အသံတိတ်နေတဲ့ကမ္ဘာကို တောင်းဆိုလိုက်တဲ့ NUG

၂၀၂၁ ဧပြီက ရန်ကုန်မြို့ဆန္ဒပြပွဲတစ်ခုမှာ R2P ဝင်ဖို့တောင်းဆိုခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ဧပြီက ရန်ကုန်မြို့ဆန္ဒပြပွဲတစ်ခုမှာ R2P ဝင်ဖို့တောင်းဆိုခဲ့စဉ်

စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၈ လအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့အရေးချဉ်းကပ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရက ဝေဖန်ထောက်ပြခဲ့ပြီး ကုလသမဂ္ဂလုံခြုံ‌ရေးကောင်စီအနေနဲ့ လက်နက်နဲ့ တပ်ဖွဲ့ဝင်တွေပေးပို့ခြင်းဖြင့် အကာအကွယ်ပေးရန်တာဝန်ရှိမှု(R2P)ကို အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်နေပြီလို့ တောင်းဆိုလိုက်ပါတယ်။

ဇူလိုင်လ ၃၀ ရက်က အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောခဲ့တဲ့ ၉ မိနစ်ကြာမိန့်ခွန်းမှာ သံတမန်ဆန်ဆန်ပြောခဲ့ပေမဲ့ စစ်ကောင်စီအပေါ် အရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားထုတ်မှုတွေ အလုပ်မဖြစ်တဲ့အကြောင်းသာ လွှမ်းမိုးနေခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေ၊တောင်းဆိုချက်တွေနဲ့ ကန့်ကွက်ရှုတ်ချချက်တွေကို ဂရုမစိုက်ဘူးလို့ ဒေါ်ဇင်မာအောင်က ပြောခဲ့တာပါ။

'လူ့အသက်သေဆုံးမှုတွေ ဘယ်လောက်ထိ ပေးဆပ်ရပြီးမှသာ နိုင်ငံတကာအသိုင်းအဝိုင်းကစစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ကြမှာလဲ' လို့ ဒေါ်ဇင်မာအောင်က မေးခွန်းထုတ်ပါတယ်။

အသံတိတ်နေတဲ့ကမ္ဘာ

နိုင်ငံတကာအနေနဲ့ ယူကရိန်းနိုင်ငံအတွက် လက်နက် ထောက်ပံ့ပေးပြီး အာဖဂန်နစ္စတန်နိုင်ငံကို လေကြောင်းကနေ အရေးပေါ်ရိက္ခာတွေ ပို့ပေးကြပေမဲ့ မြန်မာပြည်သူတွေအတွက်တော့ အသံတွေတိတ်ဆိတ်နေတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တရားဝင်မှုဆိုင်ရာကိစ္စ၊ကိုယ်စားပြုမှုကိစ္စ၊ရှုတ်ချကြောင်းကြေညာချက်တွေ၊လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ရေးခေါင်းစဉ်တွေကို ဆွေးနွေးနေကြရုံနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံစွာနေထိုင်ခွင့် ပြန်လည်ရရှိနိုင်ဖို့ကြိုးပမ်းအားထုတ်မှုတွေကို ဘာမှအထောက်အကူမဖြစ်စေခဲ့ဘူးလို့ သူကပြင်းပြင်းထန်ထန် ပြောပါတယ်။

'ကျွန်မတို့ကိုကူညီပါ။ မိတ်ဆွေတို့ရဲ့အကူအညီလိုအပ်နေတဲ့ ကျွန်မတို့ပြည်သူတွေကိုကူညီကြပါလို့ စူးစူးဝါးဝါး မနားတမ်း အော်ဟစ်ပစ်လိုက်ချင်ပါတယ်။' လို့ ဒေါ်ဇင်မာအောင်က သူ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

မြန်မာပြည်သူတွေအတွက်တော့ အသံတွေတိတ်ဆိတ်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zin Mar Aung/fb

ဓာတ်ပုံ ပုံစာ, မြန်မာပြည်သူတွေအတွက်တော့ အသံတွေတိတ်ဆိတ်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှု၊ရှုတ်ချမှု နဲ့ တောင်းဆိုချက်တစ်ခုစီတိုင်းဟာ အခြေအနေတွေကို ထိန်းညှိနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေလျှော့ချနိုင်ဖို့ ရည်ရွယ်တောင်းဆိုခဲ့ကြပေမဲ့ အောင်မြင်မှုမရဘဲ ဝမ်းနည်းဖွယ်အဆုံးသတ်ခဲ့ရတာဟာ မြန်မာပြည်သူတွေအတွက်ကတော့ အသက်တွေဆုံးရှုံးရတာဖြစ်လို့ ဖော်မပြနိုင်လောက်အောင် ထိခိုက်နာကျင်ရပါတယ်လို့ ဒေါ်ဇင်မာအောင်ကပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတကာအပေါ်ဂရုမစိုက်တဲ့လုပ်ရပ်တွေကို NUG ဘက်က ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေချိန်မှာ နေအိမ်အကျယ်ချုပ်ကနေ ထောင်ကိုပို့ပစ်လိုက်တဲ့ဖြစ်ရပ်နဲ့ သေဒဏ်မစီရင်ဖို့ တောင်းဆိုနေတဲ့ကြားက ကြိုးမိန့်ကိုပြန်ကျင့်သုံးတဲ့ ဖြစ်ရပ်နှစ်ခုကိုပဲ အနီးဆုံး ဥပမာပေးခဲ့တာပါ။

နိုင်ငံတကာကထိန်းထိန်းသိမ်းသိမ်းနဲ့ စေ့စပ်ဆွေးနွေးဖို့ အထပ်ထပ်တောင်းဆိုနေတုန်းမှာပဲ စစ်ကောင်စီကတော့ သူတို့ရပ်တည်ချက်ကိုအခိုင်အမာ ဆုပ်ကိုင်နေဆဲဖြစ်တယ်လို့ NUG ကဆိုပါတယ်။

သြဂုတ် ၁ ရက်မှာ အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်းတိုးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁ ရက်မှာ အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်းတိုးခဲ့ပါတယ်။

ဒေါ်ဇင်မာအောင်ရဲ့မိန့်ခွန်းက မြန်မာ့အရေးနဲ့ပတ်သက်လို့ ပကတိအခြေအနေတွေကို ထင်ဟပ်စေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

တောင်းဆိုချက် ၄ ခု

ကုလအဖွဲ့ဝင်နိုင်ငံတွေ၊ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို R2P အမြန်ဆောင်ရွက်ပေးဖို့ အပါအဝင်အချက် ၄ ချက်ကို NUG က အခိုင်အမာတောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ထိထိရောက်ရောက် ဖြတ်တောက်ဖို့၊ R2P အမြန်ဝင်ရောက်ဖို့၊ စစ်ကောင်စီရဲ့ နိုင်ငံတကာ ကိုယ်စားပြုမှု အားလုံးကို ဆိုင်းငံ့ထားဖို့နဲ့ NUG ကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုဖို့ ဆိုတဲ့ အချက်လေးချက်ကို တောင်းဆိုလိုက်တာပါ။

စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင်လုပ်ပေးနေကြတာမျိုး၊ဒါမှမဟုတ်ထိရောက်မှုမရှိတဲ့ ဝမ်းနည်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေမယ့်အစား သူတို့နဲ့ စပြီး စကားပြောကြဖို့ NUG က ကမ်းလှမ်းခဲ့ပါတယ်။

'ဒီလိုလုပ်နေတာတွေက ကျမတို့ကိုကူညီရာမရောက်ဘဲ သေခြင်းနဲ့ပျက်စီး ဆုံးရှုံးရခြင်းတွေဆီကိုသာ နေ့စဉ်တွန်းပို့နေသလိုသာဖြစ်နေပါတယ်။' လို့ ဒေါ်ဇင်မာအောင်ကပြောပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို တရုတ်နဲ့ ရုရှားအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ကန့်ကွက်ရှုတ်ချလိုက်ပြီးနောက် NUG နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုမှုတွေ အရှိန်မြှင့်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းမှာလည်း နိုင်ငံတကာအနေနဲ့ NUGကို လက်နက်၊နည်းပညာနဲ့ ငွေကြေးကို ထိထိရောက်ရောက် ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့သေးတာပါ။

