အလင်္ကာပုလဲပန်း၊ နေဆိတ်၊ ရှုဆိတ်၊ လတ္တံ့

- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လိမ့်ဆိုတာ လေအံ့ကလာတယ်။ ဖြစ်လိမ့်မယ်နဲ့ ဖြစ်လေအံ့ အတူတူ။ စိမ့်ကစေအံ့ကလာတယ်။ သိစိမ့်မယ်နဲ့ သိစေအံ့ အတူတူ။ အလားတူပဲ ချိမ့်ကချေအံ့၊ ပိမ့်ကပေအံ့ကလာပါတယ်။
စေလိမ့်၊ ချေလိမ့်၊ ပေလိမ့် စောဒက
တချို့က စိမ့်ဟာ စေလိမ့်၊ ချိမ့်ဟာ ချေလိမ့်၊ ပိမ့်ဟာပေလိမ့်ကလာတယ်လို့ ယူဆကြတယ်။ အဓိပ္ပာယ်အရ အလွန်မကွာခြားလှပါဘူး။ ဒါပေမဲ့ စေလိမ့်ကနေ စိမ့်ဖြစ်ဖို့၊ ချေလိမ့်ကနေချိမ့်ဖြစ်ဖို့၊ ပေလိမ့်ကနေပိမ့်ဖြစ်ဖို့ ဆိုရင် "လ" အက္ခရာတခုလုံးကြေပျက်သွားမှ ဖြစ်နိုင်ပါမယ်။ "လ" အက္ခရာတခုလုံးလုံးကြေပျက်သွားဖို့ ဆိုတာ ဖြစ်နိုင်ဖို့ ခက်ခဲပါတယ်။ အဲသလို "လ" အက္ခရာကြေပျက်သွားလေ့ရှိတဲ့ အထောက်အထား သာဓကလည်း ရှားပါးပါတယ်။ ဒါ့အပြင် နောက်ထပ်တွေးစရာ တချက်က စိမ့်က စေလိမ့်၊ ချိမ့်က ချေလိမ့်၊ ပိမ့်က ပေလိမ့်ကနေ လာတယ်ဆိုရင် လိမ့်ရဲ့ ရင်းမြစ်ကရော ဘာလဲလို့ မေးစရာရှိလာပြန်ပါတယ်။ လိမ့်ကို သူ့ဘာသာတလုံးတည်းသာ အနက်ရှာရင် "လူးလိမ့်တယ်" "ဘီးလိမ့်တယ်" "လိပ်တယ်" "လိမ်းတယ်" ဆိုတဲ့ အနက်သာ ထွက်နိုင်ပါတယ်။ နောင်တချိန်တခါမှာ ဖြစ်အံ့သောအရာကို ညွှန်းဆိုတဲ့ ကြိယာပစ္စည်းရဲ့ အဓိပ္ပာယ်မျိုး ဘယ်လိုမှ မထွက်နိုင်ပါဘူး။ အဲသလို အနက်ထွက်တဲ့ "လိမ့်" ဟာ "လေအံ့" ကနေ လာတာ တခုပဲဖြစ်နိုင်ပါတယ်။ တခြားဖြစ်စရာ မရှိပါဘူး။ "လ" အက္ခရာ ကြေပျက်ဖို့ ခက်ပေမဲ့ "အ" သရကြေပျက်ဖို့ မခက်ပါဘူး။ သရတွေ ကြေပျက်တတ်တဲ့ အထောက်အထား အများအပြားရှိပါတယ်။လိမ့်ဟာ လေအံ့ ကနေလာတယ်ဆိုတာကို လက်ခံရင် စိမ့်ဟာ စေအံ့၊ ချိမ့်ဟာ ချေအံ့၊ ပိမ့်ဟာ ပေအံ့ကနေ လာတယ်ဆိုတာလည်း လွဲနိုင်စရာမရှိသလောက်ပါပဲ။
ခရီးဆောင်မြန်မာအဘိဓာန်မှာလည်း စိမ့်ဟာစေအံ့၊ ချိမ့်ဟာချေအံ့၊ ပိမ့်ဟာပေအံ့ကလာတယ်လို့ ဖော်ပြထားပြီးသားပါ။ မြန်မာအဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေကလည်း ဆရာကြီးဦးထွန်းတင့်တို့ ပြုစုတာပဲ မဟုတ်လားလို့ စောဒကတက်လိုသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာအဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေကို မြန်မာစာအဖွဲ့က ပြုစုပါတယ်။ မြန်မာစာအဖွဲ့မှာ ဆရာကြီးဦးထွန်းတင့်အပြင် ဆရာကြီးမောင်ခင်မင် ဓနုဖြူတို့လို တခြားထင်ရှားကျော်ကြားတဲ့ မြန်မာစာပညာရှင်တွေလည်း ပါဝင်ကြပါတယ်။ အားလုံးညှိနှိုင်း အတည်ပြုကြတာပါ။ အဲဒီကျမ်းတွေထဲမှာ ပါသမျှဟာ လက်ရှိအသက်ထင်ရှားမြန်မာစာပညာရှင်တွေရဲ့ ကြံဆချက်တွေချည်းလည်း မဟုတ်ပါဘူး။ ရှေးအဆက်ဆက်ပညာရှင်များရဲ့ ကြံဆချက်တွေ ကျောက်စာ၊ ပေစာသက်သေအထောက်အထားတွေကို ညှိနှိုင်းစိစစ်ပြီး အတည်ပြုထားတဲ့ ဝေါဟာရတွေက ပိုများပါတယ်။ စိမ့်ဟာစေအံ့၊ ချိမ့်ဟာချေအံ့၊ ပိမ့်ဟာပေအံ့ကလာတယ်ဆိုတာဟာ ရှေးပညာရှင် အဆက်ဆက်ထံကနေ ဆင်းသက်လာတဲ့ အဲသလို စကားလုံးတွေဖြစ်ပါတယ်။
ရှေးပညာရှိများရဲ့အယူအဆ
လက်လှမ်းမီသလောက်ကို ပြောရရင် ဆရာတော်ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာ လိမ့်ကလေအံ့၊ စိမ့်ကစေအံ့၊ ချိမ့်ကချေအံ့၊ ပိမ့်ကပေအံ့က လာတယ်လို့ သက်ဆိုင်ရာနေရာအသီးသီးမှာ ဖွင့်ဆိုထားပါတယ်။
ဒုတိယကျော်အောင်စံထားဆရာတော်ကြီးရဲ့ ဝေါဟာရတ္ထပကာသနီကျမ်း နဝမပိုင်းမှာလည်း လိမ့်ဟာ ပြုလေအံ့ကလာတယ်၊ စိမ့်ကပြုစေအံ့ကလာတယ်၊ ခြိမ့်ဟာပြုခြေအံ့ကလာတယ်လို့ ဆိုထားပါတယ်။ ဆရာတော်က ယပင့်ချိမ့်ထက် ရရစ်ခြိမ့်ကိုပိုပြီး အားသန်တာတခုပဲကွဲပြားပါတယ်။
ဆရာကြီးဦးဖေမောင်တင်ရဲ့ မြန်မာဝါကျဖွဲ့ထုံးကျမ်းမှာလည်း လိမ့်ကလေအံ့၊ စိမ့်ကစေအံ့၊ ချိမ့်ကချေအံ့၊ ပိမ့်ကပေအံ့ကလာတယ်လို့ပဲ ဆိုပါတယ်။
ဆိုလိုတာက ရှေးပညာရှင်များ လက်ခံထားပြီးသားအချက် ဖြစ်ပါတယ်။ ရှေးပညာရှင်များဆိုတိုင်းမှန်ရမယ်လို့ မုချမပြောပါ။ ဒါပေမဲ့ရှေးပညာရှင်များရဲ့ အဆိုကို ပယ်လှန်ချင်ရင် ပိုကောင်းတဲ့အဆိုကို တင်နိုင်ဖို့လိုပါတယ်။ ပိုပြီးအားကောင်းတဲ့ ကျောက်စာ၊ပေစာ အထောက်အထားဖြစ်စေ ၊ ပိုပြီးခိုင်မာတဲ့ ယုတ္တိကိုဖြစ်စေ တင်ပြနိုင်ဖို့လိုပါလိမ့်မယ်။ အဲသလို တင်ပြချက်မျိုးမရှိပါဘူး။

နေစိမ့်၊ ရှုစိမ့်
မင်းကတော့ နေစိမ့်လိုက်တာလို့ ပြောဆိုတတ်ကြပါတယ်။ မနာလိုမရှုစိမ့်ဖြစ်နေတာလားလို့လည်း မေးတတ်ကြပါတယ်။ စိမ့်လို့ပဲ အသံထွက်ကြပါတယ်။ ဒီတော့ အဲဒီစိမ့်ဟာ စေအံ့ပဲလားလို့ မေးကြပါတယ်။ စိမ့်လို့ အသံထွက်ရိုးမှန်ပါတယ်။ ဒါပေမဲ့ သတ်ပုံအမှန်၊ ရင်းမြစ်အမှန်က နေဆိတ်၊ ရှုဆိတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် စေအံ့ကလာတဲ့ စိမ့်နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးလို့ ဆိုရမှာပါ။
