ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်လာစျေး အတက်ကြမ်းပြီး ဝယ်မရဖြစ်
ရန်ကုန်စျေးကွက်မှာ ဒေါ်လာစျေးတွေအတက်ကြမ်းကာ ဝယ်မရဖြစ်နေပြီး အမေရိကန်တစ်ဒေါ်လာကို ၂၃၈၀ ကျပ် ဝန်းကျင်အထိ ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ စျေးပေါက်ခဲ့တယ်လို့ ရန်ကုန်မြို့ခံ ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို ၂၁၈၀ ကျပ် ဝန်းကျင်ကနေ စျေးတွေတက်လာခဲ့တာဖြစ်ပြီးတော့ မနေ့က တနင်္ဂနွေပိတ်ရက်မှာကို ၂၂၆၀ ကျပ်အထိ စျေးတက်လာခဲ့တယ်လို့လည်း သူကပြောပါတယ်။
"ဒီကနေ့ ၂၃၈၀က စျေးပဲရှိတယ်၊ တကယ်လိုက်ဝယ်ရင် ဝယ်လို့မရတော့ဘူး၊ ဒီထက် စျေးတက်ဖို့ရှိတယ်လို့ မှန်းပြီး မရောင်းကြတာလို့"လည်း ရန်ကုန်မြို့ ခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီ ဗဟိုဘဏ်က မြန်မာနိုင်ငံအတွင်းက ဒေါ်လာတွေကို ထိန်းချုပ်တဲ့ အမိန့် ၃ ခု ထုတ်ပြန်ခဲ့ပြီးနောက်မှာ စျေးတွေအခုလို ပြောင်းလာတာဖြစ်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နိုင်ငံခြားကဝင်လာတဲ့ ဒေါ်လာတွေကို ပြီးခဲ့တဲ့ ဧပြီလက စလို့ ၁၈၅၀ ကျပ်နဲ့ စပြီးတော့ စျေးဖြတ်ပြီးဝယ်ယူကာ ထိန်းချုပ်ထားပြီးတော့ အပြင်စျေးကွက်မှာတော့ စျေးတွေ အခုလို ပြောင်းနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့က လေယာဉ်လက်မှက် အရောင်းကိုယ်စားလှယ်တွေကတော့ လေယာဉ်လက်မှတ်စျေးကို တစ်ဒေါ်လာကို ၂၄၀၀ ကျပ်နဲ့တွက်ပြီး ဒီကနေ့ စျေးဖြတ်ခဲ့တယ်လို့ လည်း ရန်ကုန်မြို့ခံတွေကပြောပါတယ်။
ရွှေဆိုင်အချို့လည်း ဖွင့်ထားပေမယ့် အချို့ အရောင်းအဝယ်တွေ ရပ်ထားကြတယ်လို့လည်း ရန်ကုန်မြို့တွေက ပြောတယ်။
ရွှေစျေးကတော့ အရင်ရက်တွေက ၂၀ သိန်း ၄ သောင်း ကနေ ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ တစ်ကျပ်သားကို ၂၁ သိန်း နဲ့ စျေးပိတ်သွားတယ်လို့ စျေးကွက်သတင်းတွေ အရသိရပါတယ်၊
အခုလို မြန်မာငွေနဲ့ ဒေါ်လာငွေလဲနှုန်းတွေ ပြောင်းလာတာကြောင့် ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေလည်း အရောင်းအဝယ်တွေလုပ်ရမှာ စျေးနှုန်းအပြောင်းအလဲတွေဖြစ်လို့ လုပ်ရကိုင်ရ ခက်နေတယ်လို့လည်း လုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောပါတယ်။
မုံရွာ ကုန်စည်ဒိုင်မှာတော့ ပဲမျိုးစုံ ပြည်ပတင်ပို့ဖို့ စာချုပ်ချုပ်ရင် နိုင်ငံခြားကငွေကြိုလွှဲခိုင်းလို့ ပြီးခဲ့တဲ့ရက်တွေက ပဲစျေးတွေကျသွားခဲ့ပြီး အခုရက်ပိုင်း ဒေါ်လာစျေးတက်လို့ စျေးတွေပြန်တက်လာကြောင်းနဲ့ ပဲစျေးအတက်အကျကြမ်းနေကြောင်း ကုန်သည်ပွဲစားတစ်ဦးက ဇူလိုင် ၁၈ ရက်နေ့ရဲ့ အခြေအနေကို ပြောပါတယ်။
ပဲစျေးတွေ အတက်အကျကြမ်းနေသလို မူဝါဒတွေမငြိမ်တာကြောင့် အရောင်းအဝယ် များများစားစားမဖြစ်ကြဘူးလို့ မုံရွာကုန်စည်ဒိုင်က ကုန်သည်ပွဲစားတွေကပြောပါတယ်။
ထိုင်းနိုင်ငံဘက်က တင်သွင်းတဲ့ ထမင်းဟင်းချက်ရာမှာ သုံးတဲ့ ဂက်စ်တွေ ရန်ကုန်က မြို့နယ်အချို့ ဝယ်မရ ဖြစ်ကာ အရောင်းပိတ်ထားခဲ့ရပြီး ဆန်စျေးတွေလည်း တက်လာတယ်လို့ရန်ကုန်က အိမ်ရှင်မတစ်ဦးကပြောပါတယ်။