R2P လာနိုင်မလား

သေဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီရဲ့ ကန့်ကွက်ရှုတ်ချမှုမှာ တရုတ်နဲ့ရုရှား ပါလာတာက စိတ်ဝင်စားစရာကောင်းတဲ့အကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံးဆုံးဖြတ်ချက်နဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာ တို့ရဲ့ ညွှန်းကိန်းတွေအပြင် အခုလို နိုင်ငံတကာရဲ့ကန့်ကွက်ရှုတ်ချမှုတွေ ပေါင်းစုံသွားလို့ မြန်မာနိုင်ငံကို R2P ဝင်ဖို့ မျှော်လင့်ချက်သန်းလာတယ်လို့ သူကပြောပါတယ်။

'R2P ဝင်မဝင်ဆိုတာကတော့ တပ်အပ်မပြောနိုင်သေးဘူး။ဒါပေမဲ့ ဖြစ်သွားမလားပေါ့နော်။ တစ်ဖက်မှာလည်း တရုတ်က သူ့အနားကို ဒီလိုတပ်ဖွဲ့တွေ ဝင်လာမှာလိုလားမှာမဟုတ်ဘူး' လို့ သူကပြောပါတယ်။

တရုတ်နှင့်မြန်မာနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး နှစ်နိုင်ငံအပြန်အလှန်အသွားအလာရှိခဲ့သည်။

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, တရုတ်နှင့်မြန်မာနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး နှစ်နိုင်ငံအပြန်အလှန်အသွားအလာရှိခဲ့သည်။

နိုင်ငံတကာဆက်ဆံရေး လေ့လေစောင့်ကြည့်သူတွေ ကတော့ အစဉ်အလာအရ နိုင်ငံတကာအနေနဲ့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားမပါပဲ စစ်ရေးနည်းအရ ၀င်ရောက်ဖြေရှင်းတာ အင်မတန်ရှားတယ်လို့ ထောက်ပြပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေကလည်း စီးပွားရေးအရရော နိုင်ငံရေးစိန်ခေါ်မှုတွေအရပါ ရင်ဆိုင်နေရချိန် ယူကရိန်းအရေးပါရှိနေလို့ မြန်မာ့အရေးကို စစ်ရေးအရ ဝင်ရောက် ဖြေရှင်းဖို့ခက်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြတာပါ။

နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးကတော့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှားကတစ်ဖက်၊ ဗြိတိန်၊အမေရိကန်နဲ့ပြင်သစ်တို့က တစ်ဖက်ဖြစ်နေတာကြောင့် မြန်မာကို R2P ဝင်ဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ဖို့ မဖြစ်နိုင်သလောက်ပဲလို့ ဆိုပါတယ်။

အာဆီယံလို ဒေသတွင်းအဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း ဒါ့အပြင် R2P ဝင်ဖို့ လိုအပ်ချက်တွေထဲက တစ်ခုလို့ ဦးအောင်ထူးကပြောပါတယ်။

လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး ဒေသတွင်းအဖွဲ့အစည်းကလည်း ပူးပေါင်းဆောင်ရွက်ရင် ဘယ်အစိုးရစစ်တပ်မှ တားမရဘူးလို့ သူက ဆက်ပြောပါတယ်။

၂၀၁၁ ခုနှစ်က လစ်ဗျားကို R2P ဝင်ပြီး ကဒါဖီကို ဖြုတ်ချတုန်းက အာဖရိကန်ယူနီယံကလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဦးအောင်ထူးကပြောပါတယ်။

'အာဆီယံရဲ့ရပ်တည်မှုက အားကိုးလို့မရဘူး' လို့ သူက ပြောပါတယ်။

ဒါပေမဲ့ NUG ရဲ့ အခုလိုဖိတ်ခေါ်မှုက စစ်အစိုးရအပေါ်တခြားဖိအားတွေ ပိုပေးလာဖို့၊ မြန်မာနိုင်ငံကို စိုးရိမ်ကြောင်းတွေ ထုတ်ပြန်ပြီး ဘာမှ ရေရေရာရာ မလုပ်တဲ့နိုင်ငံတွေကို ပိုပြီးတော့ ထဲထဲ၀င်၀င်ဆောင်ရွက်ဖို့ သတိပေးရာကျတယ် လို့ စင်ကာပူအမျိုးသားတက္ကသိုလ်မှာ မဟာတန်းတက်နေတဲ့ ကိုကြည်စင်က သုံးသပ်ပါတယ်။