အဲဒီဆိတ်က ဘယ်ကလာသလဲဆိုတော့ တိတ်ဆိတ် ဆိုတဲ့ဆိတ်နဲ့ အတူတူပါပဲလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ မင်းကတော့ နေဆိတ်လိုက်တာကွာလို့ပြောတာဟာ မင်းကတော့ ဘာမှမပြောဘဲ တိတ်တိတ်နေနိုင်လိုက်တာလို့ ပြောတာပါ။ မင်းမို့ငြိမ်နေနိုင်တယ်။ မင်းမို့လက်ပိုက်ကြည့်နေနိုင်တယ်။ မင်းမို့ ကိုယ်နဲ့မဆိုင်သလို နေနိုင်တယ်လို့ပြောတာပါ။ ရှုဆိတ်ကလည်း အလားတူအဓိပ္ပာယ်မျိုးပါပဲ။ ရှုဆိတ်တယ်ဆိုတာ ကြည့်နေနိုင်တယ်။ တိတ်တိတ်ဆိတ်ဆိတ်ဘာမှ မပြောဘဲ ကြည့်နေရက်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ မရှုဆိတ်ဘူးဆိုတာကလည်း ကြည့်လို့ကိုမရဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ မနာလို မရှုဆိတ်ဘူးဆိုတာဟာ မကြားလိုဘူး၊ မမြင်လိုဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ မနာလိုရဲ့ နာဟာ ကြားနာရဲ့ နာနဲ့ အဓိပ္ပာယ်အတူတူပါ။ မနာလိုဘူးဆိုတာ မကြားလိုဘူး။ အသံတောင်မကြားချင်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ မရှုဆိတ်ဘူးဆိုတာကလည်း တိတ်တိတ်ဆိတ်ဆိတ်ကြည့်မနေနိုင်လောက်အောင်ကို ဖြစ်နေတယ်လို့ဆိုလိုပါတယ်။
စံ့
စံ့နဲ့ စိမ့်နဲ့ အတူတူပဲလားလို့ မေးခွန်းထုတ်တဲ့သူတွေရှိပါတယ်။ မြန်မာစကားမှာ "စံ့" အသုံးရှိပါတယ်။ ဒါပေမဲ့ "စိမ့်" နဲ့ မတူပါဘူး။ ဒါ့အပြင် "စံ့" အသုံးဟာ ထွေပြားတဲ့ အသုံးမျိုးဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ "ဟဲ့နော်လုဒ္ဒက ၊ ဆင်စွယ်ကိုမရလျှင်၊ ဇီဝနတ္ထိ၊ နင်သေမည်သိစံ့" ဆိုတဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းပြဇာတ်ထဲက အရေးအသားကို တော်တော်များများကြားဖူးကြမှာပါ။ အဲဒီ "စံ့" ဟာ "စ" နဲ့ အဓိပ္ပာယ် အတူတူပါပဲ။ "နင်သေမည်သိစံ့" ဆိုတာ "နင်သေမည်သိစ" လို့ပြောတာပါ။ "နင်သေမည်ကိုသိပါစ" လို့မေးတာပါ။ သျှင်အဂ္ဂသမာဓိ ရေးသားတဲ့ နေမိငရဲခန်းပျို့မှာတော့ "ခရီးညွန်ပျောင်း၊ စေးရွှံ့ချောင်းကို၊ အကြောင်းဟုတ်စံ့၊ မဟုတ်စံ့ဟု၊ ငံ့တံ့မဲ့ပဲ၊ စုတ်စုတ်ရဲမျှ" လို့ရေးသားထားပါတယ်။ အဲဒီ "အကြောင်း ဟုတ်စံ့၊ မဟုတ်စံ့" ကလည်း "အကြောင်းဟုတ်စ၊ မဟုတ်စ" လို့ ဆိုချင်တာပါ။ နေမိဘုံခန်းပျို့မှာတော့ "မျိုးမြတ်တွင်ကား၊ သည်လျင်တစံ့၊ ထွားညံ့ညံ့ကို၊ နုဖွံ့ပျိုခိုက်၊ မင်းကိုယ်ဆိုက်၍" လို့ရေးသားထားပါတယ်။ ဒီနေရာမှာ "သည်လျင်တစံ့" ဆိုတာကတော့ "တစံ့" ဆိုတာဟာ "တစွန်းတစ၊ တစိုးတစေ့" ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။
