝမြို့နယ်မှာ ၁ ရွာ၊ မောင်တောမြို့နယ်မှာ ၁ ရွာနဲ့ ရသေ့တောင်မြို့နယ်ထဲက ရွာ ၁၁ ရွာစတဲ့နေရာတွေကဒေသခံ တစ်‌သောင်းကျော်က စစ်ဘေးတိမ်းရှောင်ထွက်ပြေး နေရပါတယ်။

တိုက်ပွဲဖြစ်ရင် ရသေ့တောင်မြို့ပါ တပ်ပွဲကြားညပ်နိုင်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်ရင် ရသေ့တောင်မြို့ပါ တပ်ပွဲကြားညပ်နိုင်တယ်လို့ဆို

ရသေ့တောင်ဘက်မှာလည်း အေအေနဲ့ စစ်ကောင်စီတပ်တွေ ဆိုင်နေကြပြီး စစ်ကောင်စီက အငူမော် မောင်တောဘက်ကို ကုန်လမ်းရော ရေလမ်းပါပိတ်ထားလို့ ရွာသားတွေဟာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်ကနေ စစ်တွေကို ရေလမ်းတစ်ခုသာ ဖွင့်ပေးထားပြီး ရသေ့တောင် ပုဏ္ဏားကျွန်း ကားလမ်းပိုင်းကိုလည်းပိတ်ထားတယ်လို့ ရသေ့တောင်မြို့ခံတစ်ဦးကပြောပါတယ်။

ဒီလိုပိတ်ထားတဲ့ အတွက် ပိတ်မိနေတဲ့ ရွာခံတွေဟာ စားရေးသောက်ရေး ကျန်းမာရေးကိစ္စတွေ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း ရခိုင်တစ်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့စစ်ပွဲတွေကြောင့်လည်း ဒေသခံ ခြောက်သောင်းလောက်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ လက်ရှိနေထိုင်နေရဆဲ ဖြစ်ပါတယ်။