စီးမထွက်အောင် ပိတ်ရင်း ခန်းလာတဲ့ ဒေါ်လာ

ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ နိုင်ငံခြားကြွေးမြီယူထားတာရှိရင် အဲဒီချေးငွေတွေကို အတိုးဖြစ်စေ၊ အရင်းဖြစ်စေ လတ်တလော ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းက စာထုတ်ပါတယ်။

အွန်လိုင်းမှာ အကျယ်အပြန့် ပျံ့နေတဲ့ ဇူလိုင် ၁၃ ရက် နေ့စွဲတပ် ဗဟိုဘဏ်ရဲ့ ညွှန်ကြားစာနဲ့ ပတ်သက်လို့ ဘီဘီစီက ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော်ကို မေးတော့ "လိုအပ်လို့ (ဒီညွှန်ကြားချက်ကို) ထုတ်တာပါ" လို့ ဆိုသလို "ဘယ်လောက် ကာလအထိ ဆိုင်းငံ့တယ် ဆိုတဲ့ ကန့်သတ်ချက် မထည့်ထားပါဘူး" လို့လည်း မရေမရာ အဖြေပေးပါတယ်။

စီးပွားရေးအသိုင်းအဝိုင်းကတော့ နိုင်ငံခြားငွေတွေ အထူးသဖြင့် ဒေါ်လာငွေတွေ ပြည်တွင်းကနေ ပြည်ပကို စီးထွက်သွားမှာကို ထပ်ပိတ်ဆို့တာလို့ တွက်ဆကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တယောက်က "ချေးငွေနဲ့ လုပ်နေရတဲ့သူတွေကို ပြန်မပေးနဲ့ဦး၊ ညှိနှိုင်းပြီး ရွှေ့ထားလိုက်လို့ ပြောတာပဲ၊ ဒါပေမယ့် ဟို (ကြွေးရှင်)ဘက်က ဘယ်လောက် စောင့်ပေးမလဲ၊ တလ လား၊ ၃လ လား၊ ဘာမှမသေချာဘူး၊ တော်တော်ရှုပ်ရှုပ်ထွေးထွေးပဲ၊ ဒါမျိုး မျှော်လင့်ထားတာမဟုတ်ဘူး"လို့ ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ထဲမှာ ပြည်တွင်းမှာနေထိုင်သူလို့ ရည်ညွှန်းဆိုထားတဲ့အတွက် နိုင်ငံခြားကြွေးမြီယူထားတဲ့ မြန်မာလုပ်ငန်းရှင်သာမက ပြည်တွင်းမှာအခြေစိုက်နေတဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီတွေလည်း အကျုံးဝင်နေတာပါ။

ရန်ကုန်မှာအခြေစိုက်တဲ့ စီးပွားရေးဆန်းစစ်လေ့လာသူ တယောက်က "ရှေ့မှာ ဘာဖြစ်လာမလဲ ဆိုတာကို နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မှန်းဆလို့ မရတော့တဲ့ အခြေအနေ" လို့ သုံးသပ် ပြောပါတယ်။

ဒေါ်လာတွေ မထွက်သွားအောင် ပိတ်ရင်း ပိတ်ရင်းက "ဒေါ်လာ ရှားပါး ပြတ်တောက် လာတာက ပိုပိုဆိုးလာတယ်" လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ ကိုယ့်ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံထားသူတွေအနေနဲ့ ပြည်ပ ကြွေးမြီ ချေးမယ် ဆိုရင် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ကို ရယူဖို့ ဆိုတဲ့ စည်းမျဉ်းချထားပါတယ်။ နိုင်ငံတွင်း ပုဂ္ဂလိကပိုင်းက နိုင်ငံခြား ချေးငွေ ဘယ်လောက် ချေးထားသလဲ ဆိုတာကို စောင့်ကြည့်ရင်း ထိန်းချုပ် နိုင်အောင် အတွက်ပါ။ ဒါပေမယ့် ချေးထားတဲ့ နိုင်ငံခြားကြွေးမြီကို မဆပ်နဲ့ဦး ဆိုတဲ့ ညွှန်ကြားချက်မျိုး ကိုတော့ အရင်က မကြားဖူးကြပါဘူး။

မြန်မာစီးပွားရေး ပညာရှင် တယောက်က "ကြည့်ရတာ ပြည်ပချေးငွေယူထားတဲ့ လုပ်ငန်းရှင် တချို့က ပြန်ဆပ်ချိန် ကျပြီဖြစ်တဲ့ အတွက် ပြန်ဆပ်ဖို့ ဒေါ်လာ (ဘဏ်မှာ) သွားလဲမယ်၊ ဟိုမှာက ထုတ်ပေးစရာ မရှိဘူး၊ အဲဒီတော့ မဆပ်နဲ့ဦး၊ ဆိုင်းထားလိုက်လို့ သိပ်မစဉ်းစားဘဲ ညွှန်ကြားချက် ကောက်ထုတ်ပေးလိုက်ပုံ ရတယ်" လို့ ဆိုပါတယ်။

စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး မမျှော်မှန်းတာတွေ ဖြစ်လာတာ၊ ရှေ့မှာ ဘာစည်းမျဉ်း ထွက်လာမလဲ ဆိုတာကို မှန်းလို့ မရနိုင်တော့တာက စီးပွားရေးလုပ်ငန်းလုပ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပျောက်ဆုံးလာစေတာမို့ စျေးကွက်စီးပွားရေးကို အသည်း အသန် ထိခိုက်စေတဲ့အရာတွေလို့ စီးပွားရေး ပညာရှင်တွေက ဆိုပါတယ်။

ပြဿနာရဲ့ မူရင်းအစနဲ့ ဆက်ဆက်မှားလာတဲ့ စီမံမှုတွေ

စီမံမှုဘောင်အတွင်း စျေးကွက်အတိုင်း စီးမျောခွင့်ပေးထားတဲ့ (managed float exchange rate) ကျပ်ငွေနှုန်းထားသတ်မှတ်မှုကို စစ်ကောင်စီက အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းမှာ ငွေလဲနှုန်းသေ (fixed rate) သတ်မှတ် လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး ဒေါ်လာစျေးကွက်က တရားဝင်စျေးနဲ့ အပြင်စျေး ဆိုပြီး စျေးနှုန်း ၂ မျိုး ဖြစ်လာပါတယ်။ စျေးကလည်း တဒေါ်လာကို ကျပ် ရာနဲ့ချီ ကွာပါတယ်။ ဒီနှစ် ဧပြီလ ထဲမှာတော့ နိုင်ငံခြားငွေနဲ့ ဝင်ငွေရှိသူတွေ နိုင်ငံခြားငွေ လက်ထဲရောက်လာတာနဲ့ (ရုံးပိတ်ရက်မှအပ) တရက် အတွင်း နိုင်ငံခြားငွေကို ကျပ်ငွေနဲ့ လဲရမယ်လို့ ဗဟိုဘဏ်က စည်းမျဉ်းချ လိုက်ပြန်ပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေဘက်ကသူတွေကို တစုံတရာ ကန့်သတ်မှု လျှော့ပေးခဲ့ပေမယ့် အနှစ်သဘောကတော့ ပြည်သူတွေ လက်ထဲမှာ နိုင်ငံခြားငွေ ထားထားလို့ မရတော့ပါဘူး။

နိုင်ငံထဲဝင်လာတဲ့ နိုင်ငံခြားငွေတွေမှန်သမျှ စစ်ကောင်စီ သတ်မှတ်ပေးထားတဲ့ ဘဏ်တွေထဲ ရောက်စေ ဆိုတဲ့ အစီအမံပါ။ ဒါပေမယ့် မှန်းတဲ့အတိုင်း ဖြစ်လာတာ မဟုတ်ပါဘူး။

နှုန်းသေ သတ်မှတ်လိုက်လို့ တရားဝင်စျေးနှုန်းနဲ့ အပြင်စျေးကွာနေတာ၊ လက်ထဲလည်း ဒေါ်လာ ထားလို့ မရတော့တဲ့အခြေအနေ ဆိုတော့ "အဲဒီကနေစပြီး ဒေါ်လာနဲ့ ဝင်ငွေရသူတွေက နိုင်ငံပြင်ပက ဘဏ်တွေမှာပဲ ဒေါ်လာကို ထားတော့တယ်လေ၊ သူတို့အတွက် အလိုလိုနေရင်း ငွေတန်ဖိုးက လျော့သွားမှာကို ဘယ်လိုချင်ကြပါ့မလဲ၊ အကျိုးဆက်က နိုင်ငံထဲမှာ ဒေါ်လာ အဝင်နည်းသွားတာပဲ" လို့ စီးပွားရေး ဆန်းစစ် သုံးသပ်သူက ဆိုပါတယ်။

စစ်ကောင်စီဘက်က နိုင်ငံတွင်း ငွေကြေးမဖောင်းပွအောင် နိုင်ငံခြားငွေတွေကို ထိန်းသိမ်း တယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိနိုင်ပေမယ့် လက်တွေ့မှာ တဒေါ်လာ ၁၆၅၀ ကျပ်လို့ မနှစ်က သတ်မှတ်ခဲ့တဲ့ စျေးက အခုဆိုရင် တဒေါ်လာ ၁၈၅၀ ဖြစ်လာပါပြီ။ ဒါက တရားဝင်စျေးပါ၊ အပြင်စျေးက အခုအချိန်မှာ တဒေါ်လာ ၂၂၀၀ ကျပ် တဝိုက်ဖြစ်လာနေပါတယ်။