လိမ့်နဲ့ လတ္တံ့

လိမ့်နဲ့ လတ္တံ့ အဓိပ္ပာယ်တူသလားလို့ မေးသူလည်း ရှိပါတယ်။ မိုးရွာလိမ့်မယ် နဲ့ မိုးရွာလတ္တံ့ ဆိုတဲ့စကားနှစ်ခွန်းဟာ အတူတူပဲလို့ ခံစားကြရပါသလား။ စကားလုံးတွေ၊ ဝါကျတွေကို ကြားရမြင်ရတဲ့ အခါမှာ ဘယ်လိုခံစားရတယ်ဆိုတာ အရေးကြီးပါတယ်။ ဝေါဟာရ ရှုထောင့်ကကြည့်ရင် လိမ့်ဟာ လေအံ့က လာပါတယ်။ မိုးရွာလိမ့်မယ်ဆိုတာ မိုးရွာလေအံ့မည် လို့ပြောတာပါပဲ။ လတ္တံ့ကရော ဘယ်ကလာပါသလဲ။ လတ္တံ့ဟာ လတ်နဲ့အံ့ကိုပေါင်းထားတာပါ။ ဒီတော့ မိုးရွာလတ္တံ့ဟာ မိုးရွာလတ်အံ့လို့ပြောတာပါပဲ။ မိုးရွာလိမ့်က မိုးရွာလေအံ့လို့ပြောတာ၊ မိုးရွာလတ္တံ့က မိုးရွာလတ်အံ့လို့ပြောတာ။ လ ရယ် လေ ရယ် လတ် ရယ်ကလည်း အဓိပ္ပာယ် မကွာခြားတော့ မိုးရွာလိမ့်မယ်နဲ့ မိုးရွာလတ္တံ့ဟာ ထပ်တူနီးပါး တူတယ်လို့ပြောရပါလိမ့်မယ်။ ဝေါဟာရ ရင်းမြစ်ကိုကြည့်ရင် အဲသလို အဓိပ္ပာယ်ထွက်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းအပေါ်သက်ရောက်တဲ့ ခံစားချက်ကိုပြောရရင်တော့ မိုးရွာလိမ့်မယ်ဆိုတာက သာမန်ခန့်မှန်းချက်သာဖြစ်ပြီး မိုးရွာလတ္တံ့က မုချဟောကိန်းထုတ်တဲ့ သဘောမျိုး ခံစားရပါတယ်။ ပိုလေးနက်တယ်လို့ ယူဆပါတယ်။
လ၊ လေ၊ လတ်
"လ" ရယ်၊ "လေ" ရယ်၊ "လတ်" ရယ်က အတူတူနီးပါးမျှပါပဲ။ တခါတလေမှာ အလဲအလှယ်ပြုပြီး သုံးတတ်ပါတယ်။ ဆရာတော်သျှင်မဟာသီလဝံသဟာ "လ"နဲ့ "လေ" သို့မဟုတ် "လတ်" ကို အလဲအလှယ်ပြုပြီး အလွန်သုံးစွဲတတ်တယ်လို့ ကျော်စောပါတယ်။ ပါရမီတော်ခန်းပျို့မှာ "ချဲ့သုတ်သင်သည် ကျင့်ချင်ရေသို့ လငတ်တည်း" လို့ရေးသားထားပါတယ်။ "ဤသို့ဆိုသည် ကိုယ်ကိုလှေသို့ လထေးတည်း" လို့လည်းရေးထားပါတယ်။ "အငြိမ်းဆောင်သည် အခေါင်မြုတေ လထိတည်း" လို့လည်း ရေးပါတယ်။ လငတ်တည်းဟာ ငတ်လတည်းလို့ ဆိုချင်တာပါ။ ငတ်လေတည်း သို့မဟုတ် ငတ်လတ်တည်းလို့လည်း အဓိပ္ပာယ်ရပါတယ်။ လထေးတည်းဆိုတာလည်း ထေးလတည်း၊ ထေးလေတည်း၊ ထေးလတ်တည်း အဓိပ္ပာယ်ရသလို အခေါင်မြုတေ လထိတည်းကလည်း ထိလတည်း၊ ထိလေတည်း၊ ထိလတ်တည်းလို့ အဓိပ္ပာယ်ရပါတယ်။