"ရွှေဘို ပေါ်ဆန်းတစ်အိတ် အရင်က ၆ သောင်း ၂ ထောင် ဒီကနေ့ ၆ သောင်း ၈ ထောင်ဖြစ်သွားတယ်" လို့ သူကပြောပါတယ်။
ပြီးခဲတဲ့ ရက်ပိုင်းကလည်း နိုင်ငံခြားကတင်သွင်းရတဲ့ ဆေးဝါးအချို့ စျေးကွက်အတွင်းမှာ ပြတ်လပ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
စစ်ကောင်စီဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်တွင်းကိုဝင်လာတဲ့ ဒေါ်လာတွေကို ပြန်မထွက်အောင် ထုတ်ပြန်ချက်အမိန့် ၃ ခုထုတ်ပြီး ထိန်းခဲ့ပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ နိုင်ငံခြား ကြွေးမြီယူထားတာရှိရင် အဲဒီချေးငွေတွေကို အတိုးဖြစ်စေ၊ အရင်းဖြစ်စေ လတ်တလော ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က စာထုတ်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ပါရှိတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတာကိုလည်း ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက်နေ့က ပြန်ပယ်ဖျက်ခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ပြည်တွင်းမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါ၀င်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေစာရင်းက နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်တွေအရဆိုရင် မြန်မာပြည်ထဲကို ရေရှည်မှာ ဝင်လာနိုင်မယ့် ငွေပင်ငွေရင်းတွေ အကုန်ပိတ်သွားနိုင်တယ်လို့လည်း ရန်ကုန်က စီပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။
ဒါ့အပြင်တိုင်းပြည်စီးပွားရေးရဲ့ ကုန်ထုတ်လုပ်ငန်းကဏ္ဍကို ပိုပြီးအားကောင်းစေတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ စွမ်းဆောင်နိုင်မှုမြင့်မားလာစေဖို့ အရေးကြီးတဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေ ဝင်လာနိုင်ဖို့ ကလည်း ဝေးသွားပြီလို့ သူက သုံးသပ်ပါတယ်။
ပြည်တွင်းကလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်ပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေ နည်းပညာနဲ့ ဘဏ္ဍာရေး ပိုအားကောင်းလာဖို့ ဆိုတာကလည်း အခုအခါမှာ မလွယ်တော့ကြောင်းလည်း သူကပြောပါတယ်၊
ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအနေနဲ့ ဗဟိုဘဏ် ရည်ညွှန်းစျေး တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ ဘဏ်တွေကို ပြန်ရောင်းနေရပေမဲ့ ငွေလွှဲဖို့ လိုအပ်တဲ့အခါ ဗဟိုဘဏ်ဘက်ကနေ ဒေါ်လာအလုံအလောက် ပြန်ဝယ်မရလို့ တစ်ဒေါ်လာကို ပြင်ပကနေ ပေါက်စျေးနဲ့ ဝယ်ယူနေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
"အခုတော့ အားလုံးပိုပြီးတိုင်ပတ်သွားပြီ အရောင်းအဝယ်တွေက ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး"လို့လည်း နိုင်ငံခြားကတင်သွင်းတဲ့ စားသောက်ကုန် ကုန်မျိုးစုံတင်သွင်းရောင်းချသူ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
"အခုဟာက ဒေါ်လာက လည်းရှာမရတော့သလို ဟွန်ဒီတောင်လွှဲလို့မရဖြစ်နေပြီ၊ ယွမ်တို့ ဘတ်တို့ကလည်း စျေးတွေတက်နေတယ်၊ အခုစျေးဖြတ် အခုလွှဲမှပဲ ရတယ်"လို့ ရန်ကုန်မြို့ခံ ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။