ဒါ့အပြင် ဒေါ်လာ အသုံးကို ထိန်းဖို့ ရည်ရွယ်ချက်နဲ့ တင်သွင်းမှုကဏ္ဍကို စည်းမျဉ်း ပိုချလာပြီး တင်သွင်းခွင့်လိုင်စင် (Import License) ယူရေး သတ်မှတ်ချက်တွေကလည်း ကုန်သွယ်မှု အခြေအနေကို ပိုဆိုးလာစေနေပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေ နဲ့ကျပ်ငွေလဲနှုန်း နှုန်းသေသတ်မှတ်ပြီး နောက်ပိုင်း သွင်းကုန်လိုင်စင် လိုအပ်တဲ့ ကုန်ပစ္စည်း အမျိုးအစား ထုတ်ပြန်မှု ၄ ကြိမ် လုပ်ခဲ့ပါတယ်။ အဲဒီ ကုန်ပစ္စည်း အမျိုးအစား အားလုံးကို ပေါင်းလိုက်ရင် "မြန်မာပြည်မှာ အခွန်ဆောင်ပြီး ကုန်သွယ်နေကြတာ အားလုံးရဲ့ ၈၂% ရာခိုင်နှုန်းပဲ" လို့ စီးပွားရေး ဆန်းစစ် သုံးသပ်သူက ဆိုရင်း "တင်သွင်းခွင့်လိုင်စင် လုပ်ရလို့ ကုန်တဲ့အချိန်က ဒီထုတ်ပြန်ချက်တွေ မလုပ်ခင် အရင်အချိန်တုန်းက ရက်ပိုင်းလောက်သာကြာပေမယ့်၊ အခုက ၂ လ အနည်းဆုံးကြာတယ်၊ နောက်ပြီး တင်သွင်းသူတွေအနေနဲ့ တင်သွင်းကုန်ဝယ်ယူရာမှာ လိုအပ်တဲ့ ဒေါ်လာ ရှာရတာ ကလည်း ခက်လာနေတယ်" လို့ စီးပွားရေး ဆန်းစစ် သုံးသပ်သူက ပြောပါတယ်။

ကုန်သွယ်မှုကြန့်ကြာတာက မျိုးစုံသော ကဏ္ဍတွေဘက်ကို အမျိုးမျိုးရိုက်ခတ်တာပါ။ နိုင်ငံခြားက တင်သွင်းရတဲ့ ကုန်စည်မှန်သမျှကို စဉ်းစားကြည့်ပါ။ ဆေးရုံတွေမှာ အမြဲလို နေတဲ့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ပစ္စည်း ကိရိယာက အစ ယာဉ် ယန္တရား၊ စက်ပစ္စည်းတွေ အဆုံး ပါဝင်ပါတယ်။

ဒီလအတွင်း ဆူဇူကီးကားစက်ရုံ ထုတ်လုပ်မှု ရပ်ဆိုင်းသွားရတာက ဒီပြဿနာ အတိုင်းအတာကို ညွှန်းဆိုပြတဲ့ ဥပမာ တခုပါ။

ဒါပေမယ့် ဆေးဝါး၊ လောင်စာဆီ၊ စိုက်ပျိုးရေး မွေးမြူရေး ဆိုင်ရာ လိုအပ်ကုန်စည်၊ ချည်မျှင်နဲ့ သံမဏိ စတာတွေ တင်သွင်းသူတွေကိုတော့ အဆင်ပြေအောင် ဦးစားပေး လုပ်ပေးတာတွေ ရှိပါတယ်ဆိုတဲ့ သတင်းတော့ စီးပွားရေး အသိုင်းအဝိုင်းဆီက ခပ်တိုးတိုး ကြားရပါတယ်။

"နယ်စပ်ကုန်သွယ်ရေးကလွဲလို့ ကျန်တဲ့ ကုန်သွယ်ရေးတွေက သိပ်မရှိတော့တာ တွေ့ရတယ်" လို့ စီးပွားရေးပညာရှင်က ဆိုရင်း "အခုတော့ လောင်စာဆီစျေးနည်းနည်းလေး ပြန်ကျ လာတယ်၊ ဒါလည်း ဘယ်လောက်ခံမယ်တော့ မသိဘူး၊ ရှေ့မှာ ဘာဖြစ်လာမယ်ဆိုတာ မှန်းလို့ကို မရတော့တာ" လို့ ပြောပါတယ်။