ဒီအသုံးမျိုးကို ရွဲ့ပြီးရေးတဲ့ သျှင်ဥတ္တမကျော်ရဲ့ တောလားက ပိုလို့တောင် နာမည်ကြီးပါသေးတယ်။ ဆရာတော်ရေးသားထားတဲ့ အပိုဒ်ကိုးပိုဒ်ရဲ့ အချတွေကဒီလိုပါ။ "သီးမျိုးညှာခိုင် လပြွတ်တည်း။" "ဘီလူးသွားကို လဖြဲတည်း။" "တောကြက်တောင်ပံ လဖြုန်းတည်း။" "မုဆိုးချုံက လချောင်းတည်း။" "မိုးမှာရွှေကြယ် လဥတည်း။" "ရွှေဖောင်မြစ်ညာ လဆန်တည်း။" "တရားဓားသို့ လထစ်တည်း။" "ပြုစုပျိုးထောင် လမွေးတည်း။" "မြဲစွာဖြစ်လိမ့် လမှန်တည်း။" တောလားကဗျာကြီးကို ဆရာတော်က အင်မတန်ခံ့ညားထည်ဝါစွာ တခမ်းတနားရေးဖွဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်တွေဟာ တမင်ရွဲ့ပြီး အဓိပ္ပာယ်နှစ်ခွနဲ့ ဖွဲ့ထားတယ်ဆိုတာ ထင်ရှားပါတယ်။ သီးမျိုးညှာခိုင် ပြွတ်လေတည်း၊ ဘီလူးသွားကိုဖြဲလေတည်း၊ တောကြက်တောင်ပံဖြုန်းလေတည်း၊ မုဆိုးချုံကချောင်းလေတည်း၊ မိုးမှာရွှေကြယ်ဥလေတည်း၊ ရွှေဖောင်မြစ်ညာ ဆန်လေတည်း၊ တရားဓားသို့ထစ်လေတည်း၊ ပြုစုပျိုးထောင် မွေးလေတည်း၊ မြဲစွာဖြစ်လိမ့် မှန်လေတည်းဆိုတဲ့ အဓိပ္ပာယ်တွေ ဖြစ်ပါတယ်။
အမေးဝိဘတ် လိမ့်
"သူကဘယ်သူ့သမီးလေးပါလိမ့်။" "မှန်းစမ်း။ ဒါလေးကဘာပါလိမ့်။" အဲဒီလိမ့်ဟာ စောစောကပြောခဲ့တဲ့ လေအံ့နဲ့ အတူတူပဲလား။ အနာဂတ်ကိုညွှန်းတဲ့သဘောဆောင်ရဲ့လားလို့ မေးသူရှိပါတယ်။ အဲဒီလိမ့်ကလည်း လေအံ့ပါပဲ။ အတူတူပါပဲ။ အနာဂတ်ကိုညွှန်းတဲ့သဘော မထင်ရှားသလိုရှိပါတယ်။ တကယ်တော့ အနာဂတ်ကို ညွှန်းတဲ့ အရိပ်အမြွက်ပါကိုပါပါတယ်။ "သူကဘယ်သူ့သမီးလေးပါလိမ့်" ဆိုတာဟာ "သူက မည်သူ့သမီးလေး ဖြစ်လေအံ့မည်နည်း" ဆိုတဲ့ အဓိပ္ပာယ်ပါ။ မှန်းဆတဲ့သဘောဟာ အနာဂတ်ရဲ့ အရိပ်အမြွက်ဖြစ်ပါတယ်။ "ဒါလေးက ဘာပါလိမ့်" ဆိုတာဟာလည်း "ဒါလေးက ဘာဖြစ်လေအံ့မည်နည်း" ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ စောစောကသဘောနဲ့ အတူတူပါ။
မြန်မာစာ၊ မြန်မာသဒ္ဒါကိုလေ့လာရာမှာ ကြိယာပစ္စည်း၊ နာမ်ပစ္စည်းတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ အခု လိမ့်၊ စိမ့်၊ ချိမ့်၊ ပိမ့်လောက်ကိုတောင် ပြောစရာ လေ့လာစရာတွေ ဒီလောက်များပါတယ်။ ရာဂဏန်းလောက်ရှိတဲ့ ကြိယာပစ္စည်း၊ နာမ်ပစ္စည်းတွေကို လေ့လာရင် မကုန်မခန်းနိုင်လောက်အောင် ရှိပါလိမ့်မယ်။ မကုန်မခန်းနိုင်လောက်အောင်လည်း ရှိပါလိမ့်မယ်။








